မြောက်ဥက္ကလာက ရွှေဘိုသူ ငါးရာတန်အဝစားထမင်းဆိုင်

အေးချမ်းသူ(VOM)

မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်းမကြီးတလျှောက် ဆိုက်ကားတွေ ဆိုင်ကယ်တွေ စက်ဘီးတွေ အိမ်စီးကားတွေနဲ့ပြည့်ကျပ်လို့နေပါတယ်။ မလှမ်းမကမ်းမှာတော့ ထမင်းစားဖို့စောင့်ဆိုင်းရင်း တန်းစီနေတဲ့ အခြေခံလူတန်းစားမျိုးစုံပါဝင်တဲ့ လူအုပ်ကြီးကလည်း ရှိနေပါတယ်။

ထမင်းစားဖို့စောင့်နေတဲ့ လူတွေဟာ ကားဂိတ်နဲ့လည်းနီး ဆိုင်ကယ် ကယ်ရီသမားတွေအများစုလည်းရှိ စက်မှုဇုန်နဲ့ နီးပြီး အခြေခံလူတန်းစားအများစုနေထိုင်ရာ မြောက်ဥက္ကလာ (ည)ရပ်ကွက်၊ သုနန္ဒာလမ်းက ရွှေဘိုသူ ငါးရာတန်ထမင်းဆိုင်ကို ထမင်းစားဖို့လာကြတာပဲဖြစ်ပါတယ်။

ဗီနိုင်းစနဲ့ပြုလုပ်ကာ ချိတ်ဆွဲထားတဲ့ “ရွှေဘိုသူ ငါးရာတန် ထမင်းဆိုင်”ရဲ့ ဆိုင်းဘုတ်အောက်မှာတော့ တီရှပ်အမဲရောင်ကို တူညီစွာဝတ်ဆင်ထားတဲ့ ဝန်ထမ်းတွေဟာ ဝက်သား၊ မြစ်ငါးတန်၊ ကုလားပဲ ကြာဇံချက်၊ ငပိရည်ဖျော်၊ တို့စရာ စတာတွေ ထည့်ထားတဲ့ ဒန်အိုးကြီးတွေရှေ့မှာ စားသုံးသူတွေကို ဟင်းထည့်ပေးဖို့စောင့်နေတာပဲဖြစ်ပါတယ်။

စီတန်းထားတဲ့ လူတန်းကြီးကို တစ်ယောက်လျှင် ချစ်တီးထမင်းဆိုင်များတွင် အသုံးပြုလေ့ရှိသော စတီပန်းကန်များကို ကမ်းပေးရင်း ဟင်းထည့်သူ၊ ပဲကြာဇံချက်ထည့်ပေးသူ၊ ငပိရည်တို့စရာ ထည့်ပေးသူ ထမင်းထည့်ပေးသူနဲ့ ငါးရာတန်ထမင်းဆိုင်ကို စတင်ရောင်းချပါတော့တယ်။

ငါးရာတန်အဝစားထမင်းဆိုင်ကို သုနန္ဒာလမ်းမကြီးပေါ်မှာ မနက်၁၁ နာရီကနေ နေ့လယ် ၁ နာရီအတွင်း ရောင်းချတာဖြစ်ပြီး မည်သူမဆို ငါးရာကျပ် အဝစားစနစ်နဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။

လာရောက်စားသူတွေက ထမင်းဖိုးကျသင့်ငွေငါးရာကို ကော်သေတ္တာပုံးလေးအတွင်း ထည့်ကာ စားသုံးနိူင်ပြီး ပိုက်ဆံမတက်နိူင်သူတွေကိုလည်း အခမဲ့စားသောက်နိူင်ဖို့အတွက် ရွှေဘိုသူထမင်းဆိုင်က စီစဉ်ပေးထားပါသေးတယ်။

ရွှေပေါက်ကံကနေ လာရောက်စားသုံးတဲ့ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက “အဆင်ပြေတယ်ဗျ အခုက ကယ်ရီတွေလည်း မဆွဲရဘူး ပိုက်ဆံလည်း သိပ်မရဘူး၊ လင်မယားနှစ်ယောက် တနပ်စာကို တစ်ထောင်ပဲကုန်တယ်၊ ညနေပိုင်းတွေပါရောင်းရင် ပိုတောင်အဆင်ပြေအုံးမယ်”လို့ ပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိူင်ငံရေးအခြေအနေနဲ့ အလုပ်အကိုင်အခွင့်အလှမ်းရှားပါးမှုကြောင့် စားဝတ်နေရေးခက်ခဲနေချိန်မှာ ငါးရာတန်ထမင်းဆိုင်တွေ ဖွင့်လှစ်ခြင်းဟာ မရှိဆင်းရဲသားတွေရဲ့ဝမ်းရေးကိုဖြေရှင်းပေးရာရောက်တယ်လို့ မင်္ဂလာဒုံကနေ လာရောက်စားသုံးသူအမျိုးသားတဦးက ပြောပါတယ်။

မြောက်ဥက္ကလာနဲ့ရွှေပေါက်ကံမှာရှိတဲ့ ဆင်ခြေဖုန်းရပ်ကွက်တွေက
လာရောက်စားသုံးတဲ့သူတွေရှိသလို မိမိတို့မြို့နယ်တွေမှာ ပြန်လည်ဖွင့်လှစ်လှူဒါန်းနိူင်ဖို့အတွက် ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံမြို့နယ်တွေက လာရောက်လေ့လာတဲ့ လုပ်ငန်းရှင်တွေလည်းရှိနေပါတယ်။

“အစ်မတို့က ဒညင်းကုန်းဈေးမှာ ဈေးရောင်းတာ အဲ့ဒီဈေးမှာလည်း အခုလို မရှိဆင်းရဲသားတွေအတွက် လုပ်ပေးနိူင်အောင် လာလေ့လာတဲ့ သဘောပါ”လို့ ရွှေပြည်သာမြို့နယ်က လာရောက်သူအမျိုးသမီးက ပြောပါတယ်။

“ငါးရာတန် အဝစားထမင်းဆိုင်ကိုဖွင့်တာ အမြတ်ဆိုတာမရှိဘူး ရှုံးတယ်၊ အရှုံးခံပြီးကိုရောင်းတာ၊ ဒီကာလမှာ လူတိုင်းခက်ခဲနေတာ အဆင်ပြေစေချင်လို့ ရောင်းပေးတာ၊ မလှူတက်ရင် ဈေးရောင်းဆိုသလိုပေါ့”လို့ ပြောဆိုလာသူကတော့ ရွှေဘိုသူ ငါးရာတန်ထမင်းဆိုင်ကို ဖွင့်လှစ်ခဲ့သူ ဒေါ်စောယုနွယ်ပဲဖြစ်ပါတယ်။

ဒေါ်စောယုနွယ်ဟာ ရွှေဘိုသူ ပေါ်ဆန်းမွှေး လက်ကားဖြန့်ချီရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး နေ့စဉ်ကြုံတွေ့နေရတဲ့ အခြေခံလူတန်းစားတွေရဲ့ဘဝကို စာနာပြီး ဖွင့်လှစ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ထမင်းကို ပေါ်ဆန်းမွှေးအကောင်းစားဖြင့်ချက်ကာ ဟင်းကိုလည်း ဝက်သား၊ ကြက်သား၊ ငါး စတဲ့ ကြိုက်နှစ်သက်ရာဟင်းနဲ့ စားသုံးနိူင်သလို ငပိရည်၊ တို့စရာအပြင် ပဲကြာဇံချက်၊ သီးစုံကုလားဟင်းစတဲ့ အရည်ဟင်းတစ်ခွက်ထည့်ပေးကာ အဓိကဟင်းမှလွဲ၍ ကြိုက်သလောက်အဝစားစနစ်နဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။

“ထမင်း ငပိရည်တို့စရာ နဲ့ကုလားပဲဟင်းဆို ဒီအတိုင်းချပေးထားတာ ကြိုက်သလောက် အဝစား ဝမ်းအပြင်အိတ်မရှိဘူး လှူတဲ့သဘောပါ”လို့ သူကပြောပါတယ်။

ငါးရာတန်ထမင်းဆိုင် မဖွင့်ခင်အချိန်က ဆေးရုံကြီးတွေမှာ ထမင်းဟင်းလှူဒါန်းတာတွေ၊ ကြက်သားဆန်ပြုတ်လှူဒါန်းတာတွေအပြင် သံဃာတော်တွေ နဲ့ သီလရှင်တွေကို ဆွမ်းအမြဲတစေလှူဒါန်းလေ့ရှိတယ်လို့ ဒေါ်စောယုနွယ်က ပြောပါတယ်။

“အခုလိုလုပ်ဖြစ်တာက အစ်မတို့ဆိုင်မှာ အလှူလာခံကြတယ်ပေါ့ ဆန်လှူပေးပါလားဆိုပြီး ချို့တဲ့သူတွေပေါ့၊ ခဏခဏဆိုတော့ အစ်မက စဉ်းစားတယ် ဘာလုပ်ပေးရမလဲပေါ့၊ သူတို့အတွက် သင့်တော်တဲ့ နှုန်းထားတစ်ခုနဲ့ ထမင်းဆိုင်လေးဖွင့်ရင်ကောင်းမလားဆိုပြီး ထ လုပ်ဖြစ်တာပါ”လို့ သူကပြောပါတယ်။

