ရှေးဟောင်းကျောင်းတိုက်ကြီးများနှင့် ဥယျာဉ်တော်

ဆူးငှက်

“ဂါထာနတ်ရုပ်၊ အင်းမြှုပ် အင်းနှံ၊ စီမံပယောဂ၊ တလကုမ္ဘ၊ ရာ့နှစ်ဆယ်ဝင်၊ လေးခွင်လေးထောင့်၊ ဂြိုဟ်နတ်စောင့်နှင့်၊ မြို့စောင့်နတ်ဂူ၊ ဆူဆူများစွာ၊ မြို့အင်္ဂါလည်း၊ ဖွယ်ရာမကြွင်း” ဟူသော မဃဒေဝလာ အစီအမံအတိုင်း မန္တလေးမြို့တော်ကြီး စတင် တည်ထောင်စဉ် မြို့တော်လေးထောင့်တွင် ဆီအိုးကြီးများမြှုပ်နှံပြီးလေသောအခါ ခုနှစ်ဌာနကို အုတ်စီခင်း၍ တံခါး ၁၂ရပ် တိုင်ထူခဲ့သည်။ ခုနှစ်ဌာနတွင် မဟာလောကမာရဇိန်စတီတော်ပါ၏။ အတုလဝေယံကျောင်းတော် ပါရှိ၏။

မဟာလောကမာရဇိန် ဘွဲ့တော်ချီသော စေတီတော်ကြီးမှာ ၁၂၂၁-ခု၊ ကဆုန်လပြည့်ကျော် ၇ ရက်နေ့တွင် ရွှေမြို့တော်ကြီးနှင့် တစ်ပြိုင်နက် အုတ်စီခင်း စတင်တည်လုပ်ခဲ့ရာ ၁၂၂၄-ခု၊ ဝါဆိုလတွင် ပြီးစီး၍ လပြည့်ကျော် ၉ ရက်နေ့ နေ့တစ်ချက်တီးကျော် ငါးမောင်းအချိန်တွင် ရွှေထီးအထွတ်တင်လှူပြီး ကမ္ပည်းတပ်တော်မူခဲ့သည်။ ဘဝရှင်မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုကုသိုလ်တော်ဖြစ်၏။ မြို့တော်သူ မြို့တော်သားတို့က “ကုသိုလ်တော်ဘုရား”ဟု ခေါ်ဆိုခဲ့ကြသည်။ ဘုရားပရိဝုဏ်တွင် ပိဋကတ် ကျောက်စာတော်ပေါင်း ၇၂၉ ဆူ ရှိ၏။

မဟာအတုလဇယာရာမ တိုက်တော်အတွင်းရှိ “မဟာအတုလဝေယန်”
ကျောင်းတော်ကြီးမှာလည်း ရွှေမြို့တော်ကြီးနှင့် တစ်ပြိုင်နက် ပန္နက်ချလုပ်ဆောင်ခဲ့သည်မှာ ၁၈နှစ်အကြာ ၁၂၃၉-ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝရက်နေ့တွင်မှ အပြောက်အမွှမ်းနှင့် လုပ်ဆောင်ပြီးပေသည်။ ဘုံ၅ဆင့်ရှိ၏။ ရွှေပိန်းချ ၏။ ကွန်းစင်တိုင် အမြင့်၆၃တောင်၊ တိုင်ပေါင်း ၂၄၆တိုင်ဖြင့် ခမ်းနား၏။ မံဘုရားဆင်းတုတော်ကြီးတွင် ဥဏ္ဏလုံမွေးရှင်တော်ပြု၍ တပ်ဆင်ထားသော ရတီချိန် ၁ဝဝကျော် မဟာစိန်ကလေးရှိ၏။ ၎င်းကျောင်းတော်ကြီးကို ယာအတွင်းဝန်မင်းကြီး ဆောက်လုပ်ခဲ့သည်။

ရွှေမြို့တော်ကြီးနှင့်တစ်ပြိုင်နက် ပန္နက်ချ တည်တော်မူခဲ့သော ကုသိုလ်တော်ဘုရား၏ အရှေ့မုခ်နှင့် အတုလဝေယန်ကျာင်းတော်ကြီး၏ အရှေ့မုခ်ကို ပျံ့ပျူးဖြောင့်စင်းသည့် မြေနီသရွတ်ကျံလမ်းနှင့် ဆက်သွယ်ပေးထားမှာ သေချာသည်။ ရှင်ဘုရင်ကောင်းမှုတော်များချည်းမို့
ထိုလမ်းပေါ်တွင် သဲဖြူခင်း ရာဇမတ်ကာ၊ ငှက်ပျောပင်တို့ စိုက်ထားပေမည်။ ပိုးဖဲကတ္တီပါရွှေချည်ငွေချည်ထိုး၊ မင်းခမ်းမင်းနားများ မကြာခဏ ကျင်းပပြုလုပ်ပေမည်။ မောင်းသံ တဟီဟီ၊ စည်တော်သံရွှမ်းကာဖြင့် ဘုန်းမိုးသွန်းလောင်းတာ မကြာခဏ ဖြစ်ပေမည်။

