အေးချမ်းသူ(VOM)
မနက်အလင်းရောင်နဲ့အတူ အင်းစိန်-ပေါက်တောဝ ကားမှတ်တိုင်မှာ ရုံးသွားသူတွေ၊အလုပ်သွားသူတွေ စျေးရောင်းစျေးဝယ်နဲ့အတူ YBS ကားတွေလည်း ရှုပ်လို့နေပါတယ်။
လှိုင်သာယာကနေ အင်းစိန်ဘက်ကို မောင်းနှင်လာတဲ့ YBS-6ကားဟာ ပေါက်တောဝမှတ်တိုင်အနီး ရပ်လိုက်ပါတယ်။ကားပေါ်မှ အသက် ၇၀ နီးပါးရှိတဲ့ အဘိုးအိုတစ်ဦးနဲ့ဟာ အသက်ရှစ်နှစ်အရွယ် ကလေးမကိုတွဲပြီး ကားပေါ်ကဆင်းလာပါတယ်။
ကားပေါ်မှ ဆင်းလာတဲ့ အဘိုးအိုဟာ မျက်စိမမြင်တဲ့အပြင် လေပါဖြတ်ထားပြီး ခြေထောက်ကမသန်လို့ လက်တစ်ဖက်က တောင်ဝှေးကိုအားပြုကာ မြေးမလေးကိုတွဲပြီး ဆင်းလာပါတယ်။
ကားပေါ်ကနေ အောက်ကိုရောက်လျှင် မြေးမလေးက အဘိုးအိုရဲ့လက်ကိုဆွဲ အဘိုးအိုက တောင်ဝှေးကိုအဖော်ပြုကာ မှတ်တိုင်အနီးက လမ်းတွေကို တစ်လမ်းဝင်တစ်လမ်းထွက် ပါးစပ်မှ “ဓားတွေသွေးတယ် ကတ်ကြေးတွေသွေးတယ်”လို့ အော်ကာ သူရဲ့အလုပ်ကို စတင်ပါတော့တယ်။
သူ့အမည်က ဦးမောင်ကြိုင် လှိုင်သာယာမြို့နယ်၊ ၂ရပ်ကွက်၊ ဗထူး ၈လမ်း ဒ၊ အိမ်အမှတ် ၁၅၇ ကအဆောင်မှာနေထိုင်ပြီး ဓားသွေးကတ်ကြေးသွေးတဲ့ လုပ်ငန်းကို နှစ်ပေါင်း သုံးဆယ်ကျော်ကြာအောင် လုပ်
ကိုင်လာသူတဦးလည်း ဖြစ်ပါတယ်။
“အချို့တွေက အဘကို မုန့်ဖိုးပေးကြတယ် ဒီအလုပ်ကိုမလုပ်ပါနဲ့တော့ပေါ့၊ အဘက မုန့်ဖိုးလိုချင်လို့မဟုတ်ဘူး ခြေထောက်ကမသန်တော့ ကျန်းမာရေးအတွက် လုပ်နေရတာ”လို့ ဦးမောင်ကြိုင်က ပြောပါတယ်။
အရင်က ထီရောင်းပြီး အသက်မွေးဝမ်းကြောင်းပြုခဲ့ရာ ပုဂံဘုရားပွဲမှအပြန် မျက်စိရောဂါကို နှစ်သုံးဆယ်နီးပါးခံစားခဲ့ရပြီး ဇနီးဖြစ်သူကွယ်လွန်ချိန်မှာ မျက်စိကွယ်ခဲ့တာဟာ ရှစ်နှစ်နီးပါးရှိပြီလို့ သူကပြော
ပါတယ်။
ရန်ကုန်ကို စတင်ရောက်ခဲ့ချိန်က ဓားသွေး ကတ်ကြေးသွေးလုပ်ငန်းကို မျက်စီမကွယ်ခင်ကတည်းက လုပ်ကိုင်လာတာလို့လည်း သိရပါတယ်။
