ဗဟိုဘဏ်က ဒေါ်လာစျေးပြောင်းလိုက်ရတဲ့ အကြောင်းအရင်း

ဩဂုတ် ၆-၂၀၂၂
VOM (GG)

အမေရိကန် တဒေါ်လာကို ၁၈၅၀ သတ်မှတ်ထားရာကနေ ၂၁၀၀ ကျပ် အဖြစ် တိုးမြင့်ပြောင်းလဲလိုက်တာဟာ လက်ရှိဖြစ်နေတဲ့ ပြင်ပဒေါ်လာစျေးကွက်ကွာဟမှုတွေကြောင့် လိုက်လျောညီထွေဖြစ်အောင် ဖြေလျှော့လုပ်ဆောင်ပေးလိုက်တာဖြစ်တယ်လို့ ဗဟိုဘဏ်တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။

နောက်ပြီး အခုလို ဒေါ်လာလဲလှယ်မှုနူန်းပြောင်းလဲသတ်မှတ်မှုနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ လုပ်ဆောင်မှုတွေလည်း ထပ်ပြီးလုပ်ဆောင်ဖို့ရှိသေးတယ်လို့ သိရပါတယ်။

” စျေးကွက်နဲ့လိုက်လျောညီထွေဖြစ်မယ့်စျေးကို ပြောင်းပေးလိုက်တာပေါ့။အပြင်စျေးကွက်နဲ့သိပ်ကွာဟနေတာဖြစ်လို့ ရောင်းပေးလိုက်တာဖြစ်တယ်။နောက်ထပ် နောက်ဆက်တွဲတွေ လာဖို့ရှိသေးတယ်။ ဖြေလျှော့ပေးလိုက်တာပေါ့ ။လောလောဆယ်ဒီလောက်ပဲပြောလို့ရသေးတယ်”လို့ ဗဟိုဘဏ်တာဝန်ရှိသူက ပြောပါတယ်။

အမေရိကန်ဒေါ်လာကို ၂၁၀၀ ကျပ် အဖြစ် သတ်မှတ်လိုက်ကြောင်းကိုတော့ မနေ့က ဩဂုတ်လ ၅ ရက်နေ့မှာ ဗဟိုဘဏ်က တရားဝင်ထုတ်ပြန် အသိပေးခဲ့တာဖြစ်ပါတယ်။

အခုလို အမေရိကန်ဒေါ်လာ ၁၈၅၀ ကျပ်သတ်မှတ်ထားမှုကနေ ၂၁၀၀ အဖြစ်တိုးမြှင့်ပေးလိုက်မှုက စီးပွားရေးလုပ်ငန်းရှင်တွေအတွက်တော့ အရင်ကထက် ပိုအဆင်ပြေတဲ့ကိစ္စဖြစ်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်က ပြောပါတယ်။

” အရင်က ၁၈၅၀ ရတယ် အခု ရောင်းရင် ၂၁၀၀ ရမယ်ဆိုတော့ ဘာဖြစ်ဖြစ်အရင်ထက်တော့ မဆိုးဘူးပေါ့။ ပြင်ပစျေးနဲ့ကတော့ ကွာဟနေတုန်းပဲ ။ အခြေအနေတွေက စောင့်ကြည့်လုပ်နေရမှာ တထစ်ချကို တွက်လုပ်လို့မရဘူး “လို့ စီးပွားရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။

ဗဟိုဘဏ်ဟာ အရင်က ပို့ကုန်ရငွေတွေအပါအဝင် ပြည်တွင်းမှာနေပြီး နိုင်ငံခြားငွေရသူတွေ၊နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နူန်း ရှိတဲ့ ကုမ္ပဏီတွေ ပြည်တွင်းမှာ နိုင်ငံခြားငွေရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းနဲ့ အထက်ရှိတဲ့ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတွေ စတဲ့ ကင်းလွတ်ခွင့်ထဲမပါတာတွေအားလုံး နိုင်ငံခြားသုံးငွေကို တဒေါ်လာ ၁၈၅၀ နဲ့ လဲလှယ်ဖို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် သွင်းကုန် ပို့ကုန်လုပ်ငန်းရှင်တွေ ဒေါ်လာအသုံးပြုခွင့်အခက်ခဲကြောင့် အခက်အခဲတွေရင်ဆိုင်ခဲ့ရပြီး ပို့ကုန်လုပ်ငန်းတွေ ရပ်တန့်တာမျိုးအထိရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့သြဂုတ် ၆ ရက်နေ့ ပြင်ပဒေါ်လာပေါက်စျေးက ၂၆၅၀ ဝန်းကျင်ရှိနေပြီး စျေးကွက်ကတော့ ကြိုက်ရောင်းကြိုက်ဝယ် စနစ်ဖြစ်နေတုန်းပဲလို့ သိရပါတယ်။

နောက်ပြီး ဒေါ်လာ အရောင်း၊အဝယ် အခြေအနေကတော့ သိမ်းထားတဲ့ ဒေါ်လာတွေကို ထုတ်ရောင်းသူတွေရှိနေပြီး အဝယ်ပိုင်းကတော့ ကျောင်းလခသွင်းဖို့နဲ့ မဖြစ်မနေပေးချေဖို့ ဒေါ်လာလိုအပ်သူတွေကသာ ဝယ်ယူမှု ရှိတယ်လို့ ဒေါ်လာငွေ ဝယ်/ရောင်းလုပ်ကိုင်သူတွေဆီကသိရပါတယ်။

#voiceofmyanmar #VOM #ဗဟိုဘဏ် #ဒေါ်လာစျေးပြောင်းရတဲ့အကြောင်းအရင်း

Related posts

Leave a Comment

VOM News

FREE
VIEW