ကျောက်ဖြူမှာ ရဲအုပ်ဖြစ်သူကို ရဲတပ်သားက ပစ်သတ်ပြီး သေနတ်နဲ့အတူ ထွက်ပြေးသွား

ဇူလိုင် ၊ ၃၀ ၊ ၂၀၂၂
SP (VOM)

ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့ ၊ ကျောက်ဖြူမြို့မရဲစခန်းမှာ နယ်ထိန်းခေါင်းဆောင်တာဝန်ထမ်းဆောင်နေတဲ့ ရဲအုပ်ကို မနေ့ ဇူလိုင် ၂၉ ရက် ည ၁၀ နာရီဝန်းကျင်က ရဲတပ်သားဖြစ်သူကနေ သေနတ်နဲ့ ပစ်သတ်လို့ သေဆုံးသွားခဲ့တယ်လို့ ကျောက်ဖြူရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

” ရဲတပ်သားစိုးလင်းအောင် ဆိုသူက သူ့ရဲ့အထက်အရာရှိ နယ်ထိန်းခေါင်းဆောင် ရဲအုပ် အုန်းကျော်ဌေးကို သေနတ်နဲ့ပစ်သတ်ပြီး ပစ်သတ်တဲ့ ရဲတပ်သားက လက်နက်နဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတယ် ” လို့ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတဦးက ” ညက ၁၀ နာရီခွဲဝန်းကျင်မှာ ကျောက်ဖြူစခန်းထဲမှာ သေနတ်သံ ၅ ချက်ကြားရပြီးနောက် နယ်ထိန်းခေါင်းဆောင် ရဲအုပ် အုန်းကျော်ဌေး ပစ်သတ်ခံရတာပါ ၊ ပစ်သတ်ခံရတဲ့ ကိစ္စကို ကနဦး သိရတာက ရဲတပ်သား စိုးလင်းအောင်နဲ့ ရဲတပ်သား ရန်နိုင် တို့ စကားများ ရန်ဖြစ်တာကို ရဲအုပ် အုန်းကျော်ဌေးက ဝင်ရောက်ဟန့်တားရာကနေ သူ့ကို ပစ်သတ်ခံရတာပါ ၊ နောက်ပြီး ရဲတပ်သား စိုးလင်းအောင်နဲ့ စကားများတဲ့ ရဲတပ်သား ရန်နိုင် ဆိုတဲ့သူပါ အပစ်ခံရတယ် ၊ သူကတော့ ပျောက်နေတယ် ဒီမနက်အထိ ရှာမရသေးဘူး ” လို့ ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး နေပြည်တော် ရဲဌာနချုပ် အသိုင်းအဝိုင်းက ” ညကဖြစ်သွားတာပါ ၊ ရဲအုပ် အုန်းကျော်ဌေး ဆိုတာ အရင်က မြို့နယ်မှူးရုံးမှာ ရုံးဦးစီး လုပ်နေတဲ့သူပါ ၊ အဲ့ဒီကနေ နယ်ထိန်းခေါင်းဆောင် ဆင်းလုပ်တာ ၊ ဘာတွေအဆင်မပြေလို့လည်း မသိဘူး သူ့တပည့်က ပစ်သတ်သွားတာ ” လို့ ပြောပါတယ်။

ညက ပစ်သတ်ခံရတဲ့ ရဲအုပ် အုန်းကျော်ဌေးရဲ့ရုပ်အလောင်းကို ရဲစခန်းဆေးစာနဲ့ ကျောက်ဖြူပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး အမှုဖွင့်ဖို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှာ အခုလို အောက်လက်ငယ်သားက အထက်အရာရှိကို သေနတ်နဲ့ ပစ်သတ်ပြီး လက်နက်နဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတဲ့ဖြစ်စဥ်ဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ကျောက်ဖြူ

Related posts

Leave a Comment

VOM News

FREE
VIEW