မြို့မငြိမ်းရဲ့ ဘုရားဈေး

ဆူးငှက်

လွတ်လပ်ရေးတိုက်ပွဲသမိုင်းကာလမှာ ပေါ်ထွန်းခဲ့တဲ့ မြို့မငြိမ်းလို ပုဂ္ဂိုလ်ကြီးဟာ မြန်မာပြည်လွတ်လပ်ရေးတိုက်ပွဲကို ထင်ဟပ်စေတဲ့ သီချင်းတွေ မရေးဖွဲ့ဘဲ စာနု၊ စာယဉ်တွေနဲ့ပဲ တင်းတိမ်နေခဲ့သလားလို့ တွေးမိကောင်း တွေးထင်မိကြပါလိမ့်မယ်။ ဒါပေမယ့် ဆရာငြိမ်းဟာ စာနု၊ စာယဉ်တွေနဲ့ပဲ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲမှာ ကလောင် လက်နက်နဲ့ တစ်ဘက်တစ်လမ်းက ပါဝင်ခဲ့တယ်။ ထိုသုံးပါး၊ရေခင်းတော် မြင်းခင်းတော်နဲ့ နတ်ရှင်နောင်လို သီချင်းမျိုးတွေဟာ သူ့ကျွန်ဘဝရောက်ရတဲ့ မြန်မာလူထုအတွက် မျိုးချစ်စိတ်တွေ ပေါ်ပေါက်စေဖို့ အထောက်အကူဖြစ်ရပါတယ်။ လွတ်လပ်ရေး ရပြီးတဲ့နောက်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးသီချင်းနဲ့ လူချွန်လူကောင်းသီချင်းတွေကလည်း ကမ္ဘာ့လူထု၊ မြန်မာ့လူထုအတွက် မျှော်မှန်းချက်ချက် ရည်မှန်းချက်တွေကို ထပ်စပ်စေတာပဲ မဟုတ်ပါလား။

ကျွန်တော်တို့ဟာ ဆရာငြိမ်းရဲ့ သီချင်းများကို ပြန်လည်လေ့လာကြတဲ့အခါ သမိုင်းအတွက် တန်ဖိုးလည်းရှိ၊ သီချင်းရေးဆရာအဖို့ ဂုဏ်သိက္ခာလည်းရှိ၊ မွန်မြတ်မှုလည်းရှိစေတဲ့သီချင်းတစ်ပုဒ်ကို တွေ့ရပါတယ်။ ဒီသီချင်းဟာ အင်္ဂလိပ်နယ်ချဲ့ရဲ့ လက်နက်အားကိုးနဲ့ မတရားဖိနှိပ်တဲ့ ခေတ်ကြီးမှ နယ်ချဲ့ကို သူ့ကျွန်မခံ မျိုးချစ်စိတ်နဲ့ ဖိရင်ကြွ၊ ထိရင် ချခဲ့ကြတဲ့ မြန်မာတို့ရဲ့တိုက်ပွဲတစ်ရပ်ကို ဆရာငြိမ်းဟာ သူတတ်ကျွမ်းတဲ့ ပညာရပ်နဲ့ ဂုဏ်ပြုစပ်ဆိုခဲ့တဲ့ သီချင်းပါ။ ဆရာငြိမ်းဟာ ဒီသီချင်းနဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်လူထုကို ဂုဏ်ပြုရုံမကအရေးကြီးတဲ့ သမိုင်းတစ်ရပ်ကိုလည်း ကမ္ပည်းထိုးခဲ့တာဖြစ်ပါတယ်။

အချိန်က လွတ်လပ်ရေး အရှိန်အဟုန်ပြင်းထန်နေတဲ့
၁၉၃၈-၃၉ ခုနှစ်ကာလ။ ၁၉၃၈ခုနှစ်ဆန်း ကတည်းက မန္တလေးမှာ ဗဟိုအမျိုးသားအထက်တန်းကျောင်း (ယခု အထက-၂)က စပြီး နယ်ချဲ့ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ စတင်နေပြီ။ ဒီလှုပ်ရှားမှုတွေကို မန္တလေးမှာ အလွန်သြဇာရှိတဲ့ ရဟန်းပျိုအဖွဲ့ကလည်း ထောက်ခံနေပြီ။ နယ်ချဲ့ကလည်း ဖမ်းသူဖမ်း၊ ထောင်ချသူ ချနဲ့ ဖိနှိပ်နေပြီပေါ့။ ဒီကြားထဲ လူမျိုးရေး အဓိကရုဏ်းကိုလည်း ဖန်တီးလိုက်သေးတယ်။ ဒါပေမယ့် နယ်ချဲ့ဆန့်ကျင်ရေး အရှိန်အဟုန်က မပျက်ပြယ်ခဲ့ပါဘူး။ ကျောင်းသားလှုပ်ရှားမှုက စခဲ့တဲ့ နယ်ချဲ့ဆန့်ကျင်ရေးဟာ ရဟန်းပျိုအဖွဲ့ရော၊ မြို့လူထုသာမက ဈေးချိုသူဈေးချိုသားတွေလည်း ပါဝင်လာကြတယ်။ ကျောင်းသားတွေနဲ့ မြို့လူထုက စီတန်းဆန္ဒပြမယ်။ဈေးချိုတော်ကြီးလည်း ဆန္ဒပြလူထုကြီးကို ကြိုဆိုကြမယ်။ ဂုဏ်ပြုကြမယ်။ ခေါင်းဆောင်တွေကို ပန်းကုံးစွပ်ကြမယ်နဲ့ အုတ်အော်သောင်းနင်းဖြစ်နေတော့ နယ်ချဲ့ဟာ ဈေးချိုတော်မှာ ပုဒ်မ-၂၃(၇)ကိုထုတ်ပြန်လိုက်ပါတယ်။

ရဟန်းပျိုအဖွဲ့ကလည်း မန္တလေးဈေးချိုတော်ကြီးကို သပိတ်မှောက်ဖို့ ညွှန်ကြားလိုက်တယ်။ ဒီတော့ ဈေးချိုသူ၊ဈေးချိုသားတွေဟာ ၁၃၀၀ပြည့်နှစ် တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်(၁၉၃၈ခုဝင်ဘာ ၁၁ ရက်)နေ့မှာ ဈေးချိုရုံကြီး (၁၂)ရုံကို သပိတ်မှောက်ပြီး ဈေးချိုအနောက်ဘက်၊ သီရိဟေမာအရှေ့ရပ်ကွက်မှာရှိတဲ့ အိမ်တော်ရာဘုရားဝင်းထဲ ဈေးသွားဖွင့်ကြတယ်။ မန္တလေးဈေးချိုဆိုတာ လူမျိုးပေါင်းစုံ၊ လူတန်းစားပေါင်းစုံကိုး။ နယ်ချဲ့ကို တော်လှန်ဖီဆန်ပြီး သပိတ်မှောက်ကြတော့ လူမျိုးခြား အရင်းရှင်ကုန်သည်ကြီးတွေက ဘယ်ပါရဲမလဲ။ ဒါ့အပြင် နယ်ချဲ့အလိုတော်ရိတွေ၊တောကြောင်တွေကလည်း ဒီတိုက်ပွဲမှာ ဘယ်ပါရဲကြလဲ။ ဒီလိုလူတွေဟာ ဘုရားဈေးကို မလိုက်ဘဲ ခြောက်ကပ်ကပ်ဈေးချိုမှာ နေရစ်ခဲ့ကြတယ်။ တချို့လည်း ပစ္စည်းသိမ်း၊အိမ်ပြန်ပြီး မသိလိုက် မသိဘာသာနေကြတယ်။ ဒါပေမယ့် ဒီလိုလူတွေက လူနည်းစုပါ။ မြန်မာလူမျိုးတိုင်း မျိုးချစ်စိတ်ရှိသူတိုင်းဟာ ဘုရားဈေးမှာ ရဲရဲဝံ့ဝံ့ဈေးထွက်ကြပါတယ်။

ဒီအချိန်မှာ ဆရာငြိမ်းဟာ ပြည်သူ့ဘက် မှန်ကန်တဲ့ဘက်က ရဲရဲရပ်ပြီး “အိမ်တော်ရာဘုရားဈေး” ဆိုတဲ့ သီချင်းတစ်ပုဒ်ကို ရေးဖွဲ့လိုက်ပါတော့တယ်။ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ ဘုရားရိပ် တရားရိပ်ရဲ့အေးမြပုံကို လေပြည်ညောင်ရွက်သံ၊ ဆည်းလည်းသံ စတဲ့စကားလုံးတွေနဲ့ ခြယ်မှုန်းပြီး၊ ဘုရားဈေးကို မှတ်မိကြပါရဲ့လားဆိုတဲ့ ချစ်စရာ မေးခွန်းလေးနဲ့အတူ ပြည်သူလူထုရဲ့ နယ်ချဲ့ဆန့်ကျင်ရေးမှာ စည်းရုံးရေးကြောင့် အောင်မြင်ခဲ့ပုံကို သတိရစေခဲ့ပါတယ်။

အဲဒီခေတ်ကဈေးချိုတော်ကြီးမှာ အဝတ်အထည်တွေ ရောင်းချကြတာက နိုင်ငံခြားသား အရင်းရှင်ကြီးတွေပဲ များပါတယ်။ ပြီးတော့ နိုင်ငံခြားဖြစ် အဝတ်အထည်တွေကိုပဲ အလုံးအရင်းနဲ့ ရောင်းကြတာမို့ တိုင်းရင်းသားကုန်သည်လေးတွေရဲ့ တိုင်းရင်းဖြစ် အထည်လေးတွေဟာ မျက်နှာပန်းမလှ ဖြစ်နေတာပေါ့။ အခုလိုဈေးချိုကြီး သပိတ်မှောက်လိုက်တော့ ဟံဇားဦးအေး၊ဒေါ်သန်း စတဲ့ တိုင်းရင်းသား အထည်ကုန်သည်တွေကပါ ဘုရားဈေးမှာလာပြီး တက်တက်ကြွကြွ ဈေးထွက်ကြပါတယ်။ ဒီတော့ ဆရာငြိမ်းဟာ မျိုးချစ်စိတ်ရှိတဲ့ တိုင်းရင်းသား အထည်ကုန်သည်များနဲ့ တိုင်းရင်းဖြစ် အထည်များကို ဂုဏ်ပြုစပ်ဆိုတဲ့အခါ … “မြန်မာဖြစ် ဟံဇားအထည်တောင် မြို့ထည်တွေရဲ့ရောင်စုံလှပုံတွေဟာမျက်စိတွင်းကမထွက်ကြောင်း၊ ဟံဇားထည်နှင့် တောင်မြို့ထည်များသာ ဝတ်ဆင်ပါက မြန်မာ့ ကျက်သရေ၊ မြန်မာ့အလှတွေဖြင့် အဆင်ပြေပြေယဉ်ပေမည်ဖြစ်ကြောင်း တခမ်းတနားစပ်ဆိုခဲ့ပါတယ်။
တစ်ခါ မန္တလေးဈေးချိုသူတွေရဲ့ဖော်ရွှေမှု၊ ယဉ်ကျေးသိမ်မွေ့မှုတွေနဲ့ ဈေးဝယ်သူကို ပြုံးမယောင်မျက်နှာလေးနဲ့ မရဲတရဲ မေးတတ်ပုံကအစ ယနေ့ထက်တိုင် မန္တလေးရဲ့ နာမည်ကြီး အစားအသောက်ဖြစ်တဲ့ “မလိုင်ပေါက်စီ”ပါ ဘုရားဈေးမှာရနိုင်ကြောင်းများကို သီချင်းရဲ့ ဒုတိယအပိုဒ်မှာစပ်ဆိုခဲ့ပါ တယ်။

အိမ်တော်ရာမှာဈေးဖွင့်တော့ မူလကဈေးချို အမှုဆောင်အဖွဲ့အစား ရဟန်းပျိုအဖွဲ့ရဲ့သြဝါဒခံဈးအမှုဆာင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။ ဆင်တံတားဦးသိန်း ကို ဥက္ကဋ္ဌ တင်လိုက်တယ်။ မိုးကောင်းတိုက် ဦးပဏ္ဍိ၊ ဦးမေဏ္ဍက၊ ဦးကာကြီး၊ ဦးကာလေး၊ ဦးဝိမလ၊ ဦးကုသလ၊ ဦးကောလာသ(အာဇာနည်)နဲ့ ဦးနာရဒစတဲ့ ဆရာတော်ဘုရားများက ဈေးကိုစောင့်ရှောက်ကြတယ်။ အဲဒီလိုနဲ့ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့နိုင်ငံရေး အနှစ်သာရပည့်ဝစွာပေါ်ပေါက်လာခဲ့တဲ့ အိမ်တော်ရာဘုရားဈေးမှာ ဈေးထွက်သူ မျိုးချစ်ဈေးသည်မလေးတွေနဲ့ရွှတ်နောက်နောက် လူပျိုကာလသားများကြားက နောက်ပြောင်ကျီစယ်မှုဟာ ဈေးသည်မလေးတွေရဲ့ “နုတဲ့ ပါးပြင်ဆီ ရှက်သွေးဥလို့နီ” သည်အထိ အတိုင်းအထက်အလွန် ဖြစ်တတ်ပါတယ်။ ဒီလိုများနောက်ပြောင်မှု လွန်ကဲလာရင် ဈေးအုပ်ချုပ်ရေး ဆရာတော်များက တားမြစ် အပြစ်ပေးပါတယ်။ ဒီတော့ ဆရာငြိမ်းက မျိုးချစ်ဈေးသည်မလေးတွေ ဘက်က ရပ်တည်ပြီး အစ်ကိုကာလသားတွေကို ဘုန်းဘုရား ရိုက်နှက်အပြစ်ပေးမှု မခံရလေအောင် လှပပြေပြစ်တဲ့ အရေးအသား စကားလုံးတွေနဲ့သတိပေးရေး စပ်ထားပါသေးတယ်။

ဒါကြောင့် မြို့မငြိမ်းရဲ့ “အိမ်တော်ရာဘုရားဈေး” သီချင်းဟာ ၁၃၀၀ပြည့်နှစ် မန္တလေးရဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခုကို မှတ်တမ်းတင်တဲ့နေရာမှာ အသံ၏ပြေပြစ်ခြင်း၊ အဓိပ္ပာယ်ကောင်းခြင်း၊ စာသားနုခြင်း၊ခေတ်ကို ထင်ဟပ်စေခြင်း စတဲ့ အချက်များကြောင့် ရင်ထဲအသည်းထဲ တစိမ့်စိမ့် စွဲဝင်နေရပါတော့တယ်။

အိမ်တော်ရာဘုရားဈေး

“လက်ဆယ်ဖြာစုံညီ၊ တင်ထိပ်ဦးဖူးခဲ့သည်၊ မှတ်မိကြသေးရဲ့လား မေးလိုက်ချင်သည်၊လေပြည်ဆော်ပြန်ရင် ညောင်ရွက်သံတရှဲရှဲ၊ ဆည်းလည်းသံညံစီစီ
(တွေးမိပြီ)၂၊
လောကရံသီ၊ အိမ်တော်ရာစေတီ၊ ဘုရားဈေးပြေးလို့မြင်နိုင်သည်။ တို့ဂုဏ်ရောင်ပာင်ပြောင်၊ စည်းရုံးရေးကြောင့်၊ အောင်ပေသည် …”
“ဟံဇားထည် (တောင်မြို့ထည်) နီပြာဝါရွှေ၊ စိမ်းလဲ့ညိုကျာ့ရှင်း၊ မျက်စိတွင်းက မထွက်သည်။မြန်မာ့အသရေ အလှတွေ၊ အဆင်ပြေ၊ ယဉ်ပေသည်။ ပြုံးမယောင် မျက်နှာလေးက၊ မရဲတရဲ ဘာဝယ်မလဲရှင်၊ဈေးသည်ပီပီ၊မေးတတ်ရှာသည်၊ စားဖွယ်သောက်ဖွယ်၊ ငါးခြောက်ရယ် ငါးပိရယ်ရှိတယ်၊ ဘာကိုမဆို အလိုပြည့်နိုင်သည်၊ယုတ်စွအဆုံးတိုင်၊ မလိုင်ပေါက်စီ သုံးဆောင်နိုင်ပါသည်။ အပါးနံဘေး ဘုရားဈေး အိမ်တော်ရာစေတီ….”
“ဘုရားတန်ခိုးနဲ့ တိုးလို့လှတဲ့ ကုမ္မာရီ၊ ကာလသားတွေ လာပြန်ပြီ၊ ပိုက်ဆံ မပေးရတိုင်း၊ ပိုးလဲပိုးရှာကြတော့သည်။ အလော်မာသဘော မတော်တာပြော၊ သူတို့ပဲစကြသည်၊နုတဲ့ပါးပြင်ဆီ၊ ရှက်သွေးဥလို့နီ၊ မျက်စောင်းလေး သုန်သုန်မှုန်မှုန်၊ ဘုန်းဘုန်းကို လျှောက်လိုက်ရင်၊ အခြောက်တိုက်ပင် အရိုက်ခံထိတော့မည် …”
“ဟံဇားထည် (တောင်မြို့ထည်) နီပြာဝါရွှေ၊ စိမ်းလဲ့ညိုကျော့ရှင်း၊ မျက်စိတွင်းက မထွက်သည်။မြန်မာ့အသရေ အလှတွေ၊ အဆင်ပြေ၊ ယဉ်ပေသည်။ ပြုံးမယောင် မျက်နှာလေးက၊ မရဲတရဲ ဘာဝယ်မလဲရှင်၊ဈေးသည်ပီပီ၊မေးတတ်ရှာသည်၊ စားဖွယ်သောက်ဖွယ်၊ ငါးခြောက်ရယ် ငါးပိရယ် ရှိတယ်၊ ဘာကိုမဆို အလိုပြည့်နိုင်သည်၊ ယုတ်စွအဆုံးတိုင်၊ မလိုင်ပေါက်စီ သုံးဆောင်နိုင်ပါသည်။ အပါးနံဘေး ဘုရားဈေး အိမ်တော်ရာစေတီ….”

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW