အလုပ်ရပ်စဲခံရတဲ့ အဆင့်မြင့်ပညာဦးစီးဌာန ဝန်ထမ်းတွေကို ချေးငွေပြန်တောင်း

သြဂုတ် ၂၉ -၂၀၂၁
CKC(VOM)
 
ပညာဝန်ကြီးဌာန ၊အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်မှာ ရာထူးကနေ ထုတ်ပယ်ခံရတဲ့ ဝန်ထမ်းတွေအနေနဲ့ ယခင်ကအတိုးမဲ့ထုတ်ချေးထားတဲ့ လစာ ၂ဆကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာပြန်လည်ပေးဆပ်ရမယ်လို့ သက်ဆိုင်ရာတက္ကသိုလ်အချို့က ကြေညာလိုက်ပါတယ်။
 
” စာထုတ်တာ တွေ့လိုက်ရတယ် ။ ကျနော်တို့ကို CDM လုပ်နေလို့ဆိုပြီး အလုပ်ကရပ်နားထားခံရတာဟုတ်တယ်။ အခုတောင် စားဝတ်နေရေးကို မနည်းဖြေရှင်းနေရတာဖြစ်တယ် ။ ဒီတော့ ချေးငွေပြန်ဆပ်ဖို့ကတော့ အဆင်မပြေဘူး။” လို့ ရာထူးကနေ ရပ်နားခံထားရသူ တစ်ဦးကပြောပါတယ်။
 
COVID-19 ကပ်ရောဂါရဲ့သက်ရောက်မှုကို ကုစားနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ နိုင်ငံဝန်ထမ်း (အမြဲတမ်းဝန်ထမ်း)တွေကို အတိုးမဲ့ထုတ်ချေးခဲ့တဲ့ လစာ(၂)ဆကို ရာထူးကနေ ထုတ်ပယ် ( Removal) ပြစ်ဒဏ်ချမှတ်ခံရသူတွေအနေနဲ့ ပြန်လည်ပေးသွင်းဖို့ အကြောင်းကြားလာတာကြောင့် ရာထူးကနေထုတ်ပယ်ခံထားရသူ အရာထမ်း/အမှုထမ်းတွေအနေနဲ့ ချေးယူထားတဲ့ လစာ(၂)ဆကိုအမြန်ဆုံးပြန်ဆပ်ဖို့ ထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်ပြီး တက္ကသိုလ်တစ်ခုမှာ အလုပ်လုပ်နေသူတစ်ဦးက ” ချေးငွေတွေပြန်ဆပ်ခိုင်းတာတော့ ကြားပါတယ်။ CDM လုပ်နေပြိး အလုပ်က ရပ်နားခံရသူတွေကို ပြန်ဆပ်ခိုင်းတာပါ။ အမတို့ကိုတော့ ဘာမှမပြောသေးဘူး။ အခုလည်း ရုံးက မတက်ရဘူး ။ ” လို့ ပြောပါတယ်။
 
ဝန်ထမ်းချေးငွေတွေပြန်ဆပ်ဖို့ စာထုတ်တဲ့အထဲက တက္ကသိုလ်အချို့ကတော့ သတ်မှတ်ရက်အတွင်း ချေးငွေပြန်မဆပ်ရင် ဥပဒေအရအရေးယူတာတွေလုပ်သွားမယ်လို့ ရေးသားထားတာတွေ့ရပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်ပြီး အဆင့်မြင့်ပညာဦးစီးဌာနက တာဝန်ရှိသူတွေကို ဖုန်း ၊ SMS ကနေတဆင့် ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိသလို စာပြန်ခြင်းလည်းမရှိခဲ့ပါဘူး။
 
#voiceofmyanmar #VOM #ပညာရေး #ချေးငွေပြန်တောင်း

Related posts

Leave a Comment

VOM News

FREE
VIEW