အောင်မြေ

————–
ဆူးငှက်

မန္တလေး အိမ်တော်ရာဘုရား ပရိဝုဏ်၏ ရာဟုထောင့်တွင် နာမည်ကျော် ၁၄ ခန်းဇရပ်ကြီးရှိသည်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ သစ်သားတိုင်များဖြင့် ကြီးမား ခံ့ထည် ကျယ်ဝန်းလှသော ဇရပ်ကြီးဖြစ်သည်။ ၁၄ ခန်း ဇရပ်ကြီးထဲမှာ နာမည်ကျော် ပန်းချီဆရာကြီး ဦးချစ်မြဲ၏ နိပတ်တော် ပန်းချီကားများ ရှိသည်။ မူလ ၁၄ ခန်း ဇရပ်ကြီးမှာ ကိုတာမီးကြီးတုန်းက မီးသင့်သွားသဖြင့် မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ် ဝါဆိုလပြည့်နေ့တွင် ရွှေကုန်သည်ကျောင်းအမကြီး ဒေါ်စိုး၊ သမီး ကြည်ကြည်၊ သမီး တင်တင်ဦးတို့က ပြန်လည်ဆောက်လုပ် လှူဒါန်းခဲ့သည်ဟု မှတ်သားရသည်။

၁၄ ခန်း ဇရပ်ကြီးမှာ မြန်မာ့နိုင်ငံရေးသမိုင်းမျက်နှာစာတွင် မန္တလေး အခန်းကဏ္ဍ၌ အောင်မြေအဖြစ် အထင်အရှား တည်ရှိခဲ့သော ဘူမိနက်သန်ဖြစ်သည်။ နိုင်ငံရေးသာမက ဘာသာရေး၊ သာသနာရေး ကဏ္ဍများတွင်လည်း ဘူမိနက်သန် ဖြစ်ခဲ့၏။

ထို့နောက် ၁၃၁၆ ခု တော်သလင်းလဆုတ် ၁ ရက် (၁၂-၉-၅၄) ၌ စာသင်ကျောင်းများ၌
ဗုဒ္ဓဘာသာ သင်ခန်းစာများ သင်ရန်၊ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းရန် အိမ်တော်ရာ ၁၄
ခန်းဇရပ်၌ စုဝေးတောင်းဆိုခဲ့ကြ၏။
၅-၂-၅၆နေ့တွင်လည်း ပြည်တွင်း ငြိမ်းချမ်းရေး လူထုဆန္ဒပြပွဲကြီး၊ ၂၆-၃-၅၆နေ့တွင် ပါဠိတက္ကသိုလ် စာမေးပွဲနှင့်ပတ်သက်၍ ရဟန်းသံဃာများ စုဝေး ရရှိနိုင်ခြင်း၊ ၂၇-၃-၅၆နေ့ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကြီး၊ ၃၁-၃-၅၆နေ့တွင် ဆရာကြီး
သခင်ကိုယ်တော်မှိုင်း၏ ငြိမ်းချမ်းရေး ဆန္ဒပြုပွဲကြီး၊ ၁၃၁၈ ခု တပေါင်းလဆန်း ၁၃၊ ၁၄၊ ၁၅ ရက်များတွင် ပြည်ထောင်စုမြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းထိုင်ဆရာတော်များအဖွဲ့ချုပ်၏ အစည်းအဝေး၊ ၇-၇-၅၇နေ့တွင် အဖွဲ့ပေါင်း ၁၂၀၊ လူထုပရိသတ် ၅၀၀၀ကျာ်ဖြင့် (၁၀)နှစ်မြောက် အာဇာနည်နေ့ အလေးပြု အခမ်းအနား၊ ၈-၇-၅၇နေ့က မန္တလေး ရဟန်းသံဃာများ၏ ဘာသာရေးဆိုင်ရာ အစည်းအဝေး၊ ၂၃-၁-၅၉နေ့က တည်မြဲ ဖ.ဆ.ပ.လ ဌာနချုပ်ခေါင်းဆောင် ဦးဘဆွေ၊ ဦးကျော်ငြိမ်း၊ ဦးစံထားဆင်နှင့် ဗလမစမှ ဒေါ်စိန်ပုတို့၏ လူထုအစည်းအဝေး၊ ၁-၃-၆၁နေ့က တရုတ်ဖြူ ကျူးကျော်မှု တိုက်ထုတ်ရေးနှင့် အမေရိကန် နယ်ချဲ့ဆန့်ကျင်ရေး လူထုအစည်းအဝေး၊၂၇-၃-၆၁နေ့က (၁၆) ကြိမ်မြောက်တော်လှန်ရေးနေ့ အခမ်းအနား စသည်တို့ကို အိမ်တော်ရာ ၁၄
ခန်း ဇရပ်ကြီး၌ ကျင်းပခဲ့သည်။

