လေဆိပ်နဲ့ နယ်စပ်ကဝင်ရောက်မယ့် ခရီးသည်တွေ ၄၈ နာရီအတွင်း ပိုးမရှိကြောင်းလက်မှတ် ပြသဖို့လိုအပ်လာ

သြဂုတ် ၃-၂၀၂၂
GG(VOM)

နယ်စပ်ဂိတ်နဲ့ လေဆိပ်ကနေ ဝင်ရောက်လာမယ့် မြန်မာနိုင်ငံသားအပါအဝင် ပြည်ပခရီးသွားဧည့်သည်အားလုံး ကိုဗစ်ကာကွယ်ဆေးလက်မှတ်အပြင် တဖက်နိုင်ငံမှာ ကိုဗစ်ပိုးမရှိကြောင်း RDT စစ်​​ဆေးထားတဲ့ ဆေးစစ်လက်မှတ် ပြသနိုင်ဖို့လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက စည်းကမ်းချက်အသစ် ထပ်မံထုတ်ပြန်လိုက်ပါတယ်။

တဖက်နိုင်ငံမှာ ၄၈ နာရီအတွင်း RDT စစ်ဆေးထားတဲ့ ကိုဗစ်မရှိကြောင်း ဆေးစစ်ချက်ပြသနိုင်သူတွေကို မြန်မာနိုင်ငံထဲဝင်ရောက်ချိန်မှာလည်း ကိုဗစ်ပိုး ရှိ၊မရှိ ထပ်မံစစ်ဆေးမှာဖြစ်ကြောင်း ၊စစ်ဆေးချိန် ရောဂါပိုးမရှိမှသာ ခရီးဆက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံနဲ့အိမ်နီးချင်းနိုင်ငံတွေမှာ ကိုဗစ် ၁၉ မျိုးရိုးဗီဇပြောင်း BA4 ၊ BA5 တွေ ဖြစ်ပွားမှု မြင့်တက်နေတာကြောင့် မြန်မာနိုင်ငံတွင်းကို ကူးစက်ဝင်ရောက်လာမှုမရှိအောင် ကြိုတင်ကာကွယ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

“အရင်က ကာကွယ်ဆေးထိုးပြီးသူတွေဆို ဟိုဘက်ကနေ စစ်လာစရာမလိုဘူး၊ဒီဘက်ရောက်မှ စစ်တာပေါ့။ဟိုဘက်မှာ စစ်လာမယ် Negative ဖြစ်လာမယ်၊ကျနော်တို့ဆီမှာထပ်စစ်မယ် negative ဖြစ်ရင်သွားလိုရာ သွားလို့ရပြီပေါ့။ပိုးတွေ့ခဲ့ရင်တော့ ပိုးတွေ့တဲ့နည်းလမ်းနဲ့ဆောင်ရွက်ရမှာပေါ့။ဟိုဘက်မှာစစ်ပြီးမှဝင်လာတော့ ဘာပဲဖြစ်ဖြစ်စိတ်ချရတာပေါ့။ပြီးခဲ့တဲ့ အပတ်က ၄၃ ယောက်မှာ ၄၁ ယောက်က ဒီဘက်ရောက်မှပိုးတွေ့တာ။RDT ရဲ့သဘောက စစ်ဆေးတိုင်းလည်း တွေ့ချင်မှတွေ့တာ လွတ်သွားတာလည်းရှိတတ်တယ် “လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

ကိုဗစ်ပိုးတွေ့သူတွေကတော့ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ဆေးရုံနဲ့ ဟိုတယ်၊ကွာရန်းတင်းစင်တာတွေမှာ နေထိုင်ရမှာ​ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံခြားသား ခရီးသွားတွေအနေနဲ့ မြန်မာ့အာမခံလုပ်ငန်းကနေ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး အာမခံဝယ်ယူရမှာဖြစ်သလို နိုင်ငံခြားသားသံတမန်တွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေက နိုင်ငံခြားသား ဝန်ထမ်းနဲ့ မိသားစုဝင်တွေကတော့ သက်ဆိုင်ရာနိုင်ငံ​ကနေ ဝယ်ယူထားတဲ့ ကျန်းမာရေးအာမခံတင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။

RDT နည်းနဲ့ ကိုဗစ်ပိုး ရှိ၊မရှိ စစ်ဆေးခြင်းအတွက်ကုန်ကျစရိတ်က တယောက်ကို ၁၅၀၀၀ကျပ်ဖြစ်ပြီး ခရီးသည်ကျခံရမှာဖြစ်ကြောင်း၊ဓာတ်ခွဲအဖြေကိုတော့ နှာခေါင်းတို့ဖတ်ရယူပြီး ၁ နာရီအတွင်း ခရီးသည်ကို အသိပေးမှာဖြစ်ပါတယ်။

နိုင်ငံခြားသားတွေအနေနဲ့လည်း RT -PCR ဓာတ်ခွဲစစ်ဆေးမှုကုန်ကျစရိတ်ကို ကျခံရမယ်လို့ သိရပါတယ်။

လက်ရှိ ပြည်တွင်းမှာ ကိုဗစ် ၁၉ မျိုးရိုးဗီဇပြောင်း BA4၊ BA5 ရောဂါပိုးတွေ့သူ ၆ ဦးရှိထားပြီး ကိုဗစ်အတည်ပြုလူနာပေါင်းက လက်ရှိအထိ ၆သိန်းကျော် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်မှုအရ သိရပါတယ်။

#voiceofmyanmar #VOM #ကိုဗစ် #လေဆိပ် #ခရီးသည် #၄၈နာရီပိုးမရှိကြောင်းလက်မှတ်

Related posts

Leave a Comment

VOM News

FREE
VIEW