ကျောင်းလုံခြုံရေးကျ စစ်သားတဦး ဓားနဲ့ထိုးခံရလို့ ပစ်ခတ်ဖမ်းဆီးချိန် ၉ တန်းကျောင်းသားတဦး သေနတ်မှန်သေဆုံး

သြဂုတ် ၃-၂၀၂၂
VOM (GG)

ပဲခူးတိုင်းအနောက်ပိုင်း ၊ ပြည်မြို့နယ်၊သရေခေတ္တရာပျူမြို့ဟောင်းထဲက မှော်ဇာရွာရှိ အ.ထ.က စာသင်ကျောင်းခွဲမှာ ဒီနေ့ ဩဂုတ်လ ၃ ရက်နေ့မနက်ပိုင်းက လုံခြုံရေးယူနေတဲ့ စစ်သားကို အဖြူအစိမ်းဝတ်ထားသူတဦးက ဓားနဲ့၀င်ထိုးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဓားနဲ့ထိုးသူဟာ ထွက်ပြေးသွားတာကြောင့် လုံခြုံရေးတပ်တွေက သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးချိန် ကျောင်း၀င်းအတွင်းက ၉ တန်း ကျောင်းသားတဦး သေနတ်မှန်ကာ ပြည်မြို့ဆေးရုံကြီးမှာ သေဆုံးသွားပြီ​ဖြစ်တယ်လို့ သိရပါတယ်။

“မှော်ဇာစျေးနား အထက်တန်းကျောင်းမှာ လုံခြုံရေးစောင့်နေတဲ့ စစ်သားကို ကျောင်းသား အယောင်ဆောင်ဝင်ထိုးတာ အဖြူအစိမ်းဝတ်ပြီး။ ထိုးတဲ့သူက လွတ်သွားတယ်။ ထိုးတဲ့သူကို ပစ်ဖမ်းချိန် ကလေးတွေက ကြောက်အားလန့်အားနဲ့ပြေးချိန် ၉ တန်းကျောင်းသားကို ပစ်မိတာ၊ ကလေးကသေပြီ “လို့ မှော်ဇာဒေသခံတဦးကပြောပါတယ်။

ဓားနဲ့အထိုးခံရတဲ့ စစ်သားကတော့ ကပစ(၅)တပ်မှ တပ်သားအောင်မြင့်မြတ်ဆိုသူဖြစ်ပြီး အသက်သေဆုံးတာမရှိဘဲ ထိခိုက်ဒဏ်ရာသာရရှိခဲ့တယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။

လက်ရှိမှာ ကျောင်းသားတွေကို ပြန်လွှတ်လိုက်ပြီး စာသင်ကျောင်းကို ယာယီပိတ်ထားကာ စစ်​ဆေးရှာဖွေတာတွေလုပ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပြည်

Related posts

Leave a Comment

VOM News

FREE
VIEW