၁၉၆၂နောက်ပိုင်း ကျွန်တာ် ၃နှစ် ၄နှစ်သား မှတ်မိသည့်အရွယ်မှစ၍ အိမ်တော်ရာ ၁၄ခန်း ဇရပ်ကြီးတွင် နှစ်စဉ် ဇူလိုင် ၁၉ ရက်နေ့ရောက်တိုင်း အာဇာနည်နေ့ အခမ်းအနားကြီးကို မြို့လုံးကျွတ် ဆင်နွှဲကြသည့်မြင်ကွင်းဖြစ်သည်။ အမှတ်ရဖွယ်တစ်ခုကတော့ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ လူထုအုံကြွမှုများကို ဖြိုခွင်းရန်အတွက် မန္တလေးတွင် တားဆီးကန့်သတ်မှုများထုတ်ပြန်သောအခါ စီးပွားရေးအချက်အချာ ဈေးချိုတော်က သပိတ်မှောက်ပြီး အိမ်တော်ရာဘုရားဝင်း၌
၁၉၅၈ခု နိုဝင်ဘာလ ၁၈ ရက်နေ့မှစပြီး ဘုရားဈေး ဖွင့်လှစ်ခဲ့ကြခြင်းဖြစ်သည်။ ထို သမိုင်းကို မြို့မငြိမ်းက သည်လိုမှတ်တမ်းတင်ခဲ့သည်။

“လက်ဆယ်ဖြာစုံညီ ….
တင်ထိပ်ဦး ဖူးခဲ့သည်
မှတ်မိကြသေးရဲ့လား၊
မေးစမ်းချင်သည်
လေပြည်ဆော်ကာ … ညောင်ရွက်သံ တရှဲရှဲ
ဆည်းလည်းသံ ညံစီစီ ..တွေးမိပြီ .. တွေးမိပြီ …
လောကရံသီ အိမ်တော်ရာစေတီ
ဘုရားဈေး ပြေးလို့မြင်ယောင်သည်
တို့ဂုဏ်ရောင်ပြောင်ပြောင် …
စည်းလုံးရေးကြောင့် အောင်ပေသည်”..တဲ့..။

အိမ်တော်ရာ ၁၄ခန်းဇရပ်၏ အထင်ရှားဆုံးတစ်ခုမှာမြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုသမိုင်းတွင် အထင်ကရဖြစ်ခဲ့သော ၁၃၀၀ပြည့် အရေးတော်ပုံကာလက အုပ်စိုးသူ အစိုးရ၏ မတရားဖိနှိပ်မှုများကို ရဟန်းရှင်လူကျောင်းသားပြည်သူတို့ တစ်စည်းတစ်လုံးတည်း ဆန့်ကျင်ရန်အတွက် ၁၃၀၀ပြည့် တပို့တွဲလဆုတ် ၆ ရက် (၉-၂-၀၃၉)နေ့တွင် အိမ်တော်ရာ ၁၄ ခန်းဇရပ်၌ မြို့လုံးကျွတ် စုစည်းခဲ့ကြခြင်းဖြစ်သည်။

မြန်မာသက္ကရာဇ် ၁၃၀၀ပြည့်အချိန်ကာလသည် ပြည်တွင်းနိုင်ငံရေးအပြောင်းအလဲအတွက် တစ်စုံတစ်ရာ စိန်ခေါ်မှုဖြစ်နေသည်။ မန္တလေးမှာက ၁၃၀၀ပြည့်နှစ် တပို့တွဲလပြည့်ကျော် ၆ ရက် (၁၉၃၉ခု၊ဖေဖော်ဝါရီ၉ရက်) ကြာသပတေးနေ့တွင် မန္တလေးအနောက်ပြင် မဟာလောကရံသီ အိမ်တော်ရာစေတီပရဝုဏ်အတွင်းရှိ ၁၄ခန်းဇရပ်ကြီး၌ ရဟန်းပြည်သူကျောင်းသားရှင်လူ နှစ်သောင်းကျော်စုဝေးခဲ့ကြသည်။ ထိုအစည်းအဝေးကြီးက ဝတ္တကမြေပေါ် ဖိနပ်စီးနင်းခြင်းမပြုရေး၊ ရန်ကုန်ကျောင်းသားအရေးတော်ပုံတွင်
ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်ကျဆုံးခြင်းနှင့် ကျောင်းသားကျောင်းသူများ ဒဏ်ရာရရှိခြင်းတို့ကို အရေးယူဆောင်ရွက်ပေးရေး၊ အုပ်စိုးသူ အင်္ဂလိပ်အစိုးရ၏ တင်းကျပ်သောအုပ်ချုပ်ရေးကို တိုက်ဖျက်ပေးရေးတို့အတွက် ထိုစဉ်ကထုတ်ပြန်ထားသည့် ပုဒ်မ၁၄၄ကိုပင် ဆန့်ကျင်၍ စည်းကမ်းသေဝပ်စွာ လှည့်လည်လမ်းလျှောက် ဆန္ဒပြကြရေး အဆိုတင်သွင်းခဲ့သည်။

