ကုမ္ပဏီ၊အဖွဲ့အစည်း အမည်နဲ့ သီးခြားငွေစာရင်းဖွင့်ပြီး ငွေကြေးဆိုင်ရာဆောင်ရွက်ဖို့အသိပေး

နိုဝင်ဘာ ၂၃-၂၀၂၁
GH ( VOM )
 
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ၊အဖွဲ့အစည်းအားလုံး ကုမ္ပဏီ၊အဖွဲ့အစည်း အမည်နဲ့ သီးခြားငွေစာရင်း (Corporate Account) ဖွင့်လှစ်ရမယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အသိပေးစာထုတ်ပြန်လိုက်ပါတယ်။
 
မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားတဲ့ အချို့သော ကုမ္ပဏီနဲ့အဖွဲ့အစည်းတွေက ငွေကြေးဆိုင်ရာကိစ္စကို ဘဏ်မှာ သီးခြားငွေစာရင်းဖွင့် လှစ်ဆောင်ရွက်ခြင်း မရှိဘဲ ဒါရိုက်တာတွေရဲ့ဘဏ်ငွေစာရင်းကို အသုံးပြုပြီး လုပ်ငန်းဆောင်ရွက်နေတာကြောင့် အခုလို အသိပေးစာထုတ်ပြန်တာဖြစ်တယ်လို့သိရပါတယ်။
 
” အကိုတို့က ကုမ္ပဏီတွေ အကုန်စတည်ကတည်းက ကုမ္ပဏီအကောင့်ပဲ သီးခြားဖွင့်ထားတယ်။အဓိကကတော့ ပါစင်နယ်ကိစ္စနဲ့ ကုမ္ပဏီကိစ္စ ရောထွေးလို့မရအောင်ပေါ့။ တချိူ့က ဒါကိုရောချပြီး ငွေသားပိုထုတ်ချင်တာဘာညာရှိတယ်။ ” လို့ ရန်ကုန်မြို့က ကုမ္ပဏီ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
 
မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ပုဒ်မ ၅ (က)အရ ကုမ္ပဏီသည် ၎င်းတွင် ပါဝင်သူများရဲ့အခွင့်အရေးနှင့် သီးခြားဖြစ်သော ကိုယ်ပိုင်အခွင့်အရေးများရှိသည့် တရားဝင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသဖြင့် ကုမ္ပဏီတိုင်းဟာ သီးခြားဘဏ်ငွေစာရင်းထားရှိ ရမှာဖြစ်တယ်လို့ နိုဝင်ဘာလ ၂၂ ရက်နေ့က ညွန်ကြားစာမှာရေးသားထားပါတယ်။
 
ဒါ့ကြောင့် ကုမ္ပဏီ၊ အဖွဲ့အစည်းတွေအနေနဲ့ ငွေကြေးဆိုင်ရာကိစ္စရပ်တွေ ဆောင်ရွက်ရာမှာ ကုမ္ပဏီ၊အဖွဲ့အစည်းတွေရဲ့ အမည်နဲ့ သီးခြားဘဏ်ငွေစာရင်း (Corporate Account) ဖွင့်လှစ်ပြီး ဆောင်ရွက်ကြဖို့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၄၆၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂) အရ အပ်နှင်းထားတဲ့ အခွင့်အာဏာများကိုကျင့်သုံးပြီး ညွန်ကြားစာကို ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ကုမ္ပဏီ #သီးခြားငွေစရင်းဖွင့် #အသ်ိပေး

Related posts

Leave a Comment

VOM News

FREE
VIEW