ကလေးမြို့က CDM ကျောင်းဆရာမ ၂ ဦး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ခံရ

သြဂုတ် ၊ ၂၃ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့က CDM ကျောင်းဆရာမ ၂ ဦးကို ဖမ်းဆီးပြီးနောက်ပိုင်း အကြမ်းဖက်ဆိုင်ရာ တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူခံထားရတယ်လို့ ကလေးမြို့ ပညာရေးဌာနအသိုင်းအဝိုင်းရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ကြို့သုံးပင်ရပ်ကွက်က မူလတန်းကျောင်းအုပ် ဆရာမ ပုမ်ခန့်ကျိန်နဲ့ ဆင်ရွာကျေးရွာက မူလတန်းပြ ဆရာမ မန်ဆန်းကိမ်တို့ ၂ ယောက်အပေါ် အမှုဖွင့်လိုက်တာ ” လို့ ကလေးမြို့ခံ ကျောင်းဆရာတစ်ယောက်က ပြောပါတယ်။
 
အမှုဖွင့်ခံလိုက်ရတဲ့ ကျောင်းဆရာမ ၂ ဦးဟာ ဩဂုတ်လ ၁၄ ရက်ည ၉ နာရီက ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်ထဲက နေအိမ်တလုံးမှာ တိမ်ရှောင်နေစဥ် ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
 
အဲ့ဒီ ကျောင်းဆရာမ ၂ ယောက်ကို ကလေးမြို့မရဲစခန်းက (ပ) ၁၄၃ / ၂၀၂၁ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ / ၅၂ အရ အမှုဖွင့်အရေးယူထားတာဖြစ်တယ်လို့ ကလေးမြို့ ပညာရေးနယ်ပယ်ထဲက သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” အခု အမှုဖွင့်ခံရတဲ့ ဆရာမ ၂ ယောက်နဲ့အတူ ဖမ်းခံရတာ နောက် ဆရာ ၂ ​ယောက်ရှိတယ် ၊ ကလေး တက္ကသိုလ် သင်္ချာဌာနက ကထိက ဆရာ ငြိမ်းချမ်းနဲ့ ဆည်တော်ဦးကျေးရွာက အထက်တန်းပြဆရာမ သန်းသန်းစိုးတို့ ၂ ယောက်လည်း ပါတယ် ၊ အဲ့ဒီ ၂ ယောက်ကိုတော့ အမှုသံ မကြားရသေး ” လို့ ဖမ်းဆီးခံ ဆရာမတွေနဲ့ နီးစပ်သူတစ်​ယောက်က ပြောပါတယ် ။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်ကျေးရွာမှာ ပုဂ္ဂလိအထက်ကျောင်းက ပြင်ပ ကျောင်းဆရာနဲ့ ၁ ဦးနဲ့ ကျူရှင်ဆရာ ၁ ဦးတို့လည်း ဖမ်းဆီးခံခဲ့ရတာ ရှိခဲ့ပါသေးတယ်။
 
အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရေးဖြစ်စဥ်တွေမှာ ပါဝင်ပတ်သက်ပြီး ဖမ်းဆီးခံရတာ အမှုဖွင့်အရေးယူခံရတာတွေနဲ့ ပတ်သက်လို့ ကာယကံရှင်တွေက ကိုယ်တိုင်ဖြစ်စေ ၊ အုပ်ထိန်းသူကဖြစ်စေ တရားစွဲအဖွဲ့တွေထံ အမှုရုတ်သိမ်း သက်သာခွင့်တင်ပြကြဖို့ သတင်းထုတ်ပြန်ကြေညာတာတွေလည်း တွေ့နေရပါတယ်။
 
#voiceofmyanmar #VOM #ကလေး

Related posts

Leave a Comment

VOM News

FREE
VIEW