နယ်စပ်ကနေ ဒေါ်လာနဲ့ပစ္စည်းသွင်းမယ့် လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားငွေ ဝယ်ယူတောင်းခံခွင့်မရှိဘူးလို့ ကုန်သွယ်ရေးဦးစီးဌာနအသိပေး

သြဂုတ် ၂-၂၀၂၂
GG(VOM)

နယ်စပ်ဒေသကနေ ဒေါ်လာငွေကြေးနဲ့ ပစ္စည်းတင်သွင်းမယ့် သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားငွေဝယ်ယူခွင့် တောင်းခံတာမျိုး မပြုလုပ်ဖို့ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးပြောဆိုလိုက်ပါတယ်။

လက်ရှိ ဩဂုတ်လကစပြီး သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ နယ်စပ်ဒေသကနေ ဒေါ်လာငွေကြေးနဲ့ တင်သွင်းဖို့ သွင်းကုန်လိုင်စင် ခွင့်ပြုထုတ်ပေးတဲ့အပေါ် နိုင်ငံခြားငွေ ဝယ်ယူခွင့်တောင်းခံခွင့်မရှိကြောင်း နဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီကို ငွေဝယ်ယူခွင့် တင်ပြတောင်းခံခြင်းတွေ မပြုလုပ်ဖို့ဆိုပြီး အသိပေးလာတာဖြစ်ပါတယ်။

” အခုလို သူတို့ဘက်က ကြေညာလိုက်တော့ ဆေးကုမ္ပဏီတွေ၊ တခြားဒေါ်လာနဲ့ပေးချေနေရတာပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ အကုန်လုံး ဒုက္ခရောက်ကုန်မှာပေါ့။ဒေါ်လာက အခု အပြင်မှာပေါက်စျေးကမြင့်နေပြီး ဝယ်လို့တောင်မရဘူး ။ သူတို့ပဲ ဒေါ်လာတွေကို အကုန်ထိန်းချုပ်ထားပြီး အခုလိုထုတ်ပြန်တာတော့ မစဥ်းစားတတ်အောင်ပါပဲ ။ နောက်ဆုံး မရ ရသလို ရှာကြံတင်သွင်းရင် စျေးတွေကအကုန်တက်ရင် စားသုံးသူပဲထိမှာ ” လို့ စီးပွားရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနရဲ့ အဆိုပါထုတ်ပြန်ချက်ဟာ ဒေါ်လာမှောင်ခိုစျေးကွက်ကို ပိုပြီးကြီးထွားလာစေမှာဖြစ်သလို သွင်းကုန်လုပ်ငန်းရှင်တွေကိုလည်း ဒုက္ခဖြစ်စေကြောင်း၊ နောက်ဆုံးမှာ ပြည်သူလူထုသာ ဒုက္ခရောက်မှာဖြစ်တယ်လို့ ပြောပါတယ်။

အခုလို နိုင်ငံခြားငွေ ဝယ်ယူခွင့်တောင်းခံတာတွေ မလုပ်ဖို့နဲ့ ပတ်သက်ပြီး ကုန်သွယ်ရေးဦးစီးဌာနကတော့ သွင်းကုန်လုပ်ငန်းရှင်တွေကို အသိပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဗဟိုဘဏ်ဒေါ်လာပေါက်စျေးက တဒေါ်လာကို ၁၈၅၀ ကျပ်ဖြစ်ပြီး ပြင်ပစျေးကွက်မှာက တဒေါ်လာကို ၂၆၀၀ နီးပါးအထိမြင့်တက်နေကာ ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။

Photo-SNZ Group
#voiceofmyanmar #VOM #လုပ်ငန်းရှင် #ဒေါ်လာ #နိုင်ငံခြားငွေ၀ယ်ယူတောင်းခံခွင့်မရှိ

Related posts

Leave a Comment

VOM News

FREE
VIEW