မြိုင်မြို့က မြသီတာ ကန်ဘောင်ပေါ် မှာ မိုင်းပေါက်ကွဲပြီး ကလေး ၃ ယောက်သေ ၊ ၁ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၊၂၈ -၂၀၂၁
နှင်းဖြူဝေ (VOM)
 
မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ မြိုင် – ကိုင်းတောမ သွားကားလမ်းအနီး မြသီတာ ကန်ဘောင်ပေါ်မှာရှိတဲ့ အမှိုက်ပုံထဲကနေ ပေါက်ကွဲမှုဖြစ်ပေါ်တဲ့အတွက် ကလေး ၃ ယောက်သေဆုံးပြီး ၁ ယောက်ဒဏ်ရာရခဲ့တယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ်။
 
” ပေါက်ကွဲတာက မနေ့ နိုဝင်ဘာ ၂၇ ညနေပိုင်း ၅ နာရီကျော် ၆ နာရီလောက်မှာဖြစ်တာပါ ၊ ပေါက်ကွဲတဲ့နေရာက အများပြည်သူ အပန်းဖြေအနားယူတဲ့ မြသီတာ ကန်ဘောင်ပေါ် အမှိုက်ပုံးထဲကနေ ပေါက်ကွဲတာ ” လို့ မြိုင်နယ်ခံတယောက်က ပြောပါတယ်။
 
အဲ့ဒီ ပေါက်ကွဲမှုကြောင့် အမှိုက်ပုံးထဲက ရေဗူးခွံကောက်ယူနေတဲ့ မောင်ငြိမ်းသာအောင် အသက် ၇ နှစ်နဲ့ မောင်အောင်ထိုက် အသက် ၁၂ နှစ်တို့ ၂ ယောက်ဟာ နေရာမှာတင် ကိုယ်ခန္ဓာအောက်ပိုင်းပြတ် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
 
ဒါ့အပြင် ပေါက်ကွဲမှုဖြစ်တဲ့ အမှိုက်ပုံးဘေးက အပန်းဖြေ ခုံတန်းလျားပေါ်မှာထိုင်နေတဲ့ မိန်းကလေး ၂ ယောက်လည်း မိုင်းစထိမှန် ဒဏ်ရာရခဲ့အတွက် လူမှုကူညီရေးအဖွဲ့တွေက ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။
 
” ကန်ဘောင်ပေါ်က ခုံတန်းလျားမှာ အပန်းဖြေအနားယူနေတဲ့ မဇင်နွယ်အောင်နဲ့ မကျော့ကေခိုင် တို့ ၂ ယောက်လည်း ဒဏ်ရာရတယ် ၊ အဲ့ဒီ ၂ ယောက်ထဲက မဇင်နွယ်အောင် ဆိုတဲ့ ကလေးမကတော့ ဆေးရုံမှာ ဆေးကုခံနေရင်း ထပ်မံ သေဆုံးသွားတာ “လို့ နယ်ခံပရဟိတ စေတနာ့ဝန်ထမ်းတယောက်က ပြောပါတယ်။
 
မြိုင်မြို့ရဲ့ မြို့မိမြို့ဖ တယောက်က ” အခု သေဆုံးတဲ့ ကလေး ၃ ယောက် နဲ့ ဒဏ်ရာရတဲ့ ကလေး ၁ ယောက် အခြေအနေက ဘဝရပ်တည်မှုတွေ ခက်ခဲကြတယ် ၊ ခုံတန်းလျားမှာ ထိုင်နေတဲ့ ကလေးမ ၂ ယောက်က လျှပ်စစ်ဝန်ထမ်း သားသမီးတွေဖြစ်ကြတယ် ၊ သူတို့က ကျန်းမာရေးအရ ကန်ဘောင်ပေါ် လမ်းလျှောက် အပန်းဖြေရင်း ထိုင်နေကြတာပါ ၊ အမှိုက်ပုံးဆော့တဲ့ ကလေး ၂ ယောက်ကတော့ ကလေးသဘာဝပေါ့ ၊ အခုလို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ပေါက်ကွဲတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ် “လို့ ပြောပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဆေးရုံကြီးအနီး အထက ၂ ကျောင်းလမ်းမှာ ပေါက်ကွဲမှုဖြစ်ပြီး အသက် ၁၀ နှစ်အောက် အရွယ် ကလေး ၃ ယောက် မိုင်းစထိမှန် သေဆုံးခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #မြိုင် #ပေါက်ကွဲမှု #ကလေးသုံးယောက်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW