ဆောင်းဦးပေါက်

ဆူးငှက်

(က)
မကြာမီ် ဆောင်းက ညာသံပေး ဝင်လာတော့မည်။ စာအုပ်တွေထဲကဆောင်းကာလကိုတော့ ဤသို့မှတ်သားဖူးသည်။ ၁၉၄၂ ခုမေလ ၁ ရက်မှ၊ ၁၉၄၅ ခုမတ်လ ၂၀ ရက်နေ့အထိ မန္တလေးကို ဂျပန်ကသိမ်းပိုက်ပြီး အဝင်မှာရော အထွက်မှာပါ စစ်မြေတလင်းဖြစ်ခဲ့သည်။ မန္တလေးမှာ ရွှေနန်းတော်ကြီးမှအစ မြို့၏ နေရာအတော်များများ ပြာပုံဘဝရောက်ခဲ့ရသည်။

စစ်ကြီးကြောင့် မန္တလေး၏ ရုပ်ဝတ္တုပစ္စည်းအများအပြားပျက်စီးရသည့်အပြင် မန္တလေးသူ မန္တလေးသားများ၏ စိတ်ဓာတ်များလည်း ပြိုလဲပျက်စီးခဲ့ရသည်။ အထူးသဖြင့် လူငယ်များ၏ စိတ်ဓာတ်ပျက်ပြားမှုကအဆိုးရွားဆုံးဖြစ်၏။ မီးလောင်ပြင် စစ်တလင်းမှာ အိုးအိမ်များကို ဖြစ်သလို ကုပ်ကပ်နေထိုင်ကြရပြီး ပြန်လည်ထူထောင်ရေး၊ ကျန်းမာရေး၊ ကြံ့ခိုင်ရေးများကို လျစ်လျူရှုပြီး အင်္ဂလိပ်စစ်တပ်က အမွေပေးခဲ့သော အရက်ဘီယာနှင့် အပျော်အပါးလိုက်စားမှုများဖြင့်သာ ဒုစရိုက်မျိုးစုံနောက် ရေစုန်မျောပါခဲ့သည့် လူငယ်များချည်းဖြစ်နေတော့၏။

မီးလောင်သွင်ပြား အတွန့်အလိန်များဖြင့် ရရာသစ်သားတိုစများတိုင်ထူပြီး ရွှံ့ထဲဗွက်ထဲ ရောဂါဘယဘေးအမျိုးမျိုးဖြင့် နေထိုင်ရသော်လည်း ညနေစောင်းသည်နှင့် ရုံတော်ကြီးရှိဟိုတယ်များ၊ စားသောက်ဆိုင်များ။ ယမကာဆိုင်များတွင် တရုန်းရုန်း စည်ကားနေသည်ဆို၏။

ထို့ကြောင့် မြို့မိမြို့ဖများနှင့် ပညာရှင်များက “ကမ္ဘာစစ်ကြီးအပြီး လွတ်လပ်ရေးအတွက်၊ အိုးအိမ်များ ပြန်လည်ထူထောင်ရေးအတွက်…၊ အမျိုးဘာသာသာသနာအတွက်၊ လူငယ်များကိုယ်လက် ကြံ့ခိုင်ရေးအတွက်ဟူသော ရည်ရွယ်ချက်များဖြင့် ၁၉၄၅ခု ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ယခင် ဗုဒ္ဓဘာသာယောကျ်ားလေး ကျောင်းဝင်းကြီးအတွင်း ဆောက်လုပ်ထားသည့် နေသူရိန်ရုံကြီးတွင် “လူမျိုးပြန်လည် ထူထောင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားပွဲတော်” ကိုကျင်းပခဲ့သည်ဆို၏။ ထိုပွဲတွင် ပွဲများနှင့်ဝေးနေသော မန္တလေးတွေ တခဲနက်အားပေးကြသည်။ ထိုပွဲတွင် ကာယဗလနှင့် ကြံ့ခိုင်ရေးကို အားပေးသောသီချင်းများ၊ ပြဇာတ်များ၊ တေးသရုပ်ဖော်များနှင့် ရွှေမန်းမောင်မယ်ရွေးပွဲလည်း ပါဝင်သည်။ ယနေ့တိုင်ခတ်စားနေသော ဆရာမြို့မငြိမ်း၏ အိုလံပစ်၊ ယဉ်တစ်ကိုယ်မယ် ကရဝိတ်သမြူးဇစ်စသော သီချင်းများမှာထိုပွဲအတွက် ရေးစပ်တီးမှုတ်ခဲ့သော သီချင်းများဖြစ်သည်ဟု မှတ်သားရသည်။
(ခ)
ကိုယ်တွေ့ “ဆောင်း” ကိုတော့ ဤသို့ ဖြတ်သန်းဖူးပါ၏။

“စောစောအိပ်လို့၊ စာစောထလို့
စောစောလမ်းလျှောက်ကြပါစို့ …”

ယခုလိုဆောင်းဦးကာလ နှင်းတွေဖွဲဖွဲကျနေချိန်တွင် ငယ်စဉ်က အနှစ်နှစ်ဆယ်နီးပါး နားထဲစွဲနေသော သီချင်းသံကို ကြားယောင်နေမိပါ၏။ ထိုစဉ်က ယခုလို ဆောင်းဦးပေါက်လာပြီဆိုလျှင် စနေနေ့လို ညမျိုးတွင် နောက်ရက်မနက်စောစော လမ်းလျှောက်ပွဲ ဆင်နွှဲဖို့အတွက် စာရင်းကောက် လှုံ့ဆော်ပြင်ဆင်ကြသည်။ ရပ်ကွက်ထိပ်ကင်းတဲမှာက ညလုံးပေါက် ဆန်ပြုတ်အိုးကြီး တည်ထား၏။ ဒါကလည်း ကင်းတဲမှာ ထိုညအလှည့်ကျစာင့်ကြရမည့် အိမ်ထောင်ဦးစီးတွေက အိမ်ဆန်အိုးထဲမှ တစ်ဆုပ်တစ်ခွက် ယူလာကြခြင်းဖြစ်သည်။

ထင်းမီးဖိုကြီး အမြဲမပြတ်ဖိုထားပြီး ကျပ်ခိုးတွေ ဂျွတ်တက်နေသည့် ဒန်အိုးကြီးတစ်လုံးနှင့် ဆန်ပြုတ်များကျိုထားခြင်းဖြစ်၏။ သည်တုန်းက ကျွန်တော်တို့က ဘာရှိဦးမလဲ …။ ၁၃နှစ် ၁၄စ်သားပေါ့ …။ ကလေးမဟုတ် လူကြီးမဟုတ် စကအရွယ်။ ကင်းတဲမှာရပ်ကွက်ထဲက
အိမ်နီးချင်းတွေနှင့်မို့ အိမ်ကလည်းစိတ်ချသည်။ ဆန်ပြုတ်အိုးကြီးပွက်ပွက်ဆူတော့ ရှိသည့်ဇလုံ၊ ပန်းကန်တွေနှင့် အငွေ့ချောင်းချောင်းထမျှကို တဖူးဖူးမှုတ်သောက်ရတာ ဝနိုင်ဖွယ် မရှိ။ ရုံတော်ကြီးနန်ကင်းအလင်းဆိုင်မှ အီကြာကွေးတွေ ဝယ်လာသူက ဝယ်လာသည်။ တစ်ညလုံးနီးပါးလမ်းလျှောက်လိုက် …။ မီးလှုံလိုက်၊ ဆန်ပြုပ်သောက်လိုက်
…၊ လက်ဖက်ရည်သောက်လိုက်နှင့် သန်းခေါင်ကျော် နာရီပြန် ၂ ချက်လောက်ရောက်သည်နှင့် ဓမ္မာရုံမှ ခေတ္တယူထားသည့် အသံချဲ့စက်ကြီးကို၊ ဦးချစ်တီး၏ ဂျစ်ကားဘောနက်ပေါ်တင်ပြီး … အသံကို အသားကုန်တင်ကာ “ဟဲလို …တက်စတင်း၊ တက်စတင်း …၊ ဝမ်း တူးသရီးဖိုး” … ကို ကင်းတဲရှိ လူကုန် အသံပြဲကြီးတွေနှင့် စမ်းသပ်ကြပြီးနောက် … “စောစောအိပ်လို့၊ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ …၊ ဟူသော သီချင်းရီကော်ဒါခွေကြီးအား အပြန်ပြန် အလှန်လှန်ဖွင့်လှစ်တော့၏။ တစ်ရပ်လုံးကြားအောင်လည်း ဟွန်းကြီးကိုထမ်းပြီး အရပ်ရှစ်မျက်နှာ လှည့်ရသေးသည်။