မြောက်ဒဂုံမြို့နယ် စုပေါင်းရုံးလမ်းအတွင်း ငါးရာတန်ထမင်းဆိုင် ဖွင့်လှစ်ထားတဲ့ ကိုနေသူရိန်ကို ဆက်သွယ်မေးမြန်းကာ ဖွင့်ခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ထမင်းဆိုင်ဖွင့်လှစ်ဖို့ ရည်ရွယ်ခဲ့ပြီးနောက်ပိုင်း ကိုယ်ပိုင်ငွေ သိန်း ၇၀ မတည်ကာ မိသားစုနဲ့တိုင်ပင်ပြီး ဆိုင်ရှိအလုပ်သမားတွေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စတင်ရောင်းချခဲ့တာဖြစ်တယ်လို့ ဒေါ်စောယုနွယ်က ပြောပါတယ်။

စတင်ရောင်းချတဲ့နေ့မှာ လူဦးရေ၂၅၀ သာ စီစဉ်ခဲ့သော်လည်း လာရောက်စားသုံးသူများပြားတာကြောင့် ယခုအခါ ပိုပြီး ချက်ထားရတယ်လို့ သူကပြောပါတယ်။

တစ်နေ့တာကုန်ကျစရိတ် နှစ်သိန်းနီးပါးရှိပြီး ပြန်ရငွေကတော့ တစ်သိန်းပင်မပြည့်ဘူးလို့သိရပြီး အလှူသဘောမျိုးပြုလုပ်တာဖြစ်တဲ့အတွက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

“ဘယ်လောက်ရှုံးရှုံးလုပ်မယ် ဒါကုသိုလ်ပဲလေ၊ အခုဆို လာစားတဲ့သူတွေ ပြန်လှူကြတယ်၊ မစားနိူင်တဲ့သူတွေအတွက် အလှူတစ်ခုလိုပဲ သဘောထားတယ်”လို့ ဒေါ်စောယုနွယ်ကပြောပါတယ်။

ရွှေဘိုသူငါးရာတန်ထမင်းဆိုင်အနေနဲ့ လက်တလော စားသုံးသူတွေရဲ့ လိုအပ်ချက်ကို အတက်နိူင်ဆုံးဖြည့်ဆည့်သွားမှာဖြစ်ပြီး ငွေကြေးမတက်နိူင်သူတွေလည်း လာရောက်စားသုံးနိူင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ရန်ကုန်မှာ အခြေခံလူတန်းစားတွေရဲ့ လိုအပ်ချက်အတွက် မြောက်ဒဂုံက ငါးရာတန်ဇလုံထမင်းဆိုင်ကို စတင်ဖွင့်လှစ်ပြီးနောက် မြောက်ဥက္ကလာပမြို့နယ်နဲ့ အရှေဒဂုံမြို့နယ်တွေမှာ ငါးရာတန်ထမင်းဆိုင်တွေ ဖွင့်လှစ်လာတာဖြစ်ပါတယ်။

“ကောင်းတာပေါ့ အခုလို ငါးရာတန် ထမင်းဆိုင်တွေ မြို့နယ်တိုင်း လမ်းဆုံလမ်းခွတွေမှာ ဖွင့်လေ ပိုကောင်းလေပဲ ပြည်သူတွေပိုပြီးတော့ အဆင်ပြေသွားတာပေါ့၊ ထမင်းတနပ်အတွက် အခက်အခဲမဖြစ်တော့ဘူး”လို့ ဒေါ်စောယုနွယ်က ပြောပါတယ်။

ရွှေဘိုသူထမင်းဆိုင်စဖွင့်တဲ့နေရာဟာ ဆိုင်ခန်း ကျဉ်းပြီး လာရောက်စားသူများပြားလာတာကြောင့် လူအများစု အေးဆေး စားသောက်နိူင်စေဖို့ သုနန္ဒာလမ်းမကြီးက ကျယ်ဝန်းသောမြေညီထပ်ကို ပြောင်းရွှေ့ဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

သုနန္ဒာလမ်းမကြီးရဲ့ ရွှေဘိုသူ ငါးရာတန်ထမင်းဆိုင်ကြီးရဲ့ရှေ့မှာတော့ လူအများတိုးဝှေ့စီတန်းနေရင်း ထမင်းစားဖို့စောင့်ဆိုင်းနေကြပါတယ်။ လာရောက်စားသုံးသူတွေ ထမင်း၊ဟင်းထည့်ပေးတဲ့ဝန်ထမ်းတွေနဲ့ အလုပ်ရှုပ်နေတဲ့ ဒေါ်စောယုနွယ်တစ်ယောက်”ပိုက်ဆံမပါတဲ့သူတွေလည်း စားလို့ရတယ်နော် မပါရင်ပေးစရာလိုဘူး”လို့ ပြောလိုက်တဲ့အသံဟာ ထမင်းစားခန်းတခုလုံး ဟိန်းထွက်သွားပါတော့တယ်…..။

#voiceofmyanmar #VOM #ဆောင်းပါး #ရွှေဘိုသူ #ငါးရာတန်ထမင်းဆိုင်

Related posts

Leave a Comment

VOM News

FREE
VIEW