“မနက်စောစောထတယ် မျက်နှာသစ်တယ်၊ ဘုရားသောက်တော်ရေလဲတယ်၊ ဘုရားမီးတွေပူဇော် ပဌာန်းတွေဘာတွေရွတ်ပြီး လ္ဘက်ရည်တခွက်သောက်ပြီး ခဏတဖြုတ်ထိုင်တယ်၊ ၆ နာရီထိုးတာနဲ့ အိမ်ကစထွက်တာ”လို့ ဦးမောင်ကြိုင်က ပြောပါတယ်။
အလုပ်နဲ့ပတ်သက်လို့လည်း စည်းစနစ်ရှိပုံမှာ တနင်္လာနေ့ကို စမ်းချောင်း၊ ဗုဒ္ဓဟူးနေ့ကို အင်းစိန်၊ကြာသပတေးနေ့ကို လှည်းတန်း၊သောကြာနေ့ကို ကြည့်မြင်တိုင်၊စနေနေ့ကို ရန်ကင်း၊တနင်္ဂနွေနေ့ကို သမိုင်း၊ အဂ်ါနေ့တစ်ရက်သာ နားတယ်လို့ သူကပြောပါတယ်။
“အဘ အလုပ်လုပ်ရမှာ ကြောက်ကိုမကြောက်ဘူး၊ အလုပ်ကမှန်တယ် မရှိဘူး ငါးထောင်ရတဲ့နေ့လည်းရှိတယ် တစ်သောင်းရတဲ့နေ့လည်းရှိတယ်၊ တစ်ခါတစ်လေ တစ်သောင်းခွဲရတာလည်း အိမ်လစာရှိနေတော့ မလုပ်လို့မရဘူး”လို့ သူကပြောပါတယ်။
ဦးမောင်ကြိုင်ဟာ ပခုက္ကူမြို့နယ်၊ မြစ်ခြေ၊ သရက်တောကျေးရွာဇာတိဖြစ်ပြီး ငယ်စဥ်က ဘုန်ကြီးကျောင်းမှာ လေးတန်းအထိသာ ပညာသင်ကြားဖူးပြီး အသက် ၃၆ နှစ်အရွယ်မှာ ရန်ကုန်ကို ရောက်လာခဲ့တယ်လို့ သူကပြောပါတယ်။
“အရင်က ထီရောင်းတာ ထီတစ်စောင်ကို ၂ကျပ်ခေတ် ဆုငွေ တစ်သိန်းတုန်းက၊ အဲ့ဒီကနေ ပုဂံမှာ သွားရင်း မျက်စိဖြစ်သွားတာ အရင်က ဘယ်ဘက်ပဲ ဖြစ်တာ၊ ဘယ်ဘက်မြင်ရသေးတာ နောက်တော့ နှစ်ဘက်လုံး မမြင်ရတော့ဘူး”လို့ ပြောပါတယ်။
မျက်စိရောဂါကြောင့် ရန်ကုန်မှာ ဆေးကုသဖို့လာခဲ့ရာ အိမ်ထောင်ကျပြီး လှိုင်သာယာမှာနေထိုင်ကာ အလုပ်မျိုးစုံလုပ်ခဲ့တယ်လို့ ဦးမောင်ကြိုင်ကရှင်းပြပါတယ်။
“အလုပ်ကတော့ မျိုးစုံအောင်လုပ်တာပဲ၊ မျက်စိက သိပ်မကောင်းတော့ ဓားသွေး ကတ်ကြေးသွေး အလုပ်ပဲလုပ်တော့မယ်လို့ ဆုံးဖြတ်ပြီးလုပ်တာ “လို့ ဦးမောင်ကြိုင်က ပြောပါတယ်။
ဇနီးဖြစ်သူဟာ ၂၀၁၄ ခုနှစ်က ဆုံးပါးသွားခဲ့ပြီး ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလို ဦးမောင်ကြိုင်တယောက် အပြင်းဖျားပြီး မျက်စိနှစ်လုံးကွယ်ခဲ့ကာ ကျောထောက်နောက်ခံသားသမီးမရှိလို့ ဒုက္ခရောက်ခဲ့ရတယ်လို့ ပြောပါတယ်။
“မိန်းမနဲ့က ကလေးမရဘူးလေ၊ သားသမီးမရှိတော့ ပိုဒုက္ခရောက်တာပေါ့၊ ဒါပေမယ့် အဘက တောင်းမစားဘူး တောင်းစားရမှာရှက်တယ်၊ အဲ့ဒါကြောင့် ကိုယ်တက်တဲ့ ပညာနဲ့လုပ်စားတယ် ဓားသွေး ကတ်ကြေးသွေးပေါ့”လို့ ပြောပါတယ်။
သားသမီးမရှိလို့ ဆွေမျိုးရင်းချာလိုဖြစ်နေတဲ့ မိသားစုထဲက ကလေးတွေဟာ အလုပ်သွားချိန်မှာ လိုက်လံတွဲပြီး ကူညီပေးခဲ့ကြပါတယ်။
မျက်စိကွယ်ပြီး ရိုးသားစွာလုပ်ကိုင်စားသောက်နေတဲ့ ဦးမောင်ကြိုင်လို သက်ကြီးရွယ်အိုကြီးထဲကနေ တခါတလေ အရက်သမားများက မိုက်ကြေးခွဲ၍ ပိုက်ဆံတောင်းခံခဲ့ရတာမျိုးလည်း ကြုံရဖူးတယ်လို့ သူကပြောပါတယ်။
“လှည်းတန်းဘက်မှာ တစ်ခါက ဘယ်ကလူတွေလဲ မသိဘူး၊ အဘိုးကြီး ကျနော်တို့ကို အရက်ဖိုးပေးစမ်းဆိုပြီးတောင်းတယ်၊ အဘလည်းပြောလိုက်တယ် မင်းတို့ကွာ မျက်စီမမြင်တဲ့ငါတောင် လုပ်ကိုင်စားသောက်နေတာ ခြေကောင်းလက်ကောင်းကြီးတွေ အလုပ်လုပ်ကြပါလားဆိုပြီး ပြောတော့ ထိုးမယ်ကြိတ်မယ်လုပ်လို့ ဘေးကလူတွေရောက်လာလို့ ထွက်ပြေးရတယ်”လို့ သူကြုံတွေ့ခဲ့ရတာကို ပြောပြပါတယ်။
အရင်က ဓားသွေး၊ကတ်ကြေးသွေးလုပ်ငန်းဟာ အဆင်ပြေမှုရှိသော်လည်း အခုနောက်ပိုင်း ဓားသွေး ကတ်ကြေးသွေးမယ့်သူပင်မရှိတော့ဘူးလို့ သူကပြောပါတယ်။
မျက်စိမမြင်တဲ့ ဦးမောင်ကြိုင်ဟာ တစ်ယောက်တည်းနေထိုင်ပြီး ငှားနေတဲ့ အဆောင်ဟာ တစ်လကို ငါးသောင်းပေးရလို့ တခါတလေ အခက်အခဲရှိသော်လည်း ကြိုးစားပြီးရှာဖွေတယ်လို့ ပြောပါတယ်။
နောက်ဆုံးအချိန်မှာ ဘုရားတရားအလုပ်ကိုသာ လုပ်ပြီး ရိုးသားစွာနေထိုင်သွားချင်တယ်လို့လည်း သူကပြောပါတယ်။
ဓားသွေး ကတ်ကြေးသွေးပြီး ပြန်လာတဲ့ ဦးမောင်ကြိုင်ဟာ ဘေးကိုအိတ်လေးချကာ အနားယူဖို့ ပြင်နေတုန်းဘေးခန်းက အမျိုးသမီးက”အဘရေ ငါးခုတ်ဖို့ ဓားမတစ်ချောင်းသွေးချင်လို့တဲ့ လာပေးထားတယ်”လို့ ပြောလိုက်ရာ ဦးမောင်ကြိုင် တစ်ယောက် ဓားသွေးကျောက်ကို ယူကာ မမြင်မစမ်းနဲ့ ဓားကိုသွေးနေပါတော့တယ်။
#voiceofmyanmar #VOM #ဆောင်းပါး #ဓားသွေးကတ်ကြေးသွေး #မျက်မမြင်ဦးမောင်ကြိုင်