မုံရွာ-ဂန့်ဂေါ ကားလမ်းမှာ ဒလန်လို့ နာမည်ထွက်နေတဲ့ လူ(၂)ဦး အသတ်ခံရ

သြဂုတ် ၊ ၁၁ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မုံရွာ-ဂန့်ဂေါကားလမ်း ၅၇ မိုင်မှာနေတဲ့ လူ ၂ ဦးဟာ မနေ့ သြဂုတ် ၁၀ ညပိုင်းက အသတ်ခံရတယ်လို့ ဝမ်းဘဲချိုင့်ကျေးရွာဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
” ၇ မိုင်စခန်းက ကိုပေသီနဲ့ ကိုနိုင်စိုးတို့ ၂ ယောက်ကို သတင်းပေး ဒလန်ဆိုပြီး ညက ၁၀ နာရီလောက်မှာ အသတ်ခံလိုက်ရတယ် ၊ ဘယ်သူတွေ သတ်တယ်ဆိုတာတော့မသိဘူး ” လို့ ဝမ်းဘဲချိုင့်ရွာနေ ဒေသခံတစ်ယောက်ကပြောပါတယ် ။
 
ပုလဲမြို့နယ် အနောက်ဘက်ခြမ်းကျေးရွာက လူတွေဟာ ပုံတောင်ရိုးမဘက်ကို တောင်ယာလုပ် ၊ ထင်းခုတ် ၊ မီးသွေးဖုတ် စတာတွေ သွားလုပ်တဲ့အခါ စခန်းချ နေထိုင်တဲ့ နေရာတွေကို ၅ မိုင်စခန်း ၊ ၆ မိုင်စခန်း နဲ့ ၇ မိုင်စခန်းလို့ ခေါ်ဆိုကြတာဖြစ်ပါတယ် ။
 
မနေ့ညက လူသတ်မှု ဖြစ်ပွားခဲ့တဲ့ ၇ မိုင်စခန်းဟာ မုံရွာ-ဂန့်ဂေါ ကားလမ်း မိုင်တိုင်အမှတ် ၅၇ နေရာမှာ ရှိပြီး သစ်တောဖမ်းဆီးရေးအဖွဲ့ အခြေပြုနေထိုင်ရာဂိတ်ချထားတဲ့နေရာလည်း ဖြစ်ပါတယ်။
 
” သတင်းပေး ဒလန်လို့ အမည်ထွက်နေတဲ့ သတ်ခံရတဲ့ ၂ ယောက်ဟာ သစ်တောအဖွဲ့တွေနဲ့ ရင်းနှီးတာတော့ရှိတယ် ၊ ပြီးခဲ့တဲ့ ရက်ပိုင်းက ၅၂ မိုင်မှာ ကားပေါ်က ဆွဲချ ဖမ်းခဲ့တဲ့ ထောင်ဝန်ထမ်းကိစ္စ သတင်းပေါက်တာ သူတို့ကြောင့်လို့ ထင်ထားဟန် တူတယ်၊ အဲ့ဒါကြောင့် သတ်ခံရတာ ဖြစ်နိုင်တယ် ” လို့ ၇ မိုင်စခန်းမှာနေတဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ် ။
 
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ သတင်းအတည်ပြုချက် ရရှိဖို့ ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ ပုလဲ မြို့နယ်ရဲတပ်ဖွဲ့ရုံကို VOM က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ၅ ရက်နေ့က အခု လူသတ်မှုဖြစ်ပွားတယ်ဆိုတဲ့ နေရာနဲ့ ၅ မိုင်အကွာ ၅၂ မိုင် ဝန်းကျင်ရှိတဲ့ မန္တလေး-ဂန့်ဂေါ-ကလေးသွားတဲ့ ခရီးသည်တင်ကား ၁ စီးပေါ်မှာ လိုက်ပါလာတဲ့ အကျဥ်းဦးစီးဌာနက တပ်ကြီးရာထူးအဆင့်််ရှိတဲ့ ခရီးသည်တစ်ယောက်ကို ကာပေါ်ကနေ ဆွဲချ ဖမ်းဆီးထားလိုက်တဲ့ ဖြစ်စဥ်လည်း ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ပုလဲ

Related posts

Leave a Comment

VOM News

FREE
VIEW