ဟုမ္မလင်းမြို့နယ်မှာ ရွှေမျှောလုပ်ငန်းရှင် ၁ ဦး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး

သြဂုတ် ၊ ၁၄ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ၊နောင်ဖာမူကျေးရွာအုပ်စု ၊တောင်ခြေရင်းကျေးရွာက ရွှေမျှောလုပ်ငန်း ပိုင်ရှင် ၁ ဦး ဟာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်က သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားတယ်လို့ ရွှေလုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” မနေ့ သြဂုတ် ၁၃ ရက် ညပိုင်းက mask တပ်ထားတဲ့ အမည်မသိ လူ ၂ ယောက် ဆိုင်ကယ်နဲ့ အိမ်ကိုရောက်လာပြီး ဖမ်းခေါ်သွားတယ် ၊ တစ်ညလုံး ပြန်မလာလို့ ဒီမနက် လိုက်ရှာတဲ့အခါ ရွာမြောက်ဘက် မိုင်ဝက်လောက်က တောစပ်နေရာမှာ ယာဘက်နားထင် ကျည်ဆံဖောက်ဝင်ပြီး ဘယ်ဘက်နားထင်ကနေ ကျည်ဆံဖောက်ထွက် ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရတယ် ၊ သေဆုံးသူ နာမည်က ကိုညွှန့်မောင် အသက် ၃၈ နှစ်ဖြစ်တယ် ” လို့ သေဆုံးသူနဲ့ ဆွေမျိုးတော်စပ်သူ တစ်​ယောက်က ပြောပါတယ် ။
 
နောင်ဖာမူကျေးရွာ အုပ်စုနေ ရွှေလုပ်ငန်းရှင် တစ်ယောက်က ” ကိုညွှန့်မောင် ဘာကြောင့်သေဆုံးရတာလဲ ဆိုရင် ၊ နိုင်ငံရေး ပြဿနာနဲ့တော့ မဆိုင်ဘူး ၊ သူက စီးပွားရေးသမားလေ ၊ ဒီမှာက ရွှေမျှောလုပ်တယ်ဆိုရင်တော့အခွန် ဆက်ကြေးပေးရတာ ရှိတယ် ၊ တောအခွန် ကိစ္စကြောင့်ဖြစ်နိုင်သလို ၊ ရွှေလုပ်ကွက်မြေနေရာနဲ့ ပတ်သက်ပြီး ပြဿနာရှိထားတော့ အဲ့ဒီအတွက်လည်း ဖြစ်နိုင်တယ် ” လို့ ပြောပါတယ်။
 
ရွှေလုပ်ငန်းပိုင်ရှင် စီးပွားရေးသမား တစ်ယောက် အခုလို သေနတ်နဲ့ ပစ်သတ်ခံရတာ ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိရပေမယ့် သေဆုံးသူရဲ့လုပ်ငန်းတူ မိတ်ဆွေတွေကတော့ လုပ်ကွက်မြေနေရာကိစ္စနဲ့ တောအခွန် ဆက်ကြေး ပြဿနာတွေကြောင့် အခုလို သတ်ခံရတာဖြစ်နိုင်တယ်လို့ ထင်ကြေးပေး ပြောဆိုနေကြပါတယ်။
 
ရွှေလုပ်ငန်းပိုင်ရှင် ကိုညွှန့်မောင် သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး မိုင်းကိုင်းနယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးသွားမယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ဟုမ္မလင်း

Related posts

Leave a Comment

VOM News

FREE
VIEW