ကန့်ဘလူနယ် မလယ်မှာ ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးနဲ့ ရပ်ကွက် ဆယ်အိမ်မှူး ၂ ဦး ဓားနဲ့ ခုတ်သတ်ခံရ

စက်တင်ဘာ ၂၂ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ မလယ်ကျေးရွာရဲ့ အနောက်ဘက် မလယ် ရွာဝင်ကားလမ်းမှာ မနေ့ စက်တင်ဘာ ၂၁ ရက် နေ့ခင်း ၁ နာရီဝန်းကျင်က လူ ၂ ဦး ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ မလယ်ဒေသခံတွေရဲ ပြောပြချက်အရ သိရသည်။
 
” ကားလမ်းဘေးမှာ ဆိုင်ကယ် တစ်စီးလဲနေပြီး လူ ၂ ယောက်သေတာတွေ့ရတယ် ၊ ယာဥ်အက်စီးဒင့်ကြောင့် သေတာမဟုတ်ဘူး ဇက်ပြတ်ပြီး ဓားဒဏ်ရာတွေနဲ့ သေနေကြတာဖြစ်တယ် ” လို့ ယာခင်းပြန်မှ ပြန်လာတဲ့ မလယ်ရွာခံ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ သေဆုံးနေတဲ့ လူ ၂ ယောက်နဲ့ ပတ်သက်လို့ မလယ်ရွာခံ နောက်တစ်ဦး ပြောတာက
 
“သတ်ခံရလို့ သေနေတာပါ ၊ သေဆုံးသူ ၂ ယောက်ကတော့ မလယ်ရွာက ဆယ်အိမ်မှူး
ဦးမောင်ထွန်း အသက် ၅၀ နှစ် ၊ မျက်နှာတပြင်လုံး ပြတ်ရှဒဏ်ရာ ၊ လည်ပင်းခုတ်ဖြတ် ဒဏ်ရာတွေနဲ့ သေဆုံးနေတာပါ ၊ နောက်တယောက်ကတော့ ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးထန်းတောရွာက ကိုအောင်ဇော်လင်း အသက် ၃၈ နှစ်၊ ဦးခေါင်းနဲ့ မျက်နှာပြင်မှာ ဓားခုတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ ” လို့ ဖြစ်ပါတယ်။
 
မလယ်ရွာနဲ့ ဗစည်ရွာအကြား မလယ်ရွာအဝင်ကားလမ်းမှာ ဒေသခံမဟုတ်တဲ့ လူစိမ်း ၈ ယောက်က ဆိုင်ကယ် ၄ စီးနဲ့ ရောက်လာပြီး အဲ့ဒီ ဆယ်အိမ်မှူးနဲ့ စည်းရုံးမှူး ၂ ယောက်ကို ဓားနဲ့ဝိုင်းခုတ် သတ်ခဲ့တာဖြစ်တယ်လို့ မလယ်ရွာထဲမှာ ပြောဆိုနေကြတာတွေ ရှိပါတယ်။
 
ဒါ့အပြင် ကန့်ဘလူမြို့နယ်မှာ လူသတ်မှုဖြစ်တာ ဒီဖြစ်စဥ် တခုထဲတော့မဟုတ်ပါဘူး ။ အခုလ အစောပိုင်းကလည်း တရော်ကိုင်းရွာက အုပ်ချုပ်ရေးမှူးဟာ နှမ်းကျဲဖို့ ယာခင်းထဲမှာ လယ်ထွန်စက်မောင်းနေတုန်း သေနတ်နဲ့ ပစ်သတ်ခံရတာ ဖြစ်ခဲ့ပါသေးတယ်။
 
အဲ့ဒီနောက် ပြီးခဲ့တဲ့ရက်ပိုင်းက ကိုးတောင်ဘို့ရွာမှာနေတဲ့ ရဲမိသားစုကို သေနတ်နဲ့ ပစ်တာကြောင့် ရဲတစ်ယောက်ရဲ့ အဖေဖြစ်သူ သေဆုံးခဲ့ရတာလည်း ရှိပါတယ်။
 
ကန့်ဘလူနယ်ထဲမှာ တရားဥပဒေ စိုးမိုးရေးအတွက် တာဝန်ယူဆောင်ရွက်နေတဲ့ ရွှေဘို မြစ်ကြီးနား ကားလမ်းက ဇင်းရဲကင်းစခန်းဟာလည်း မီးရှို့ခံရတာကြောင့် ရဲစခန်းရုံး မီးလောင်ပျက်စီးခဲ့တာ အခုထိ ပြန်လည် ပြင်ဆင်နိုင် တဲ့ အခြေအနေ မရှိသေးပါဘူး။
 
#voiceofmyanmar #VOM #ကန့်ဘလူ

Related posts

Leave a Comment

VOM News

FREE
VIEW