ငပုတောမှာ ပြည်သူ့စစ်ဖွဲ့ဖို့ တအိမ် ၁ ဦးနူန်းနဲ့ စာရင်းစကောက်နေတယ်လို့ သိရ

သြဂုတ်၂-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ငပုတောမြို့နယ်မှာ တအိမ်ကို အမျိုးသား ၁ ယောက်ပါဝင်ပြီး ပြည်သူ့စစ်ဖွဲ့ဖို့ မနေ့ သြဂုတ် ၁ ရက်က စတင်ပြီးတော့ အစည်းအဝေးလုပ်ပြီး စာရင်းတွေစတင်ကောက်ယူနေတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။

”ကျေးရွာ အုပ်ကြီးက အစည်းအဝေးခေါ်တာ ပြည်သူ့စစ် ဖွဲ့စည်းဖို့အတွက်ပါတဲ့၊တအိမ်ကိုအမျိုးသားတဦးပါရမှာ မဖြစ်မနေပါရမယ့် သဘောရှိတယ်၊ဒေသမှာလိုအပ်တဲ့ လုံခြုံရေးအတွက်လုပ်တာလို့ရှင်းပြတယ်၊မနေ့က စတင် စာရင်းကောက်နေတာ၊ကိုယ့်ရပ်ရွာလုံခြုံရေးအတွက် အားလုံးပါဝင်ဖို့ပြောတယ်၊ပြည်သူ့စစ်တစ်ခါမှမလုပ်ဖူးပါဘူး၊ အလုပ်အကိုင်မရှိ စားရေးနေရေး ကျပ်တည်းနေရတဲ့အထဲ ရှင်းရှင်းပြောရရင် မလုပ်ချင်ဘူးပေါ့ဗျာ။”လို့ ဒေသခံတဦးကပြောပါတယ်။

ငပုတောမြို့နယ်မှာ ၁ ရွာကို အနည်းဆုံး လူအင်းအာ ၃၀နဲ့ ပြည်သူ့စစ်ဖွဲ့ဖို့အတွက် ကျေးရွာတာဝန်ရှိသူတွေက စတင်စီစဉ်နေတာဖြစ်တယ်လို့သိရပြီး အရင်ဆုံး စာရင်းကောက်ယူတဲ့လုပ်ငန်းတွေကို စတင်လုပ်ဆောင်နေကာ ၁ ပတ်အတွင်း အထက်အဆင့်ဆင့်ကို ပြည်သူ့စစ်ဖွဲ့ဖို့ ပါဝင်တဲ့လူအင်အားတင်ပြတာနဲ့ စစ်သင်တန်းပေးတာတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်လို့ဒေသခံတွေရဲ့ပြောပြ ချက်အရသိရပါတယ်။

”တအိမ်တယောက် အစည်းအဝေးခေါ်တော့ ဘာများလဲလို့ သွားတာ၊စစ်သင်တန်းပေးပြီး လုံခြုံရေးလုပ်ခိုင်းဖို့ ခေါ် တာပါ၊ကိုယ့်ရပ်ရွာတော့ အေးချမ်းစေချင်တယ် ကိုယ်တိုင်တော့ လုံခြုံရေးလုပ်ပေးဖို့အဆင်မပြေပါဘူး၊ဘာလို့လဲဆိုတော့ တနေ့လုပ် တနေ့စားဘဝမို့ပါ၊မဖြစ်မနေ လုပ်ကိုလုပ်ရမယ်ဆိုရင်လည်းလုပ်မှာပါ၊ နီးရာဓားကို ကြောက်နေရတဲ့ဘဝဖြစ်နေတာလေ။”လို့ ဒေသခံတဦးကပြောပါတယ်။

ငပုတောမြို့နယ်မှာ ၂၀၂၁ ဖေဖော်၀ါရီ ၁ရက်ကနေ မနေ့ သြဂုတ် ၁ ရက်အထိ သတင်းပေးဒလန်ဆိုသူနဲ့ ပျူစောထီးဆိုသူအပါအဝင် ၄ ယောက် သေနတ်နဲ့ပစ်သတ်ခံရပြီး ဗုံးပေါက်မှုဖြစ်စဉ်တွေလည်း အကြိမ်း ၁၀၀ ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ဘိုကလေးမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်က အုပ်ချုပ်ရေးမှူးတွေကဦးဆောင်ပြီးတော့ ရပ်ကွက် ၁ ခုကို လူ ၆၀ ဦးနဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ နာမည်စာရင်း ကောက်ယူတာတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ငပုတော

Related posts

Leave a Comment

VOM News

FREE
VIEW