ဖားကန့်မှာ ပျောက်ဆုံးနေတဲ့ ရေမဆေးကျောက်ရှာဖွေသူ အသက် ၁၈ နှစ်အရွယ် လူငယ်ရုပ်အလောင်းတွေ့ရှိ

ဇွန် ၈-၂၀၂၂
GG(VOM)

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ဆန်ခါကျေးရွာမှာ ပျောက်ဆုံးနေတဲ့ ရေမဆေးကျောက်ရှာဖွေသူ လူငယ်အမျိုးသားရုပ်အလောင်းကို ဒီနေ့ ဇွန်လ ၈ ရက် မနက်ပိုင်းက ရေကန်ထဲမှာ ရှာဖွေတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အသက် ၁၈ နှစ်အရွယ် မောင်သီဟနိုင်ဆိုသူ ဖြစ်ပြီး စစ်ကိုင်းတိုင်း ၊တန့်ဆည်မြို့နယ်ဇာတိဖြစ်တယ်လို့ သိရပါတယ်။

မနေ့ ဇွန်လ ၇ ရက်နေ့က ကိုသီဟနိုင်နဲ့အတူ ရေမဆေးကျောက်ရှာဖွေသူ အယောက် ၃၀ ခန့်ဟာ လုပ်ကွက်ကျင်းဟောင်းတစ်ခုကို ကျောက်ရှာဖွေဖို့သွားရောက်ချိန် လုပ်ကွက်ကျင်းတာဝန်ရှိသူတွေက တားမြစ်ခဲ့တာကြောင့် ထွက်ပြေးကြစဉ်လူစုကွဲကာ သီဟနိုင်က ပျောက်ဆုံးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

” သူတို့အဖွဲ့၃၀လောက်ရှိတယ်ပြောတယ်၊ကျောက်ရှာသွားတော့ ဟိုကအစောင့်တွေက မောင်းထုတ်ကြတာမှာ ထွက်ပြေးကြတော့၊ လမ်းမှာ ရေအိုင်ကိုဖြတ်ရတယ်၊အဲ့ဒီအပြီးမှာ သူကလူစုကွဲသွားတာလို့သိရတယ်။စသိတဲ့နေ့မှာ ရှာကြပေမယ့် မတွေ့ဘူး။ အခုဒီနေ့ မနက်ကျမှ အဲ့ဒီရေကန်ထဲမှာ အလောင်းကပေါ်လာတာ၊ သေတဲ့ကောင်လေးက ဆယ်တန်းကိုဂုဏ်ထူးနှစ်ဘာသာနဲ့ပါထားတာတဲ့။သူတို့ဘက်က အခြေအနေမကောင်းလို့ ဒီဘက်ကိုလာပြီး ကျောက်ရှာကြတာလို့ သိရတယ် ” လို့ ဖားကန့်ဒေသခံပရဟိတသမားတဦးကပြောပါတယ်။

လက်ရှိမှာ ကိုသီဟနိုင်ရုပ်အလောင်းကို လုံးခင်းတိုက်နယ်ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ထားပြီး ရုပ်အလောင်းမှာတော့ ပြင်ပဒဏ်ရာရတာမျိုးမတွေ့ရှိရဘူးလို့ သိရပါတယ်။

ဖားကန့်မှာ အခုနှစ် ဖေဖော်ဝါရီလကလည်း နွံကန်ပေါက်ကျတာ ၊ လုပ်ကွက်ဟောင်းမြေစာပုံပြိုကျခဲ့လို့ လူ ၂၀ နီးပါး သေဆုံးခဲ့တဲ့အပြင် ဒဏ်ရာရသူတွေရှိခဲ့ပြီး နေအိမ်နဲ့ဆိုင်ကယ်၊စက်ယန္တားတွေ မျှောပါသွားခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့နဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တုန်းကလည်း ဖားကန့် မှာ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူတွေ သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

နောက်ပြီး၂၀၂၀ ခုနှစ်ကလည်း ကချင်ပြည်နယ်၊ ဖားကန့် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ ဝှေခါကျောက်စိမ်းမှော်မှာ မြေပြိုပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ကျောက်ရှာဖွေသူ ၊ကားသမား အပါအဝင် သေဆုံးသူ ၁၆၀ ကျော် နဲ့ ဒဏ်ရာရသူ ၇၀ ကျော်ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #ရေမဆေးရှာဖွေသူ #ရုပ်အလောင်းတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW