CDM ပညာရေးဝန်ထမ်းတွေ တာဝန်ပြန်ထမ်းဆောင်ဖို့ အယူခံတင်ခွင့် ရက်တိုးမြင့်၊ တာဝန်ပြန်ထမ်းဆောင်သူ ၃၀၀၀ နီးပါရှိဟုသိရ

ဇွန် ၈-၂၀၂၂
GG(VOM)

CDM လုပ်ပြီး တာဝန်ကနေ ကင်းကွာနေတဲ့ အခြေခံပညာရေးဝန် ထမ်းတွေအနေနဲ့ တာဝန်ပြန်လည်ထမ်းဆောင်နိုင်ဖို့ အယူခံတင်ခွင့်ကို နောက်ထပ် ၅ ရက် ထပ်မံတိုးမြင့်ပေးလိုက်တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဒါကြောင့် ဆက်သွယ်သတင်းပို့ဖို့ ဆန္ဒရှိပေမယ့်လည်း လမ်းပန်းဆက်သွယ်ရေး နဲ့ တခြားအခက်အခဲတွေကြောင့် သတ်မှတ်ရက်အတွင်း သတင်းပို့နိုင်ခြင်းမရှိတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ ဇွန်လ ၁၄ ရက်နေ့အထိ ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

” CDM လုပ်နေတာကနေ ကျောင်းပြန်တက်မယ်၊စာပြန်သင်မယ်ဆိုရင် အကုန်လုံး တာဝန်ယူတယ်။ ပညာရေးမှူးရုံးအကုန်လုံးကို တာဝန်ယူဖြေရှင်းပေးမယ်ပြောတယ်။ ကျမတို့ကျောင်းမှာက CDM လုပ်နေတာတွေများတယ်။ CDM တွေဖမ်းတယ်ဆိုတဲ့သတင်းတွေကလည်းပြန်ကြားနေရတော့ ဘယ်လိုလုပ်ရမလဲ မသိသေးဘူး။ “လို့ CDM လုပ်နေတဲ့ မူလတန်းပြဆရာမတဦးကပြောပါတယ်။

လက်ရှိမှာ CDM လုပ်ပြီး တာဝန်ပြန်လည်ထမ်းဆောင်နေပြီဖြစ်တဲ့ အခြေခံပညာ ဆရာ/ဆရာမ ၂၉၆၀ ဦးရှိကြောင်း နစကရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။

CDM လုပ်နေတဲ့ ဆရာ/ဆရာမတွေကို အလုပ်ပြန်ဝင်ဖို့ဖိတ်ခေါ်ရာမှာ တာဝန်ထမ်းဆောင်ဖို့ အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်နေတဲ့ဝန်ထမ်း၊ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးဆဲဝန်ထမ်းတွေနဲ့ အယူခံတင်သွင်းတဲ့ ဝန်ထမ်းတွေကို တာဝန်ပျက်ကွက်ခဲ့တဲ့ ကာလတွေအတွက် လစာမဲ့ခွင့်အဖြစ်သတ်မှတ်ပေးပြီး ကြီးလေးတဲ့ ရာဇဝတ်မှုကျူးလွန်ထားသူတွေမှအပ တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ပေးသွားမယ် နစကက ပြောဆိုထားပါတယ်။

“အမတို့ကျောင်းမှာဆို CDM လုပ်နေတာ ဆရာမတယောက်ရှိတယ်။ အခုထိတော့ ပြန်မဝင်သေးဘူး။ ပြန်ဝင်ချင်တယ်ဆိုရင် အချိန်မရွေးကျောင်းတက် စာသင်ဖို့တော့ အမတို့ဘက်က အကြောင်းကြားထားတာရှိပါတယ်။ လောလောဆယ် စာထုတ်ထားတာကတော့ ၁၄ ရက်နေ့အထိ စောင့်မယ်လို့သိရတယ်”လို့ အလယ်တန်းပြဆရာမတဦးကပြောပါတယ်။

အခြေခံပညာစာသင်ကျောင်းတွေကိုတော့ ဇွန်လ ၂ ရက်နေ့မှာပြန်လည်ဖွင့်လှစ်ခဲ့ပြီး တနိုင်ငံလုံးမှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူ ၅၆ သိန်းကျော် (၅၆၀၉၆၇၆ ဦး) ရှိထားတယ်လို့ အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ထားမှုအရ သိရပါတယ်။

#voiceofmyanmar #VOM #CDM #ပညာရေးဝန်ထမ်း #အယူခံတင်ခွင့် #ရက်တိုး

Related posts

Leave a Comment

VOM News

FREE
VIEW