ထို့ကြောင့် နောက်တစ်ရက် ၁၃၀၀ပြည့်နှစ် တပို့တွဲလပြည့်ကျော် ၇ ရက်(၁၉၃၉ခု၊ဖေဖော်ဝါရီ၁၀ရက်) နံနက်တွင်လည်း အိမ်တော်ရာ၁၄ခန်းဇရပ်၌ ထပ်မံစုဝေးကြပြီး နေ့ခင်းနှစ်နာရီအချိန်တွင် ၂၆ဘီလမ်းအတိုင်း အရှေ့သို့ သုံးရောင်ခြယ်အလံများကိုင်၍ စီတန်းလှည့်လည်ခဲ့ကြသည်။ ဦးတည်ချီတက်သည့်နေရာက
အရှေ့ပုလိပ်ရုံးကြီး(ယခုစည်ပင်သာယာရေးရုံး)သို့ဖြစ်၏။ ချီတက်လာသည့် လူစုလူဝေးကြီးကို ယခု၂၆ဘီလမ်းနှင့်လမ်း၈၀ထောင့်ရှိ ထိုစဉ်ကကြေးနန်းရုံထပ်မှ ပုလိပ်တပ်ဖွဲ့က တားဆီး၍ ပစ်ခတ်ခဲ့သည်။
ထို့နောက် ၈၁လမ်းနှင့် ၈၂လမ်းကြားရှိ အင်ပီရီယယ်ဘဏ်ရှေ့တွင် တစ်ကြိမ်၊ ၈၂လမ်းနှင့် ၈၃လမ်းကြား ရိုးကုမ္ပဏီရှေ့တွင်တစ်ကြိမ် ထပ်မံပစ်ခတ်လူစုခွဲခဲ့ပြန်သည်။ ထို့ကြောင့် ရဟန်းတော်ခုနစ်ပါး၊ ကျောင်းသားနှင့်အရပ်သား ဆယ်ဦး ကျဆုံးခဲ့ရသည်။

တစ်မြို့လုံး အုံးအုံးကျက်ကျက် ပါဝင်ဆင်နွှဲခဲ့ကြသော အရေးတော်ပုံမို့ ကိုယ့် မျက်စိရှေ့မှောက်တွင် ကျဆုံးခဲ့ရသော အာဇာနည်၁၇ဦးအတွက် မြို့လူထုက ကြီးကျယ်ခမ်းနားသည့် ဈာပနကိုလည်း ကျင်းပပေးခဲ့သည်။
ကျဆုံးခဲ့ကြသည့် ၂၆ဘီလမ်းကိုလည်း အာဇာနည်လမ်းဟု သမုတ်ခဲ့သည်။

တကယ်တော့ ထိုသမိုင်းက တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် အမျိုးသားနိုင်ငံရေးသမိုင်းကြီးဖြစ်သည်။ ထိုသမိုင်းကဖြစ်ထွန်းခဲ့သည့် အာဇာနည်လမ်းဟူသော အမည်နာမသည်လည်း အမျိုးသားနိုင်ငံရေး၏ အမှတ်လက္ခဏာတစ်ခုပင်ဖြစ်သည်။ ထိုသမိုင်းများ၏ဖြစ်ထွန်းရာ ဘူမိနက်သန်ဖြစ်သော
မန္တလေးအိမ်တော်ရာ ၁၄ ခန်းဇရပ်သည်လည်း နိုင်ငံရေးအောင်မြေပင် မဟုတ်ပါလော..။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW