ဆူးငှက်
ကျွန်တော်က မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ကို ၁၉၇၅-၇၆ စာသင်နှစ်မှ ရောက်သည်။ ဒါတောင် ကံကောင်းထောက်မစွာဖြင့် တက္ကသိုလ်သို့ ပထမနှစ်ကတည်းက တက်ခွင့်ရသည့် ပညာရေးစနစ်ကို မှီလိုက်၍ဖြစ်သည်။
ကျွန်တော်တို့နောက်နှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးပါက မန္တလေးမြို့လယ်ခေါင် ယခင် ကဉ္စဏနှင့် နန်းကေသီ အမျိုးသမီးဆောင်များနှင့် ယခင် ဖားသားလဖုန်း (အ.ထ.က ၁၄) ကျောင်းဝင်းများနှင့် နန်းရှေ့ ယခင်ပွဲကုန်းကျောင်းနေရာများတွင် မန္တလေးတိုင်းဒေသကောလိပ်ဟု ဖွင့်လှစ်ပြီး ထိုဒေသကောလိပ်မှာ ၂ နှစ်နေပြီးမှ တက္ကသိုလ်သို့ ဆက်တက်ခွင့်ရသည်။
တက္ကသိုလ်သို့ တက်ခွင့်ရပြီဆိုကတည်းက စိတ်ထဲမှာ ချဉ်ခြင်းတက်နေတာက တက္ကသိုလ်အဝန်းအဝိုင်းနှင့် စပ်ဟပ်သက်ဆိုင်သော နေထိုင်ခြင်းအနုပညာနှင့် တက္ကသိုလ်မှ နာမည်ကျော်ဆရာကြီးများကို တွေ့မြင်လိုလှခြင်းဖြစ်သည်။ ဝတ္ထုတွေထဲက တက္ကသိုလ်သည် လွမ်းဆွတ်
ဖွယ်ကောင်းလှ၏။ ဆွတ်ပျံ့ဖွယ်ကာင်းလှ၏။ ရဲရင့်တက်ကြွဖွယ်ကောင်းလှ၏။ ဂုဏ်ယူအားတက်ဖွယ်ကာင်းလှ၏။ ကိုယ့်ကိုယ်နှိုက်က စာပေအနုပညာမှာ ဝါသနာ အထုံပါခဲ့တော့ … တက္ကသိုလ်က ပညာရှင်ကြီးများထံ စာပေအနုပညာဆိုင်ရာ အဆိုအမိန့်၊ အသင်အကြားများကိုလည်း နာယူလိုလှ၏။
ဆရာဒဂုန်တာရာ၏ စာများနှင့် ဆရာသိန်းဖေမြင့်၏ စာများအပေါ်စ်ဝင်စွဲလန်းမှုကြောင့် တက္ကသိုလ် ပရိဝုဏ်အတွင်းက အနီရဲ ရင့်ရင့် ဗုဒ္ဓသာသနံ အပွင့်များကို လေးစားကြည်ညိုနေမိသည်။ ရင့်ကျက်တည်ငြိမ်သော ဘွဲ့နှင်းသဘင်ခန်းမနှင့် အားမာန်၏ လက္ခဏာ သစ်ပုတ်ပင်တို့ကို ဦးညွှတ်နေမိသည်။
သို့သော် မိမိ၏ တက္ကသိုလ်ဝင် အောင်စာရင်း အမှတ်အရ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှာပဲ တက်ရမည်လေ …။ ကိစ္စမရှိ …။ တမာလမ်း၊ ရေနီမြောင်းနှင့် အဓိပတိဆောင်၏ တိုင်လုံးကြီးများနှင့် ခံ့ထည်သည့် မန္တလေးတက္ကသိုလ်ကိုလည်း ရှေးရှေးက မျိုးဆက်များ၏ အသီးသီးသော ဂုဏ်ရည်ဖြင့် လေးစားမြတ်နိုးစိတ် အပြည့်အလျှံ ရှိခဲ့ပါ၏။ မန္တလေးတက္ကသိုလ်မှာ (ထိုစဉ်က) ပါမောက္ခ ဦးနက်ရှိသည်။ ဒေါက်တာ ဘကြည်ရှိသည်။ ဦးသိန်းမောင်ရှိသည်။ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)ရှိသည်။ ဦးဆန်းထွန်း(မန်းတက္ကသိုလ်) ရှိသည်။ ရုက္ခဗေဒဒေါက်တာသန်းထွန်း ရှိသည်။ သမိုင်းဒေါက်တာသန်းထွန်း ရှိသည်..။ ကဲ .. ဘာလိုသေးသနည်း။
တကယ်တော့ မန္တလေးတက္ကသိုလ်နှင့် ပတ်သက်၍ ရှေးရှေ့က အတွေ့အကြုံများမှာ မန်းတက္ကသိုလ် ကလောင်ရှင်များအသင်းမှ ထုတ်ဝသော ကဗျာစာအုပ်များထဲက ဖတ်မှတ်လွမ်းဆွတ်၊ အားတက်ခဲ့ရသော စာတွေ့များပဲ ဖြစ်ပါ၏။
တက္ကသိုလ်မတက်ခင်က စာအုပ်တွေ ဖတ်ပြီး တက္ကသိုလ်ရောက်ရင် ပညာတွေ ဆည်းပူးလိုက်မယ်။ ပညာရှိဆရာကြီးများထံ ဆည်းကပ်လိုက်မယ်။ ပခုံးပြောင်း တာဝန်တွေ ယူလိုက်စမ်းမယ်ဟူသော အတွေးတွေက တကယ်တမ်း တက္ကသိုလ်တက်တော့ ကြက်ပျောက်၊ ငှက်ပျောက် ပျောက်ကုန်ပြီ။
မနက်ကျာင်းမသွားမှီ ဆေးရုံကြီးရှ့က စိန်မြင်းမိုရ်လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြသည်။ ကျောင်းရောက်တော့ အတန်းထဲ မျက်နှာပြရုံ၊ စတိမျှ တက်ပြီး မိန်းအနောက်ဘက်က မဌေးမာတို့ “ချိုကြီး” လက်ဖက်ရည်ဆိုင်ကို ရောက်ကြသည်။ မနက် ၉နာရီလောက်က ထိုင်လိုက်တာ မွန်းလွဲ ၁နာရီကျော် မှ ထကြသည်။ အပြန် … မင်္ဂလာလမ်းက သီတာဦးမှာ ဝင်ထိုင်ကြတာ ညနေစောင်းရော … ညနေ အိမ်ပြန်၍ ထမင်းစားသောက်ပြီး ညပိုင်း အလင်းဆိုင်တစ်ဆိုင်မှာ ထပ်ထိုင်ကြတာ … သန်းခေါင်မှ ပြန်ကြတော့၏။ ဤသို့ လက်ဖက်ရည်ဆိုင်တွေမှာ မိုးလင်းမိုးချုပ် ထိုင်ကြရင်းမှ ကျွန်တော် ဆရာကြီးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
XX XX XX
ပင်မဆောင်အနောက်ဘက် မဌေးမာတို့ ချိုကြီးကဖေးက လူမစည်လှ …။ အလွန်ဆုံးရှိလှ နှစ်ဝိုင်း သုံးဝိုင်းပဲ ဖြစ်သည်။ ကျွန်တော်တို့ ဝိုင်းက ပင်တိုင်ပေါ့။ ကျောင်းသားဝိုင်းက ကျွန်တော်တို့ပဲ ရှိသည်။ ကျန်ဝိုင်းတွေက ဆရာတွေဖြစ်သည်။ အလွန် သဘောထားပြည့်ဝ၍ အပြန်အလှန်လေးစားမှုဖြင့် တပည့်များအပေါ် နားလည်ပေးသော ဆရာများမို့ပေါ့။ အတန်းတက်ချိန်ရောက်တိုင်း လက်ဖက်ရည်ဆိုင်မှာချည်း
တွေ့နေရသော တပည့်များအပေါ် အလိုလိုက်လွန်းလှသည်။
ထိုဆရာများဝိုင်းတွင် မနက်ပိုင်း ၁၁နာရီဝန်းကျင် ရောက်လာတတ်သော ဆရာများတွင် သမိုင်းပါမောက္ခဆရာကြီး ဒေါက်တာသန်းထွန်း က ဦးဆောင်လာသည်။ ဆရာ၏ လက်ထဲမှာ စာအုပ်၊စာတမ်း၊ စာရွက်ထပ်များ အမြဲတမ်း မပါမဖြစ် ပါလာတတ်၏။ ဆရာကြီးဘေးမှာ ဆရာလေးတွေ ၃ဦး၊ ၄ဦး လိုက်ပါလာသည်။ ဆရာကြီးက လက်ဖက်ရည်ဆိုင် စားပွဲမှာ စာတမ်းများ၊ စာအုပ်များကို ဖွင့်ပြီး အလုပ်လုပ်ချင် လုပ်သည်။ အလုပ်လုပ်သည် ဆိုသော်လည်း ငတ်မှ စာအကြောင်း၊ပေအကြောင်း ဖွယ်ဖွယ်ရာရာတွေကို သူ့တပည့် ဆရာများနှင့် ပြောတတ်၏။
ကျွန်တော်တို့နှင့် စားပွဲချင်း ယှဉ်လျက်နေရာမှာချည်း ဆရာတို့က ထိုင်သည်မို့ ဆရာတို့ စကားတွေကို သဲသဲကွဲကွဲ အမြဲကြားနေရသည်။ လက်ဖက်ရည်ဆိုင်မှာပြောသော ဆရာ့စကားတွေက သမိုင်းဆိုင်ရာတွေ၊ သုတေသနတွေ မဟုတ် …။ ဆရာဒဂုန်တာရာ၏ “လေနုအေးကနော့နေဆဲကို”ဟူသော အရေးအသားနှင့် ကဗျာများအကြောင်း …။
တစ်နေ့မှာတော့ ဆရာက ဗန်းမော်တင်အောင်၏ “ကိုလိုနီခေတ် ဗမာ(မြန်မာ) နိုင်ငံသမိုင်း” စာအုပ်နှင့် ပတ်သက်၍ သူ့အမြင်ကိုပြောပြနေ၏။ “ဗန်းမော်တင်အောင်က သမိုင်းကိုရေးပြီဆိုတော့ ဒိုင်ယာလစ်တစ်အမြင်နဲ့ ရေးမလားလို့ အတော်မျှော်လင့်မိတယ်ဗျ …” ဟူသော စကားများကို ကျွန်တော် အလွန်စိတ်ဝင်စားသွားသည်။ ဤသို့ဖြင့် နံနက်တိုင်း “ချိုကြီး” ကဖေးမှာ ထိုင်ရင်း ဆရာကြီးဒေါက်တာသန်းထွန်းတို့ လက်ဖက်ရည်ဆိုင်ထိုင်မည့်အချိန်ကို မျှော်နေမိသည်။
ဆရာတို့ရောက်လာလျှင် ဝမ်းမြောက်သွား၏။ ဆရာတို့ ဘာစကားပြောမလဲဆိုတာ အငမ်းမရ နားစွင့်မိသည်။ နားစွင့်မိသလို ပြောသောစကားများကလည်း အဖိုးတန် စိတ်ဝင်စားစရာတွေချည်း ..။ ညိုမြနှင့် တောင်သမန်အကြောင်း၊ မသန်းတင့်နှင့် “… ဆက်၍ရေးချင်သော
ဝတ္ထုများအကြောင်း”၊ “ဇင်၊၊ ကြူး” ကဗျာဝါဒအကြောင်း။ ဗန်းမော်တင်အောင်နှင့် “တော့၊ ကာ၊ သာ၊ ဘဲ၊ ရယ်၊ နဲ့” အကြောင်း၊ မောင်လေးအောင်၏ “ပညာတတ်ကြိမ်လုံး” အကြောင်း..”။ ထို့နောက် အထက်ဗမာ(မြန်မာ)နိုင်ငံ စာရေးဆရာအသင်း၏ စာတမ်းများအကြောင်း …။ ကျွန်တော်က ဆရာတို့ဝိုင်းမှ ဆရာဦးဆောင်ပြောသော စကားများကို နားစွင့်ပြီး သိချင်သော စာတွေ ရှာဖွေဖတ်ဖြစ်သည်။
၁၉၇၅ မှ သည် ၁၉၇၉ ထိ ၄နှစ်၊ ၄မိုးတိုင် မန္တလေးတက္ကသိုလ်မှာနေခဲ့ငြား ဆရာနှင့် နဖူးတွေ့ ဒူးတွေ့ တွေ့ဖူးသည်က တစ်ကြိမ်တစ်ခါပဲဖြစ်သည်။ မုံရွာမှရသော အုတ်ခွက်ဘုရားတစ်ဆူကို ဆရာ့ထံပေးပို့ကာ ခေတ်ကာလအခြေအနေ မေးမြန်းစူးစမ်းခြင်းဖြစ်သည်။ ဆရာ့ရုံးခန်းထဲမှာက အဲလို အုတ်ခွက်ဘုရားတွေက အများအပြား … အပုံအပင် …။
“ခင်ဗျား ဒီဘုရားက ဘယ်လိုတွေ့တာလဲ။ ဘုရားအုတ်တံတိုင်းထဲ ဘယ်နေရာမှာတွေ့တာလဲ။ ဘုရားစေတီထဲကလား၊ မြေကြီးထဲကလား၊ အနက် ဘယ်လောက်လဲ၊ ဘာပစ္စည်းတွေ ပါသေးလဲ၊ ဘယ်နေရာကလဲ …၊ ဒါတွေ အတိအကျ သိမှ ဖြစ်မှာပေါ့ …” ထိုအရာများ ကျွန်တော်မသိ…။ ကျွန်တော်က အိမ်တစ်အိမ်၏ ခေါင်းရင်းအုတ်ခုံဘေးမှာ ထောင်ထားတာတွေ့လို့ ယူလာခြင်းဖြစ်သည်။ ကျွန်တော့်မှာ သမိုင်းသုတေသနနှင့် ပတ်သက်၍ ဗဟုသုတအရာ ဤရွေ့ဤမျှ ညံ့ဖျင်းလှခြင်းအတွက် ရှက်မိသည်။
နောက် … ဆရာနှင့် ကျွန်တော် ချိုကြီး ကဖေးမှာပဲ သူမသိ ကိုယ်မသိ တွေ့ဖြစ်နေကြတော့သည်။ နောက် … ကျွန်တော် စာလေးပေလေး မတောက်တခေါက်ရေး …၊ လူထုစာအုပ်တိုက်မှ အယ်ဒီတာစားပွဲမှာရောက်ဖြစ်နေတော့ … အမေ လူထုဒေါ်အမာဆီ လာရောက်တတ်သော ဆရာ့ကို အမြဲတွေ့ဖြစ်သည်။ ထို့နောက် တောင်လေးလုံးအောင်ခြင်းရှစ်ပါးဓမ္မာရုံနှင့် သူဋ္ဌေးဘုရားရင်ပြင်မှာ …။
၁၉၉၇ ခုနှစ်လောက်က တောင်လေးလုံးကျောင်းတိုက်မှာ ကျွန်တော့်သားတွေ ရှင်ပြုတော့ မထင်မှတ်ဘဲ ဆရာရောက်လာသည်။ ဆရာက ဆရာတော် ဦးပညာ(အမရပူရ)၏ အခန်းမှာ ဝက်အူချောင်းကြော် တစ်ပန်းကန်နှင့် အကြာကြီးထိုင်ကာ ချီးမြှင့်ပေးသွားသည်။
တစ်နေ့တော့ အမေလူထုဒေါ်အမာက ကျွန်တော့်ကို “မင်းကလည်း မန္တလေးအကြောင်းတွေ ရေးနေတော့ … ဆရာက မင်းကိုတွေ့ဦးမယ်တဲ့။ ညနေ ဆရာလာလိမ့်မယ်၊ စောင့်လိုက်ဦး …”တဲ့။ ဘုရား … ဘုရား …။ ကျွန်တော် မန္တလေးအကြောင်းရေးတယ်ဆိုတာက တောင်ရောက်မြောက်ရောက်။ “ကျွန်တော် ကြားဖူးသလို ပြောဆိုပါမည်” ချည်းဖြစ်သည်။ ဘာမှ ခိုင်ခိုင်မာမာ တိတိကျကျ မရှိလှ …။ ဟော … ဆရာလည်း ရောက်လာရော … ၊ ကျွန်တော့်ကို တစ်ယောက်တည်းခေါ်တွေ့ပြီး “ကဲ … ကိုဆူးငှက် ပြောစမ်းဗျာ။ မန္တလေးက ရွှေကျင်သာသနာဝင် အကြောင်း” တဲ့ …။ ဆရာက မှတ်စုစာအုပ်ထုတ်ပြီး ခဲတံနှင့် စောင့်သည်။ သေပါလေရော …။ ဘယ့်နှယ် ကျွန်တော်က မန္တလေးရွှေကျင်သာသနာဝင်အကြောင်း ဘယ်သိပါ့မလဲ။ မတတ်နိုင် …။
“ဆရာ … ကျွန်တော် မသိပါဘူး ဆရာ” ဟုဆိုတော့ ဆရာက ပြုံးပြုံးကြီးကြည့်ပြီး ခေါင်းရမ်းသည်။ “ကဲ … ဒါဆိုရင် ခင်ဗျားသိတာပဲပြော” ဟု ဆိုသည်။ ကိုင်း ကျွန်တော်ကလည်း အရပ်ပြောပဲ ပြောနိုင်သည်။ ဆရာသိချင်သော အချက်နှစ်ချက် သုံးချက်လောက်တော့ ရပုံပေါ်ပါရဲ့။ သမိုင်းတော့ မဟုတ် …။ လက်ရှိမြင်ကွင်းအနေအထား အချို့ပဲ
ဖြစ်သည်။ လူထု အယ်ဒီတာစားပွဲမှာ ဆရာ့စာအုပ် တစ်အုပ်စ၊ နှစ်အုပ်စ ကိုင်ရတိုင်း … အထူး ဂရုစိုက်မိ၏။ ဆရာက အလွန်တိကျ၊ သေချာ၊ စနစ်ရှိသောကြောင့် ဖြစ်သည်။ စာပိုဒ်အဖွင့်တွေကိုပင် အမှား မခံ ..။
ဆရာနှင့် အထိအတွေ့ အလွန်နည်းလှသော်လည်း …၊ တက္ကသိုလ်တက်ရသည့် ၄နှစ်အတွင်း ပြင်ပစာနှင့်ပြင်ပဗဟုသုတနှင့် ပတ်သက် ၍ လက်ဖက်ရည်ဝိုင်းမှာ ဆရာပြောသော စကားများကို ဘေးဝိုင်းမှ မသိမသာ နာကြားကာ လေ့လာစူးစမ်းမိခြင်းကပင် ဆရာ့ကျေးဇူးကြီးမားလှပါပြီ။ တက္ကသိုလ်တက်ရကျိုး နပ်လှပါပြီ။
XX XX XX
၂၀၀၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့မှာ ဆရာချစ်သော မန္တလေးတက္ကသိုလ်၏ ဆရာချစ်သော ရုံးခန်းအတွင်း၌ပင် ကွယ်လွန်ခဲ့သဖြင့် ယခု ၂၀၂၁ခုနှစ် နိုဝင်ဘာ ၃၀ရက်တွင် ၁၆နှစ်ပြည့်ပါပြီ။ ဆရာချစ်သော တောင်လေးလုံးပရိဝုဏ်၌ ထာဝရခေါင်းချသွားခဲ့သော ဆရာကြီး ဒေါက်တာသန်းထွန်းကား မန္တလေးအကြောင်း ပြောပြလေ့တိုင်း ထိပ်ဖျားမှာ ပါနေဦးမည်သာ …။ ဆရာကြီး သမိုင်းကား ထာဝရတည်ရှိနေမည်မှာ မလွဲပါ။
#voiceofmyanmar #VOM #ဆောင်းပါး #ဆူးငှက်