ထို့အပြင် မဟာဝိဇယပုညကျောင်းတိုက်၊ ဝဇီရာ ရာမစိန်တုံးတိုက်၊ မတ္တရာတိုက်၊ သက်ပန်းတိုက်၊ မင်္ဂလာရာမ မောင်းထောင်တိုက်၊ မဟာဝီဇယာရာမ ခင်မကန်တိုက်၊ ရွှေကူတိုက်၊ တကောင်းတိုက်၊ မဟာဝိသုဒ္ဓါရာမ အင်းကမ်းတိုက်၊ မဟာဓမ္မိကာရာမ စလင်းတိုက်၊ ဝိစိတ္တာရာမ မာရ်အောင်တိုက်၊ ဆင်တဲတိုက်၊ လယ်ကိုင်းတိုက်၊ မက္ခရာတိုက်၊ ငါးဆူတိုက်၊ စည်ပုတ္တရာတိုက်၊ တွင်းကြီးတိုက်၊ စလင်းတိုက်သစ်၊ လှေတွေတိုက်-စသည့် စိန်တုံးမိဖုရား၊ လောင်းရှည်မိဖုရား၊ သက်ပန်းမိဖုရား၊
ရတနာဒေဝီနန်းမတော်မိဖုရားကြီး၊ အနောက်နန်းမိဖုရား၊ အလယ်နန်းရှင် ဆင်ဖြူမရှင်မိဖုရား၊ တောင်နန်းမတော် မိဖုရား၊ ဒေဝီစုဖုရားကြီး၊ရွှေဘိုမင်းမိဖုရားခေါင်ကြီးနှင့် သီပေါမင်း စုဖုရားလတ်တို့၏ ကုသိုလ်ကျောင်းတိုက်ကြီးများသည်လည်း ဘဝရှင်မင်းတရားကြီး၏ ကုသိုလ်တော်များနှင့် တစ်ဆက်တည်း အရှေ့အနောက်တန်းလျက် တည်ရှိသည်။

ယခုအခါ ထိုကျောင်းတိုက်ကြီးများသည် ၆၂လမ်းမကြီး အရှေ့ဘက်ကပ်လျက် ၁၂လမ်းမှသည် ၃၅လမ်းအထိ ဆက်လျက်ရှိ၏။ ထို့ကြောင့် ၆၂၏ မြောက်ဖက်ဖျားမှသည် တောင်ဘက် ၃၅လမ်းအထိကား
ရတနာပုံခေတ်၏ ရှင်ဘုရင်၊မိဖုရားတို့ ထွက်စည်ဝင်စည်ဖြင့် ပွဲကြီးချိမ့်ချိမ့် ကျင်းပကာ မင်းလမ်းစိုးလမ်း ဖြစ်ခဲ့သည်မဟုတ်လော။ ပဒေသရာဇ်၏ရွှေရောင်လွှမ်းသော လမ်းမကြီးဖြစ်ခဲ့ဖူးသည် မဟုတ်လော..။

×××××× ××××××

တကယ်တော့ “ဥယျာဉ်မြို့တော်”ဟူသည် ရတနာပုံခေတ်ကတည်းက မန္တလေးတွင် စတင်ခဲ့၏။ မန္တလေး ရတနာပုံမြို့တည်သောအခါ မင်းတုန်းမင်းကြီးက မြို့ပြနှင့်လျော်ညီစွာ ဥယျာဉ်တော်များလည်း တည်ထားခဲ့သည်။ မင်းကြီး မဟာဇေယျသူဘွဲ့ခံ ပညာရှိအမတ် ညောင်လှ မြို့စား နိုင်ငံခြားဝန်ထောက်မင်း ဦးချိန်သည် အမှာတော်ရေးရာထူးနှင့် အမှုထမ်းစဉ်က မင်းတုန်းမင်းတရားကြီးထံ ဥယျာဉ်တော်၂၁ရပ်အကြောင်း “စံရာရွှေနန်း၊ မြနန်းဌာနေ၊ ပျော်မွေ့ဖွယ်ပီပီ” အစချီ ပတ်ပျိုး သီချင်းခံကြီးကို တင်သွင်းခဲ့လေသည်။

ရတနာပုံခေတ်ဥယျာဉ်တော်များက ယခု မန္တလေးတောင်အရှေ့ဘက်မှစ၍ တောင်ဘက်သို့ ဆက်တိုက်တည်ရှိသည်ဟုဆိုသည်။ မဟာဟေမာဇလ၊ မဟာအာသောက၊ ကဉ္စနကေသီ၊ သီရိသုမန၊ မဟာသီရိဘုဉ္စန၊ မဟာသီရိမလ္လိက၊ မဟာသိဒ္ဓိဗလ၊ မဟာဇေယဗလ၊ မဟာသီရိ မန္ဒာဝရ၊ မင်္ဂလာ၊ မဟာသီရိဟေမဝန်၊ သီရိမနောပထ၊ မဟာသဒုမ၊ မဟာမေဃနာ၊ သီရိမဟာသာရ၊ မဟာမုဒ္ဓိက၊ မဟာဒေဝတာ၊ မဟာသီတလ၊
မဟာဂီရိစိတြ၊ သီရိမနော်ရမံ၊ မဟာဂီရိနန္ဒဝန်ဟူသောအမည်များပေးထားသည်။ ရတနာပုံရွှေမြို့တော်၏ အရှေ့ဘက်က ဥယျာဉ်ကြီးများ ဆီးတားထားသည့် ပုံစံဖြစ်သည်။

ထိုစဉ်က မြို့ပြဧရိယာတွင် ကြီးမားကျယ်ဝန်းလှသည့် ဥယျာဉ်ကြီးများ ၂၁ ရပ်အထိ ထားရှိခြင်းမှာ အလေးအမြတ်ပြုဖွယ်ဖြစ်၏။ ထိုဥယျာဉ်ကြီးများကို သက်ဆိုင်ရာ ဝန်ကြီးမှူးမတ်များအား တာဝန်ပေးကာ ပြုစုစောင့်ရှောက်စေသည်။ မြို့တော်ဝန်ကြီး ရွေးကြီးတာ(၉ဝ)၊ မကွေးမင်းကြီးတာ (၁၁ဝ)၊ ပခန်းမင်းကြီးတာ (၉ဝ)၊ လောင်းရှည်မင်းကြီးတာ (၉ဝ) စသည်ဖြင့်ဖြစ်သည်။

ထိုဥယျာဉ်ကြီးများမှ ထွက်ရှိသော သီးနှံများ အရွက်အသီးများကို မန္တလေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ကပ်လှူပူဇော်ရသည်ဆို၏။ ဥယျာဉ်တော်၂၁ရပ်တွင်ပါဝင်သော သီရိမနောရမံဥယျာဉ်တော်သည် ကျယ်ဝန်းကာ ကျုံးမြောင်းများရှိသည်။ အရှေ့တွင် နန်းတော်ကွက်၊ အရှေ့တောင်စွန်းတွင်ဘုရားရှိသည်။ ဥယျာဉ်ရှေ့တစ်လျှောက်တွင် မြို့တော်ဝန်ကြီးရွှေးကြီးတာ၉ဝ၊ မကွေးမင်းကြီးတာ ၁၁ဝ၊ ပခန်းမင်းတာင်ဥယျာဉ်တော်၊ မြောက်ဥယျာဉ်တော်ရှိသည်။ အနောက်တွင် လက်ဝဲ၊ လက်ယာ၊ ယာတော်များရှိပြီး အသည်းဝင်း၊ ရွှေနန်းရိုး သမိုင်းဝန်၊ ယင်ပုံလှေအုပ်၊ မြောက်ထားဝယ်ဝိုင်း၊ တောင်ထားဝယ်ဝိုင်း၊ ဆင်အုပ်၊ ကျောက်စီဝန်ထောက်တို့အတွက် မြေနေရာကွက်များရှိသည်။ ထို့ကြောင့်မှူးကြီးမတ်ရာသေနာပတိတို့ ဝန်းဝိုင်းရံခနေသည့် သီရိမနော်ရမံဥယျာဉ်တော်သို့ ဘုရင်မင်းမြတ် မကြာခဏ ထွက်စံပယ်တော်မူခဲ့ကြသည်။

ထိုခေတ်ထိုအခါက ဥယျာဉ်တော်ကြီးများသာမက ရာချီရှိသော
ဘုန်းကြီးကျောင်းတိုက်ကြီးများကလည်း သစ်ကြီးဝါးကြီးရိပ်များ၊ သစ်ပင်ပန်းမာန်များနှင့် ဥယျာဉ်ကြီးများသဖွယ်ဖြစ်သောကြောင့် တရားဘာဝနာပွားများ၊ ဥပုသ်သီတင်း သီလစောင့်ထိန်းခြင်းနှင့်အတူ အနားယူ အပန်းဖြေစေဖို့အတွက်ပါ အဆင့်သင့်လှပေသည်။

အခုဥယျာဉ်တော်တွေလည်း မရှိတော့။ ကျောင်းတိုက်တွေထဲက
သစ်ကြီးဝါးကြီးတွေလည်း အသစ်တိုးချဲ့ ကျောင်းသစ်များနေရာယူလာမှုကြောင့် လျှော့နည်းကုန်ပြီ။

အမရပူရနန်းတော်အစိပ်အပိုင်းများနှင့် တည်ဆောက်ထားသောကျောင်းဆောင်များ တည်ရှိရာ ၁၂၃၃ခုနှစ်တွင် စုဖုရားကြီး၏ ကုသိုလ်တော်ဖြစ်သော ရှေးဟောင်းနာမည်ကျော် မဟာဝိသုဒ္ဒါရာမကျောင်းတိုက်ကြီးထိပ်ရှိတချိန်က ဥယျာဉ်တော်ကြီးဖြစ်ခဲ့ဖူးသည့်နေရာတွင် ဧရာမ ၁၀ထပ်ကွန်ဒိုကြီး တစ်လုံး မိုးထိုးလာချေပြီ…….။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW