ရေးမြို့ကို ည ၈ နာရီကနေ ၄ နာရီအထိ ညမထွက်ရအမိန့်နဲ့အတူ တားမြစ်ကန့်သတ်ချက်တွေ ထုတ်ပြန်

ဩဂုတ် ၇-၂၀၂၂
VOM (GG)

မွန်ပြည်နယ်၊ ရေးမြို့ လ.ဝ.က ရုံး ပစ်ခတ်ခံခဲ့ရပြီးနောက် ရေးမြို့နယ်ကို ည ၈ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် နဲ့အတူ တားမြစ်ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

ရေးမြို့နယ်အတွင်း ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် ဒါမှမဟုတ် နိုင်ငံသားစိစစ်ရေးကဒ်ပြားမပါဘဲ နယ်မြေကျော်လွန်ခရီးသွားလာခြင်းမပြုလုပ်ဖို့လည်း ဩဂုတ်လ ၅ ရက်နေ့ရက်စွဲနဲ့ ရေးမြို့နယ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်အသိပေးထားတာဖြစ်ပါတယ်။

ရေးမြို့နယ်အတွင်းမှာ အကြမ်းဖက်အဖွဲ့တွေက တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားအောင်လုပ်နေတာကြောင့် အကြမ်းဖက်သူနဲ့ ပြည်သူ ကွဲပြားမှုရှိအောင် အခုလို တားမြစ်ကန့်သတ်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

” လဝကရုံး ပစ်ခံရပြီးတော့ အခုလို စာထွက်တာပဲ ။ အရင်က ည ၁၂ ထင်တယ် ကြာတော့သိပ်မမှတ်မိဘူး။ အခုကတော့ ည ၈ဆို အပြင်မထွက်ရဘူး။ နေ့ဘက်ဆိုလည်း ဆိုင်ကယ်စီးရင် ကန့်သတ်ချက်တွေထုတ်ထားတယ်။ စစ်ဆေးမှုတွေလည်း တင်းကြပ်တာတွေ့ရတယ် “လို့ ရေးမြို့ဒေသခံတဦးကပြောပါတယ်။

အလားတူ ရေးမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းတာနဲ့ပတ်သက်ပြီး အမျိုးသား၂ဦးစီးနင်းခြင်း၊ ဆိုင်ကယ်ကို အမျိုးသမီး မောင်းတဲ့နောက်က အမျိုးသားလိုက်ပါစီးနင်းခြင်းကိုလည်း တဆက်တည်း တားမြစ်လိုက်တယ်လို့ သိရပါတယ်။

နောက်ပြီးရေးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေချိန် ကား၊ ဆိုင်ကယ်ကို အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ စစ်ရေးအဖွဲ့က ရပ်တန့်စစ်ဆေးခြင်းကို လက်မခံဘဲ မောင်းနှင်ထွက်ပြေးခြင်းတွေမလုပ်ဖို့ အပါအဝင် ရေးတံတားကြီးနဲ့ ချောင်းတောင်တံတား အထက်ပေါ်မှာ ယာဉ်ဖြတ်သန်းသွားလာစဉ် ယာဉ်မောင်းမှအပ ယာဉ်ပေါ်လိုက်ပါလာသူအားလုံး လမ်းဆင်းလျှောက်ရမယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ကူးတို့ဆိပ်တွေဖြစ်တဲ့ ချောင်းတောင်အပေါ် ကူးတို့ဆိပ်(တောင်ဘက်ကမ်း)၊ ကော့ဒွတ်ကျေးရွာအုပ်စုရှိ ကော့ဒွတ် – နှစ်ကရင်ကူးတို့ဆိပ်၊ ကော့ဒွတ် – ကုလားကုတ်ကူးတို့ဆိပ်တွေက ကူးတို့ရေယာဉ်၊ စက်တပ်ရေယာဉ် နဲ့ ပင်လယ်ပြင်ထွက်လှေ အားလုံးအနေနဲ့ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ လိုက်ပါမယ့်သူ အမည်စာရင်း တင်ပြပြီး ထွက်ခွာခွင့်အထောက်အထားလက်မှတ်ရယူရမယ့်အပြင် ပြန်လည်ရောက်ရှိပါက ရောက်ရှိကြောင်း သတင်းပေးပို့တင်ပြရမှာဖြစ်ပြီး၊ သတ်မှတ်ထားတဲ့ ကန့်သတ်ချိန်မှအပ ကျန်အချိန်တွေမှာ ကူးသန်းသွားလာခြင်းမပြုရဘူးလို့ ရေးသားထားပါတယ်။

ရေးမြို့နယ်ထဲက တပလ္လင်နှစ်ဆူမီးပွိုင့် ဗိုလ်ချုပ်လမ်းကနေ မင်းခေါင်လမ်းနဲ့ သပြေလမ်းဆုံအတွင်း၊ မင်းခေါင်လမ်းနဲ့ သပြေလမ်းဆုံကနေ မင်းခေါင်လမ်းနဲ့ ရေး – မော်လမြိုင်လမ်းဆုံအတွင်း၊ တပလ္လင်နှစ်ဆူမီးပွိုင့်ကနေ တနင်္သာရီလမ်းမကြီးအတိုင်း ချင်းတွင်းလမ်းအတွင်း၊ အထက (၁) ရှေ့ဗိုလ်ချုပ်လမ်းကနေ ပြန်/ဆက်ရုံးဘေး ကျုံးပတ်လမ်းအတွင်း၊ ရဲစခန်းရှေ့ ဗိုလ်ချုပ်ဈေးဘေး ကျုံးပတ်လမ်းအတိုင်း မွန်ဓမ္မာရုံလမ်းအတွင်း ခွင့်ပြုထားတဲ့ ယာဉ်နဲ့ လူမှအပ တခြား ဖြတ်သန်းသွားလာခြင်း ခွင့်မပြုဘူးလို့လည်း အမိန့်ကြေညာစာမှာပါရှိပါတယ်။

အဲ့ဒီတားမြစ်ချက်တွေနဲ့ပတ်သက်ပြီး မနေ့ ဩဂုတ် ၆ ရက်နေ့ကနေ ၁၂ ရက်​နေ့အထိ ပညာပေးကာလအဖြစ် သတ်မှတ်စစ်ဆေးဆောင်ရွက်မှာဖြစ်ပြီး အဲ့ဒီ နောက်မှာတော့ တားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် တည်ဆဲဥပဒေအရလည်းကောင်း၊ ရာဇသတ်ကြီးပုဒ်မ – ၁၈၈ အရလည်းကောင်း အရေးယူမယ်လို့ ရေးသားထားပါတယ်။

အခုလ ဩဂုတ်လ ၃ ရက်နေ့က ရေးမြို့နယ် လ၀ကရုံး မှာ ပစ်ခတ်မှု တွေဖြစ်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။

မွန်ပြည်နယ်ထဲက ကျိုက်ထိုမြို့နယ်မှာလည်း ဆိုင်ကယ်စီးခွင့်နဲ့ပတ်သက်ပြီး အမျိုးသား ၂ ယောက်စီးခြင်းကို တားမြစ်ထားပါတယ်။

ကျန်တဲ့မြို့နယ်တွေမှာတော့ ညမထွက်ရအမိန့်က ည ၁၂ ကနေ မနက် ၄ နာရီအထိဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရေး

Related posts

Leave a Comment

VOM News

FREE
VIEW