မကွေးနဲ့ စစ်ကိုင်းတိုင်းထဲက နတ်ပွဲစျေးသည်တွေ ၃ နှစ်ဆက်တိုက် အလုပ်မဖြစ်တာကြောင့် ကာယလုပ်ငန်းတွေကို ပြောင်းလုပ်နေရ

မတ် ၊ ၁၂ -၂၀၂၂
SP (VOM)

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ရိုးရာနတ်ပွဲတွေကို အမှီပြုပြီး ရပ်တည်နေရတဲ့ စျေးသည်တွေဟာ အခုနှစ်နဲ့ဆိုရင် ၃ နှစ် ဆက်တိုက် နတ်ပွဲတွေ မဖြစ်တောတဲ့အတွက် ​စျေးသည်အလုပ်ကနေ အခြားလုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်နေရတယ်လို့ ပွဲစျေးသည်တွေဆီက သိရပါတယ်။

” ရိုးရာနတ်ပွဲစျေးဆိုတာ ဆိုင်ခန်းနေရာက နှစ်စဉ်နေရာအပိုင်ရအောင် ပေးကမ်းလုပ်ထားရတာပါ ၊ ပွဲတော်ရက်မှာ ဆိုင်နေရာ သေခြာပေါက်ရဖို့အတွက် လာမယ့်နှစ်အတွက်ပါ ကြိုပြီး ရင်းနှီးထားရတာတွေ ရှိတယ် ၊ ပွဲတော် မကျင်းပနိုင်တာ ၃ နှစ်ဆက်တိုက်ဆိုတော့ ကြိုရင်းငွေလည်း ပြန်မရတော့သလို ၊ ပွဲစျေးသည်အလုပ်ကလည်း အဆင်မပြေတော့ အခြားအလုပ် ပြောင်းလုပ်နေရတယ် ” လို့ ပခန်း ကိုကြီးကျော် နတ်ပွဲစျေးသည်တယောက်က ပြောပါတယ်။

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ပခန်း ကိုကြီးကျော် နတ်ပွဲဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင် တဦးက” ပွဲတော် မကျင်းပနိုင်တာက ၂၀၂၀ ၊ ၂၁ ၊ ၂၂ သုံးနှစ်ဆက်တိုက်ရှိပြီ ၊ အစကတော့ ကိုဗစ်ရောဂါကြောင့် ပွဲပျက်ခဲ့ရတယ် ၊ မနှစ်ကနဲ့ ဒီနှစ်က နိုင်ငံရေး အခြေအနေကြောင့် နယ်ဝေးဧည့်တွေ မလာနိုင်ကြသလို ပွဲရက်လည်း မဖြစ်ခဲ့ဘူး ၊ ရိုးရာ နန်းမှာ ဒိုးဆွဲရုံလောက်ပဲဖြစ်တာ “လို့ ပြောပါတယ်။

မကွေးတိုင်းမှာ အထင်ကရဖြစ်တဲ့ ပခန်းကိုကြီးကျော် နတ်ပွဲဟာ နှစ်စဥ် တပေါင်းလဆန်းမှာ ကျင်းပလေ့ရှိပြီး ပခန်းကိုကြီးကျော်ပွဲကို တပေါင်းလဆန်း ၃ ရက်ကနေ ၉ ရက်အထိ ကျင်းပပြီးတာနဲ့ စစ်ကိုင်းတိုင်း ၊မြောင်မြို့နယ်ထဲက ပရိမ္မကျေးရွာက ထီးလှိုင်ရှင် ဘုရားဝန်းထဲက နတ်ပွဲစတာဖြစ်ပြီး အဲ့ဒီ နတ်ပွဲဟာ တပေါင်းလပြည့်နေ့အထိ ဖြစ်ပါတယ်။

အဲ့ဒီနောက် တပေါင်းလပြည့်ကနေ လပြည့်ကျော် ၃ ရက်နေ့ထိက စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အစပ်က မောင်းထုံ အမေရေယာဥ် (အမေကြီး) နတ်ပွဲဖြစ်တယ် ၊ အမေကြီး နန်းရင်းပွဲလို့ ခေါ်တာဖြစ်ပြီး အဲ့ဒီကနေတဆင့် ယင်းမာပင်မြို့နယ် ၊ ဇီးတောကျေးရွာက အမေရေယဥ် ( အမေကြီး)နတ်ပွဲဆိုပြီး တပေါင်းလပြည့်ကျော် ၃ ရက်ကနေ ၈ နေ့အထိ ပွဲတော် ကျင်းပတာဖြစ်ပါတယ်။ တခါ တပေါင်းလပြည့်ကျော် ၈ ရက်စပြီး တပေါင်းလကွယ်အထိ မုံရွာမြို့နယ် အလုံ ဘိုးတော်ကြီး ဘဒုန်မင်းပွဲ ပြုလုပ်တာဖြစ်ပါတယ်။

အဲ့ဒီ ရိုးရာနတ်ပွဲတွေကို တပွဲပြီး တပွဲ စျေးလှည့်ရောင်းတဲ့ နတ်ပွဲ စျေးသည်ဆိုတာ နယ်တွေက ဒေသထွက်ပစ္စည်းတွေ ၊ တောင်သူလုပ်ငန်းခွင်သုံး လယ်ယာပစ္စည်းတွေ၊ ကြွေထည် မြေထည် ပစ္စည်းတွေနဲ့ လက်လုပ်မုန့်မျိုးစုံတွေကို ရောင်းချကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေသထွက် သီးနှံ အစို၊အခြောက် ဖြစ်တဲ့ ခရမ်းသီးခြောက် ၊ မျှစ် ၊ လက်ပံပွင့်ခြောက် ၊ မန်ကျည်းသီးမှည့် ၊ ဆေးမြစ်စုံ ၊ နှီးကုန်အမျိုးမျိုးတွေကိုလည်း ရောင်းချကြတာဖြစ်ပါတယ်။

အဲ့ဒီ နတ်ပွဲစျေးသည်တွေကို အမှီပြုပြီး ဒေသခံ တောင်သူတွေက လယ်ယာလုပ်ငန်းသုံးပစ္စည်းတွေ ဝယ်ယူစုဆောင်းတာ ၊ မီးဖိုချောင်သုံး အရန်ဟင်းချက်စရာတွေကို တနှစ်စာ ဝယ်ယူကြတာဖြစ်တယ်လို့ နှစ်စဥ် ရေစင်သောက် နတ်ဆက်သွားလေ့ရှိသူတွေက ပြောပါတယ်။

” မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ရိုးရာ နတ်ပွဲတွေဆိုတာ ၊ တကယ်တော့ အညာဒေသရဲ့ နွေရာသီ စျေးရောင်းပွဲတွေဖြစ်တယ် ၊ မြို့ပြ လူသုံးကုန်ပစ္စည်းတွေနဲ့ ကျေးလက်ဒေသထွက် ရိုးရာကုန်စည်တွေ ဖလှယ်ရောင်းချတဲ့ ပွဲတွေလည်းဖြစ်တယ် ၊ နောက်ပြီး နတ်ပွဲလာသူတွေက လာမယ့် နှစ်အတွက် လုပ်ငန်း ကိုင်ငန်းတွေအတွက် စိတ်ခွန်အားတွေ အသစ်စုဆောင်းပြီး ရိုးရာမပျက် နတ်နန်းတွေမှာ တိုင်တည်တာ ၊ စိတ်ခွန်အားသစ်လောင်းတာတွေ လုပ်ကြတယ် ၊ အညာနတ်ပွဲဆိုတာ ကိုးကွယ်ယုံကြည်မှုဆိုတာထက် တနှစ်စာ လုပ်ငန်းတွေအတွက် အားသစ်အင်သစ်တွေ မွေးဖွားပေးရာ နေရာတခုဖြစ်တယ် ၊ မြန်မာ့ရိုးရာ ယဥ်ကျေးမှု အမွေအနှစ်တွေထဲမှာ အလွန်တရာ အရေးပါတဲ့ ပွဲလမ်းတွေဖြစ်တာမို့ တိမ်ကောပျောက်ကွယ်သွားတာ မဖြစ်ရအောင် အားလုံးက ဝိုင်းဝန်း ထိန်းသိမ်းပေးစေခြင်တယ် “လို့ ယဥ်ကျေးမှု ဗိသုကာပညာရှင် ဦးမောင်မောင်စိုး ( သလ္လာမြေ စိုးတင့်)က မှတ်ချက်ပြု ပြောပါတယ်။

နတ်ပွဲစျေးသည်တယောက်ကလည်း” အညာနတ်ပွဲ တစ်ရာသီအတွက် ဆိုင်ခန်းနေရာရဖို့ ကြိုတင်ရင်းနှီးထားရတာ ကုန်ကျစရိတ် သိန်းပေါင်းများစွာရှိတယ် ၊ စျေးရင်းငွေရဲ့ တဝက်ဟာ ဆိုင်ခန်းနေရာ ထိုင်ခင်းအတွက် ကြိုရင်းရတာပါ ၊ ရောင်းအားကောင်းတဲ့ ဇီးတော အမေကြီးပွဲလိုမျိုးဆိုရင် ကြိုရင်းငွေအတွက် ပွဲပြီးပြန်ဆပ် စနစ်နဲ့ ငွေတိုးယူပြီး ပုံအောရတယ် ၊ အမြတ်ငွေ ကိုယ်စားပြီး အရင်းငွေ ပြန်ဆပ်ကြရတာပါ ၊ အခုလို ပွဲတွေ မဖြစ်တာ နှစ်ရှည်လာတော့ ငွေခေါင်းကွဲပြီး အရင်းငွေ မရှိသလောက် ဖြစ်လို့ နေ့စဥ် စားဝတ်နေရေးအတွက် ပန်းရံလိုက်လုပ်နေရတာ ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကစလို့ ၃ နှစ်ဆက်တိုက် ရိုးရာနတ်ပွဲတွေနဲ့ ပွဲလမ်းသဘင် အခမ်းအနားတွေ ကျင်းပခွင့်မရတော့တဲ့နောက်ပိုင်းမှာ ၁၂ ပွဲစျေးသည်တွေဟာ စျေးရောင်းလုပ်ငန်းကို အမှီပြုလို့ မရတော့တဲ့အတွက် လုပ်ငန်းပြောင်းကာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အများစုက ဝင်ရောက် လုပ်ကိုင်နေကြတယ်လို့ ပွဲစျေးသည်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

ပုံစာ ၊ ပခန်းကိုကြီးကျော် နတ်ပွဲစျေးသည်တွေကို လွန်ခဲ့တဲ့ ၄ နှစ်က မြင်ရပုံ
#voiceofmyanmar #VOM #နတ်ပွဲ #ဈေးသည် #တခြားအလုပ်ပြောင်း

Related posts

Leave a Comment

VOM News

FREE
VIEW