စစ်ကိုင်းတိုင်းမှာ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ကလေး ၃ ဒါဇင်ကျော် သေဆုံးခဲ့

သြဂုတ် ၊ ၂ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်းက မြို့နယ် ၃၀ ကျော်မှာ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် သေဆုံးခဲ့ရတဲ့ ကလေးသူငယ် အရေအတွက်ဟာ ၁ နှစ်အတွင်း ၃ ဒါဇင်ကျော် ရှိတယ်လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့နှစ် ၂၀၂၁ ၊ ဇူလိုင်ကနေ ဒီနှစ် ဇူလိုင်လအထိ ၁ နှစ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေကြားမှာ သေဆုံးရသူ ကလေးသူငယ် ၃ ဒါဇင်ဝန်းကျင်ရှိတယ် ၊ နောက်ပြီး ပြင်းထန်ဒဏ်ရာရကာ ကိုယ်အင်္ဂါအစိတ်အပိုင်း ထိခိုက်ပျက်စီးသွားတဲ့ ကလေးသူငယ် အရေအတွက်က ၁ ဒါဇင်ဝန်းကျင်ရှိတယ် ” လို့ မုံရွာအခြေစိုက် ပရဟိတသမားတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ညနေပိုင်းက ၊ မုံရွာမြို့ ၊ နတ်လူထိပ္ပန်ရပ်ကွက် ၊ ဘိုးဘွားရိပ်သာ အဝိုင်းပတ်အနီး မန္တလေး-ချောင်းဦး-မုံရွာ ကားလမ်းပေါ်မှာ သွားလာနေတဲ့ အိမ်စီးကားတွေကို သေနတ်နဲ့ပစ်ခတ်ခံရတဲ့အတွက် ကလေးငယ် ၁ ဦး သေဆုံးပြီး ၊ လူ ၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

ယင်းမာပင်ခရိုင် ၊ ပုလဲမြို့၊ မြို့တောင်ပိုင်းရပ်ကွက်မှာရှိတဲ့ မြသိန်းတန် ဘုန်းကြီးကျောင်းထဲကို ပြီးခဲ့တဲ့ မေ ၁၃ ရက် ညနေပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကိုရင် ၂ ပါး ပျံလွန်တော်မူကာ ကျန် သံဃာတချို့ ပြင်ထန်ဒဏ်ရာရခဲ့တယ်လို့ ပုလဲမြိုခံတွေဆီက သိရပါတယ်။

သေဆုံးသွားရတဲ့ ကလေးသူငယ်တွေနဲ့ ပတ်သက်လို့ ဒေသခံ ပရဟိတသမားတယောက်က ” ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက် မနက်ပိုင်းက ၊ ကလေးမြို့နယ် ၊ ဒိုးနွယ်ရွာဘက်မှာ တိုက်ပွဲရှောင်ဖို့ မြစ်သာမြစ်ကူး ယာယီ ဝါးတံတားပေါ်က ဖြတ်လျှောက်တဲ့အခါ တံတားကျိုးပြီး ရေထဲပြုတ်ကျလို့ သေဆုံးရတဲ့သူ လူ ၆ ဦးအနက် အဲ့ဒီမှာ ကလေးသူငယ် ၃ ဦးပါဝင်တယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက် ၊ မနက်ပိုင်းက စစ်ကိုင်းမြို့နယ် ၊ သာစင်ကျေးရွာက ၂ လောင်းပြိုင် လူသတ်မှုမှာ သေဆုံးသူ လူ ၂ ဦးအနက် အသက် ၁၂ နှစ်အရွယ် မခိုင်ဇာလင်းဆိုတဲ့ အမျိုးသမီးငယ် ၁ ဦး ပါဝင် သေဆုံးခဲ့ပါတယ်။

အဲ့ဒီ စစ်ကိုင်းမြို့နယ်ထဲက ဆားတောင်မြို့နယ်ခွဲမှာ ဧပြီ ၂၁ ရက် မနက်ပိုင်းက ဆွမ်းခံကြွလာတဲ့ အသက် ၁၀ ဝန်းကျင် ကိုရင်လေး ၃ ပါး မိုင်းစထိမှန်ခဲ့တာကြောင့် ၂ ပါး ပျံလွန်တော်မူကာ ၁ ပါး ပြင်ထန်ဒဏ်ရာ ရခဲ့ပါသေးတယ်။

ဧပြီ ၅ ရက်နေ့ ၊ နေ့ခင်းပိုင်းကလည်း မင်းကင်းမြို့နယ် ၊ အထက်စသာကျေးရွာက အသက် ၁၂ နှစ်အောက်အရွယ် မရွှန်းလဲ့ဝေ ၊ မောင်ရဲရင့်သူ နဲ့ မောင်ပြည်ဖြိုးဝေ တို့ ၃ ဦးဟာ မိဘဖြစ်သူတွေ စျေးဝယ်သွားတဲ့ ကားပေါ် လိုက်ပါသွားရင်း ကလေးဝမြို့နယ် ၊ စခန်းကြီးရွာနား ၊ မုံရွာ ယာကြီး ကလေးဝ ကားလမ်းမှာ ကားမိုင်းထိမှန်ပြီး သေဆုံးခဲ့ရပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၂၁၊ အောက်တိုဘာ ၁၄ ရက် မနက်ပိုင်းက မုံရွာမြို့ ၊ အလယ်ရပ် ၊ မြို့လယ်မီးပွိုင့်နားက အမှိုက်ပုံမှာ အမှိုက်သိမ်းနေတဲ့ ကလေးသူငယ်တယောက် မိုင်းစထိမှန် သေဆုံးခဲ့ရပါတယ်။

အဲ့ဒီဖြစ်စဥ် ဖြစ်ပွားပြီး ၁၀ ရက်အကြာ အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းမှာ မုံရွာမြို့ ၊ ဒေါနခြံရပ် ၊ အထက ၂ လမ်း ၊ ဆေးရုံကြီး အနီး ပေါက်ကွဲမှုမှာလည်း ကလေးသူငယ် ၃ ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲနှစ် စက်တင်ဘာ ၂၂ ရက် ညပိုင်းက ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့နယ် ၊ ကျည်ကုန်း (တောင်)ရွာက ရဲမိသားစု သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ်မှာ သေဆုံးသူ လူ ၅ ဦးအနက် ကလေးသူငယ် ၂ ဦးပါဝင်တယ်လို့ သိရပါတယ်။

ကလေးသူငယ် သေဆုံးရတဲ့ အရေအတွက်ဟာ လက်လှမ်း မှီသလောက် ပြုစုထားတာဖြစ်ပြီး မြေပြင်သေဆုံးရသူ အရေးအတွက်ဟာ ဒီထက် ပိုမိုများပြားနိုင်သလို ၁ နှစ်အတွင်း ၃ ဒါဇင်ကျော် ရှိမယ်လို့ ပရဟိတသမားတွေက ခန့်မှန်းထားတယ်လို့ သိရပါတယ်။

ကလေးသူငယ်တွေ သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွေက မှုခင်းမှတ်တမ်းယူကာ စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW