ရွှေဘိုမြို့က နာမည်ကြီး အနှိပ်ခန်းကို ပူးပေါင်းအဖွဲ့က ဝင်ဖမ်း

သြဂုတ် ၊ ၂၃ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၁၀ ရပ်ကွက် ၊ ဂေါက်ကွင်း မြတောင် ၁၅ လမ်းမှာရှိတဲ့ အနှိပ်ခန်းတခုကို မနေ့ သြဂုတ် ၂၂ ညပိုင်းက နယ်မြေခံရဲနဲ့ စစ်သားတွေက ဝင်ရောက်ဖမ်းဆီးတဲ့အတွက် ဆိုင်ဝန်ထမ်း၂ ဒါဇင်နီးပါး အဖမ်းခံလိုက်ရတယ်လို့ ရွှေဘိုမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” မနက်အစောကြီး စစ်သားနဲ့ ရဲတွေ ရပ်ကွက်ထဲဝင်လာတော့ အရမ်းစိုးရိမ်မိတယ် ၊ မိုးလင်းတော့ သိရတာက ၃ ထပ် အနှိပ်ခန်း ဝင်ဖမ်းလို့ ဆိုင်ဝန်ထမ်းတွေ အကုန်လုံးနဲ့ ဆိုင်ရှင်ရော ဖမ်းခံရတယ်ဆိုတာ သိတယ် ” လို့ အမှတ် ၁၀ ရပ်ကွက်နေ ဒေသခံတစ်ယောက်က ပြောပါတယ်။
 
ရွှေဘိုမြို့မရဲစခန်း တာဝန်ကျ ရဲဝန်ထမ်း တစ်ယောက်က ” ဆိုင်ရှင် မန်နေဂျာဖြစ်သူ ကိုသိန်းနိုင်မြင့် အပါအဝင် အမျိုးသား ၈ ယောက်နဲ့ အမျိုးသမီး ၁၅ ယောက် အားလုံး ၂၃ ယောက်ကို ဖမ်းဆီး အရေးယူထားတာဖြစ်တယ် ” လို့ ပြောပါတယ်။
 
အဲ့ဒီ အနှိပ်ခန်းက ဖမ်းဆီးထားတဲ့ လူ ၂၃ ယောက်နဲ့ ပတ်သက်ပြီး ရဲမှူးတစ်ဦးက တရားလိုပြုလုပ် တိုင်တန်းခဲ့တဲ့အတွက် ရွှေဘိုမြို့မရဲစခန်းက (ပ)၂၆၇ / ၂၀၂၁ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅ အရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ရွှေဘိုမြို့မှာ ကိုဗစ်ရောဂါကူးစက်မှု ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ကာလမှာ ဆိုင်ဖွင့်တာ တွေမပြုလုပ်ဖို့ ပိတ်ပင်တားမြစ်တားတဲ့ကြားက ခိုးဖွင့်နေတဲ့အတွက် အဲ့ဒီ အနှိပ်ခန်းကို ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #ရွှေဘို

Related posts

Leave a Comment

VOM News

FREE
VIEW