၃ နာရီထိုးတော့ တစ်ရပ်ကွက်လုံးနိုးပြီ။ ဟိုအိမ်သည်အိမ်က ချောင်းဟန့်သံတွေ ကြားလာရပြီ။ ဖယောင်းတိုင်မီး၊ မှန်အိမ်မီးလေးတွေ
လင်းလက်လာသည်။ တစ်အိမ်နှင့်တစ်အိမ် လှမ်းအော်၍ အသံများဆူညံလာသည်။ လက်မှတ်ထိုးစာရွက်တွေလည်း အဆင်သင့်ပြင်ထားကြ၏။ ကင်းမှူးက သူ့တစ်အိမ်လုံးမှ အိမ်ထောင်စုဇယားပေါက်နာမည်တွေကို လမ်းလျှောက်တက်ရောက် လက်မှတ်ထိုးစာရွက်မှာ စတင်၍ ဖြည့်သွင်းသည်။ လသားအရွယ် ကလေးငယ်လေး နာမည်လည်း ပါနေတာမို့၊ မသင့်တော်ပါဘူးလေဟု ဆိုကာ မှင်ဖြင့်ချစ်ပစ်နေ၏။

မကြာမီ ရပ်ကွက်တွင်းမှ တစ်အိမ်တစ်ယောက် အနည်းဆုံး တဖွဲဖွဲရောက်လာပြီး လက်မှတ်ထိုးကြသည်။ ကင်းမှူးက နံနက် ၄ နာရီနောက်ဆုံးစာရင်းလက်ခံမှာတဲ့။ တနင်္လာနေ့နံနက် သမဝါယမဆိုင် အဖွင့်တွင် ဆပ်ပြာတစ်ဖြတ်စီကို သမဝါယမအသင်းသားစာအုပ်နှင့် လာရောက် ထုတ်ယူကြဖို့လည်း ဆော်သြသည်။ နံနက် ၄ နာရီထိုးတော့ ဦးချစ်တီး ဂျစ်ကားပေါ်က အသံချဲ့စက်မှ “စောစောအိပ်လို့ စောစောထလို ေ့စာစောလမ်းလျှောက်ကြပါစို့” သီချင်းသံတညံညံဖြင့် မြို့နယ်စုရပ်သို့ ရပ်ကွက်သူ ရပ်ကွက်သားတွေ ဦးတည်ကြတော့သည်။

မိကျောင်းတံတား အတက် လမ်းမီးပျက်နေသော မှောင်ရိပ်မှာ တချို့က အပေါ့သွားသလိုလိုနှင့် နဝေတိမ်တောင်လုပ်နေသဖြင့်၊ မြို့နယ်ရုံးမှာ လူစာရင်း ထပ်စစ်ဦးမှာနော်ဟု ကင်းမှူးက တကြော်ကြော်အော်နေသည်။ ဤသို့ဖြင့် မြို့နယ်ရုံးရှေ့မှာလည်း ရပ်ကွက်ပေါင်းစုံ တစ်စုတစ်ဝေးရာက်ရှိလာပြီး နံနက် ၅ နာရီထိုးသည်နှင့် “စောစောအိပ်လို့၊ စောစောထလို့၊ စောစောလမ်းလျှောက်ကြပါစို့ …” ဟူသော
သီချင်းသံဆူညံစွာ အရှေ့ဘက်ကျုံးဆီသို့ နှင်းမှုန်မှုန်အောက် တပျော်တပါး လမ်းလျှောက်ကြတော့သည်။

““လူကြီးတွေကမဖြစ်လို့ အိပ်ရေးပျက်ခံပြီးလိုက်ကြတာပါတော် ၊ သင်းက ကလေးပီပီ အိမ်မှာ အိပ်မနေဘူး၊ တကတည်း တစ်ညလုံးမိုးလင်း တချွတ်ချွတ်နဲ့ မအိပ်နိုင်ဘူး”” ဟု အမေက ကျွန်တော့်ကို မြည်တွန်တောက်တီးသည်။ ““ထူးပြီး လမ်းလျှောက်ရဦးမှာလားဗျာ … ကျုပ်က ဈေးတောင်းထမ်းပြီး မနက်တစ်ခေါက် ညနေတစ်ခေါက် တစ်မြို့လုံးလှည့်သွားနေရတာ …”” ဟုလည်း ဦးကြီးကဆို၏။
ငယ်စဉ်က ဆောင်းမနက် လမ်းလျှောက်ကြသည့်အကြောင်း …။

(ဂ)
ဆောင်းကာလများစွာကျော်ဖြတ်သွားခဲ့ပြီ။ နှင်းများကား ဝေမှိုင်းစွာ ကျနေဆဲဖြစ်၏။ နံနက် ၄နာရီ ညမထွက်ရအမိန့်ချိန် ကုန်သည်နှင့်
ဝမ်းစာရှာသည့် ငှက်ကလေးတွေ အသိုက်မြုံက ခေါင်းပြူထွက်သလို လူအများစုမှာလည်း တစ်နေ့တာ ဝမ်းစာအတွက် ရှာဖွေကြဖို့ လမ်းပေါ်အရိပ်အကဲကြည့်ကာ ဈေးတောင်းပြင်ကြရပြီ။ ၄နာရီခွဲ ၅နာရီမတ်တင်းလောက်မှာတော့ လမ်းပေါ် ထွက်ကြပေါ့။ မနက်စောစောမှာတော့ ချမ်းသေးသည်။ နေတစ်ဖျားရောက်သည်နှင့် အပူငွေ့က ရိုက်ခတ် လာ၏။ ကျုံးနဘေးမှာလည်း အတိုက်အလျောက် လမ်းလျှောက်သူတွေရှိမှာပေါ့။

ကျွန်တော်တို့ ရပ်ကွက်လေး၏ လမ်းလေးပေါ်မှာ ဈေးသွားဆိုင်ကယ်သံအချို့ စက်သံတဖုန်းဖုန်း ကြားရပြီ။ ကျွန်တော်ကတော့ အိပ်ရာထဲကွေးနေရင်း ငယ်စဉ်က ကြားခဲ့ဖူးသော … ဦးကြီး၏ ““… ကျုပ်ကဈေးတောင်းထမ်းပြီး မနက်တစ်ခေါက်၊ ညနေတစ်ခေါက် တစ်မြို့လုံးသွားနေတာ၊ မိုးမလင်းခင်ကတည်းက ချွေးစို့နေပြီဗျို့ …” ဟူသောအသံကို အဝေးဆီမှ နှင်းမှုန်တို့က ပါးပါးလေးသယ်ဆောင်လာလေသလား …။

#voiceofmyanmar #VOM #ဆောင်းပါး #ဆောင်းဦးပေါက်

Related posts

Leave a Comment

VOM News

FREE
VIEW