ရခိုင်မှာ ဒီကနေ့မနက်ပိုင်းက ပုဏ္ဍားကျွန်း ၊မြောက်ဦး နဲ့ ကျောက်တော်မှာ လေကြောင်းတိုက်ခိုက်ခံရ

ဧပြီ ၁၉ ၊ ၂၀၂၆
GG (VOM)
ရခိုင်ပြည်နယ်မှာ ဒီနေ့မနက်ပိုင်းက မြောက်ဦး အပါအဝင် မြို့နယ်သုံးခုကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိ ရပါတယ်။
မနက် ၁၀ နာရီကျော်လောက်မှာ မြောက်ဦးမြို့နယ်၊ကျောက်တော် ၊ပုဏ္ဍားကျွန်းမြို့နယ်ထဲက နေရာတချို့ကို လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း နဲ နေအိမ်တချို့မီးလောင်ပျက်စီးခဲ့ရပြီး အမျိုးသားတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။
လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အမျိုးသားကတော့ မြောက်ဦးမြို့နယ် ၊ကျောက်ဆည်ပြင်ရွာက ဖြစ်တယ်လို့ သိရပါတယ်။
” မြောက်ဦး ကျောက်ဆည်ပြင်ရွာမှာက ဘုန်းကြီးကျောင်းတခုလုံးပါသွားတယ်။ ပုဏ္ဍားကျွန်းမှာကတော့ ဓာတ်အားပေးစက်ရုံထိတယ်။ဓာတ်အားပေးစက်ရုံကတော့ နဂိုထဲကပျက်စီးနေတာပါ။ အဲဒါကိုထပ်လာပစ်တာ ။လာပစ်တော့ အနီးနားကအိမ်တွေလည်းပျက်စီးတယ်။ နတလကျောင်းကိုလည်းပစ်ခတ်တာရှိတယ်။ အဲဒီဘက်ကတော့အပျက်အစီးကို သေချာမသိရသေးဘူး ။အခုတော့ လေယာဥ်ဝဲတာ မရှိဘူး ။ ” လို့ စစ်ရှောင်အရေးကူညီနေသူ ဒေသခံကပြောပါတယ်။
ကျောက်တော်မြို့နယ်မှာတော့ ဒေါင်းဒေါင်ယိုး ကျေးရွာဘက်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်းသိရပြီး ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရှိရသေးပါဘူး။
မြောက်ဦးမြို့နယ်နဲ့ ပုဏ္ဍားကျွန်းမြို့နယ်နဲ့ ကျောက်တော်မြို့ဟာ လက်ရှိမှာ AA ကထိန်းချုပ်ထားတဲ့မြို့နယ်တွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၂ ယောက်သေဆုံးကာ ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။
ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညပိုင်းကလည်း ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နဲ့ မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူခုနှစ်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့ ၊ ည ၇ နာရီခွဲလောက်ကလည်း ကျောက်တော်မြို့နယ် ၊ချောင်းတူရွာ အနီးမှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၂၁ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၃၀ လောက် ရှိခဲ့တယ်လို့ သိရပါတယ် ။
၂၀၂၅ ခုနှစ် ၊ဒီဇင်ဘာ ၂၉ ရက်နေ့ ၊ ည၈ နာရီလောက်ကလည်း ရခိုင်ပြည်နယ် ထဲက AA ထိန်းချုပ်ဒေသ ဖြစ်တဲ့ သံတွဲမြို့နယ် ၊ငပလီမြို့ ၊ လင်းသာရပ်ကွက်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီး ခုနှစ်ယောက် သေဆုံးကာ ထိခိုက် ဒဏ်ရာရရှိသူ ၁၅ ယောက်လောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် ၊ ငလုံးစုရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ရှစ်ယောက်သေဆုံးကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။
ဒီဇင်ဘာ ၁၀ ရက်နေ့ ကလည်း ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ် မှာ လေကြောင်း တိုက်ခိုက် ခံရပြီး လူ ၃၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၇၆ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW