မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးကားနဲ့ အပြန်အလှန် ပစ်ခတ်ပြီး လူ ၂ ဦး သေ ၊ ဘုန်းကြီးအပါအဝင်၂ ဦး ဒဏ်ရာရ

အောက်တိုဘာ ၊ ၄ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက် ၊ တိုင်းအဆင့် ဌာနဆိုင်ရာရုံးတွေ တည်ရှိတဲ့နေရာရဲ့ အနောက်ဘက် လမ်းမကြီးပေါ်မှာ မနေ့ အောက်တိုဘာ ၃ ရက် ၊ ညနေပိုင်းက ပစ်ခတ်တာတွေဖြစ်ပွားပြီး လူသေဆုံးတာနဲ့ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။

” အစည်းအဝေးသွားတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးကားကို တခြားအိမ်စီးကား တစ်စီးပေါ်ကနေ ပစ်တာပါ ၊ အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ပြီး မဆိုင်တဲ့ ဘေးလူတွေ ထိမှန်သေဆုံးတာ ” လို့ မုံရွာမြို့ခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်ပွားတာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က” မနေ့က ညနေပိုင်း ၃ နာရီနဲ့ ၄ နာရီကြား ဖြစ်တာပါ ၊ မြို့နယ်မှူး လှည့်ကင်းကားအဖွဲ့နဲ့ အမည်မသိသူတွေ စီးနင်းလာတဲ့ကား ပစ်ကြတာဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် အရပ်သား ၂ ယောက် ကျည်ဆံထိမှန် ဒဏ်ရာရ သေဆုံးတယ် ၊ သေဆုံးသူ ၂ ယောက်ဟာ အသက် ၂၀ ဝန်းကျင်အရွယ် နဲ့ ၂၅ ဝန်းကျင် အမျိုးသားတွေဖြစ်တယ် ၊ ဒါ့အပြင် နန္ဒဝန်ရပ်ကွက် နယ်မြေ ၆ မှာရှိတဲ့ ဝါဆိုကျောင်းတိုက်က ဒုလ္လာဘ ဝတ်နေတဲ့ လူအမည် ကိုဝေယံ၂၅ နှစ် ရဟန်းဘွဲ့အမည် (စုံစမ်းနေဆဲ)ဆိုသူဟာ ယာဘက်ခါး ကျည်ဖောက်ဝင် စိုးရိမ်ရ ဒဏ်ရာရတယ် ၊ အဲ့ဒီနောက် နန္ဒဝန်ရပ်ကွက် နယ်မြေ ၆ မှာနေတဲ့ ဆေးသုတ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ကိုအောင်မြင့်သူ ၁၉ နှစ် ပုခုံးဖောက်ဝင်ဒဏ်ရာရတာ “လို့ ပြောပါတယ်။

အဲ့ဒီနောက် မုံရွာမြို့ခံ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်တယောက်က” ကျွန်တော်တို့ ကျောက္ကာလမ်းက ငြိမ့် လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့အချိန် ရဲနဲ့ စစ်သားတွေ ရောက်လာပြီး ကားတွေကို စစ်ဆေးတယ် ၊ နောက်ပြီး ကျောက္ကာလမ်းပေါ်မှာ ကန့်လန့်ရပ်ထားခဲ့တဲ့ ပိုင်ရှင်မဲ့ အာရာဖတ် ကားတစ်စီးကို မှန်တွေထုခွဲပြီး စစ်ဆေးတယ် ၊ ညရောက်တော့ သတင်းကြားရတာက ၊ ဘုန်းကြီး တပါး အပါအဝင် ၊ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေတယ်လို့ ကြားရတယ် ၊ ၂ ဖက် ပစ်ခတ်တာဆိုတော့ ဘယ်အဖွဲ့ကြောင့် သေတယ်ဆိုတာ မသိရဘူး ၊ သေတဲ့သူတွေကတော့ အရပ်သားတွေပဲ “လို့ ပြောပါတယ်။

အဲ့ဒီနောက် မနေ့က ညနေပိုင်းမှာ မုံရွာမြို့ပေါ် ပစ်ခတ်တာတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ” မုံရွာ နန္ဒဝန်ရပ်ကွက်ထဲမှာ အရပ်ခေါ် ပျူစောထီးတွေ အစည်းဝေးလုပ်နေတဲ့အချိန် ပစ်ခတ်ခံရပြီး ကင်းသမား ၂ ဦး သေဆုံးသွားတယ်”လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

မနေ့က ညနေပိုင်းမှာ မုံရွာမြို့ရဲ့အနောက်ဘက် ချင်းတွင်းမြစ် တဖက်ကမ်းမှာရှိတဲ့ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီးကျေးရွာ ၊ ညောင်ပင်ကြီးရဲကင်းစခန်းကနေ စျေးဝယ်ထွက်လာတဲ့ ရဲ ၄ ဦး ဟာ လမ်းမှာ ပစ်သတ်ခံရပြီး သေဆုံးသွားတဲ့အပြင် သူတို့ကိုင်ဆောင်လာတဲ့ သေနတ်တွေ ပါသွားတာဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW