မန္တလေးမှာ ဘာမှသုံးမရလို့ မြစ်ထဲ ကန်ချလိုက်တာ ရန်ကုန်မှာသောင်တင်ပြီး ရုပ်ရှင်ဒါရိုက်တာတော့ ဖြစ်ပါသေးတယ်

 

 

 

ဆူးငှက်

 

 

 

 

“အပျော်တမ်း”ဟူသော စကားလုံးက မန္တလေးမှာ အထူးသဖြင့် အသုံးများသည်ဟု ထင်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၈၀၊ ၉၀လောက် ကတည်းက ‘အပျော်တမ်း’ စကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့ကြ၏။ “အပျော်တမ်း ခြင်းလုံးအသင်း”၊“အပျော်တမ်း တူရိယာအသင်း”၊ “အပျော်တမ်း  ကြက်တောင်ကလပ်”၊ “အပျော်တမ်း အလေးမအသင်း” စသည် စသည်ဖြင့် ဖြစ်ပါ၏။

 

 

တကယ်တော့ မန္တလေးသည် မြို့ပြ စတင် ဖွဲ့စည်း ကတည်းက “တူရာ တူရာ” စုဖွဲ့သည့် မြို့ပြပုံစံ ဖြစ်သည်။ အမရပူရနေပြည်တော်မှ ပြောင်းရွှေ့လာကတည်းက အမရပူရ နေပြည်တော်တွင် အခြေတကျ နေထိုင်ခဲ့ကြသည့် ရပ်ကွက်အတိုင်း “တူရာအိမ်နီးချင်း”များကို စုသည်။ ဥပမာ ဈေးချို၊ ဝါးတန်း သည်တို့ ဖြစ်၏။ မိဖုရား၊ မင်းသမီး၊ မင်းညီမင်းသား၊ မှူးတော် မတ်တော်များကို အပိုင်စား ပေးသည့် ဝင်းများလည်း ရှိ၏။

 

ဥပမာ ရွှေတိုက် အတွင်းဝန်မင်းဝင်း၊ ဆင်ဝန်ထောက်ဝင်း၊ တိုင်းတာ မင်းကြီးဝင်း၊ တောင်ခွင် မင်းကြီးဝင်း၊ ကျောက်ရဲ မိဖုရားဝင်း၊ အရှင်နှမတော် ဘုရားဝင်း စသည်တို့ ဖြစ်သည်။ လူမျိုးဆိုင်ရာ အစုအဝေးများလည်း ‘တူရာ’ နေရာချ ထားပေးပြန်၏။ဥပမာ- ကုလားစု၊ ကသည်စု၊ တရုတ်စု၊ မြန်မာစု၊ မွန်စု၊ ယိုးဒယားစု၊ ရခိုင်စု စသည်တို့ ဖြစ်သည်။ ထို့ပြင် အတတ်ပညာအလုပ်အကိုင်နှင့် ပတ်သက်၍လည်း ‘တူရာ’ နေရာများ ရှိသည်။ ဥပမာ ကြေးသွန်း၊ ခတ်တန်း၊ ကျောက်ဆစ်တန်း၊ ဆိုင်းတန်း၊ မဲအိုးတန်း၊ အချုပ်တန်း၊ အနှိပ်တော်၊ ဂုန္တာန်ဝင်း၊ ကြယ်ခတ်ဝင်း၊ မျက်ပါးရပ် စသည်တို့ ဖြစ်သည်။ ထို့ကြောင့် မန္တလေးမြို့ပြဖွဲ့စည်းမှုသည် မြန်မာ့ကျေးလက် လူနေမှု ပုံစံကို အခြေခံသည့် ဖွဲ့စည်းမှု ဖြစ်သည်။ ထို့ကြောင့် တစ်ဦးတစ်ယောက ်ပုဂ္ဂလိကသဘော သီးခြား နေထိုင်လို့ မရ။

 

 

ထိုအခါ ဘဝရပ်တည်ရေး ပင်တိုင်ပင်မ မဟုတ်သည့် ဝါသနာပါရာ လုပ်ငန်းများ အသီးသီးတွင် စီးပွားရေးနှင့် မပတ်သက်ဘဲရင်းနှီးမှု စိတ်ရင်း စိတ်ဓာတ် အခြေခံကာ ပါဝင် ပူးပေါင်းကြသည်။ ဥပုသ်ကဲ့သို့ အလုပ်အား အလုပ်နားသော ရက်များမှအစအလုပ်ပြီးချိန် လုပ်ငန်းသိမ်းချိန်၌ပင် ‘တူရာ’ စုကြပြီး ခြင်းခတ် ကစားကြမည်၊ တူရိယာ တီးမှုတ်ကြမည်။ ကြက်တောင် ရိုက်ကြမည်။ အလေးမ ကြမည် ဟူ၍ ဖြစ်သည်။ စီးပွားရေး မပါသောကြောင့် ‘အပျော်တမ်း’ဟု ကမ္ပည်းထိုး ကြ၏။ မှတ်တမ်းတင်ကြ၏။ အားကစားလည်း အားကစားအလျောက်၊ အနုပညာလည်း အနုပညာအလျောက် ‘အပျော်တမ်း’ဟု သတ်မှတ်ထားသော်လည်း ထိုအရာသည် စီးပွားရေး၊ ငွေကြေး၊ တန်ဖိုးမပါခြင်း သက်သက်သာ ဖြစ်ပြီး၊ အတတ်ပညာ၏ စံချိန်၊ အတိမ်အနက်နှင့် လုံး၀ မသက်ဆိုင်သည်ကိုလည်း အစဉ်အဆက် နားလည် သဘောပေါက်ပြီး ဖြစ်သည်။

 

 

ရှေ့တော်ပြေးဝင်း မြောက်ပေါက် ၂၈လမ်းပေါ်ရှိ အိမ်ဝင်းအတွင်း သစ်သားကွပ်ပျစ် တစ်ချပ်ပေါ်မှ ဘင်ဂျိုတဒေါင်ဒေါင် တီးခတ်နေသူ တစ်ဦးကို ‘သူက အပျော်တမ်း ဂီတသမား တစ်ဦးပါ’ ဟု နယ်မှလာသူကို မန္တလေးသားက ညွှန်ပြ ပြောဆိုသည် ဆိုငြား ထိုဘင်ဂျိုတဒေါင်ဒေါင်နှင့် လူငယ်သည် အနုပညာရှင် ‘အလင်္ကာကျော်စွာ မြို့မငြိမ်း’ ဖြစ်နေသည်။ ထို့အတူ ဘောက်စ်ဝက်ဂွန်း ကားလေးနှင့် ကင်မရာတစ်လုံး လွယ်ပြီး ဓာတ်ပုံ လှည့်ရိုက်၊ အပေါင်းအသင်းတွေနှင့် ပျော်ပွဲစားထွက်၊ တိုက်ကြီးပေါ်မှာ ဆိုင်းဝိုင်းကြီး ဆင်၍ တီးခတ်၊ ဓာတ်စက်ဖွင့်ပြီး ဆင်ဖိုနီ ဓာတ်ပြားတွေ နားထောင်နှင့် ဓားတန်းရပ်က သူဌေးသား တစ်ဦးကိုလည်း‘အပျော်တမ်း’ ပါဟု ပြောဆိုငြား၊ ထို သူဌေးသားကလည်း စွယ်စုံအနုပညာရှင်ကြီး ‘ဓားတန်းဦးသန့်’ ဖြစ်နေပါသည်။ လက်ကိုင်ပုဝါ ခေါင်းစည်း၊ စွပ်ကျယ် လက်စက အင်္ကျီနှင့် လက်ဖက်ရည်ဆိုင်ထိုင်ကာ ဆေးလိပ်တစ်တိုပြီး တစ်တိုသောက်၍ လူငယ်လေးတွေနှင့် တရုန်းရုန်းနေသူ ရှေ့တော်ပြေးဝင်းသားကြီး ကလည်း ‘အပျော်တမ်း ပန်းချီဆရာ’ ဖြစ်ငြား၊ နာမည်ကျော် ပန်းချီဆရာကြီး ဦးဘသက် ဖြစ်ခဲ့သည်။

 

 

ထို့အတူ နန်းတော်ရှေ့ ဆရာတင်သည် လည်းကောင်း၊ အေဝမ်း ဆရာညှာသည် လည်းကောင်း၊ ဆရာထာသည် လည်းကောင်း၊ဦးသက်တင်သည် လည်းကောင်း၊ ဂီတာဘသိန်းသည် လည်းကောင်း၊ ဦးဘဒင်သည် လည်းကောင်း၊ ဦးလှဒင်သည်လည်းကောင်း၊ ကိုသန်းကြွယ်သည် လည်းကောင်း ထို… ထို… လည်းကောင်းပေါင်း များစွာသည် လည်း ‘အပျော်တမ်း’သမားများ ဖြစ်ခဲ့၏။ ဝါသနာပါသည့် သူဌေးများ စုကာ ကုမ္ပဏီထောင်ပြီး ‘အပျော်တမ်း’ ရုပ်ရှင် ရိုက်ကူးကြလေသောအခါ ဘဝသံသရာ၊ ဤလူ့ဘောင်တွင်၊ ရေမြေဆုံးတိုင် စသည့်စသည့် ရုပ်ရှင်လောကကို ကိုင်လှုပ်လိုက်သည့် ရုပ်ရှင်ကားပေါင်းများစွာအဖတ်တင် ကျန်ရစ်ခဲ့လေပြီ။ သီချင်းဆို၊ စန္ဒရားတီးသော ဝါသနာရှင် အပျော်တမ်း ဂီတသမားလူငယ် ကိုလှမြင့်က‘အပျော်တမ်း’ ဒါရိုက်တာ လုပ်၍ ‘ကံ’ ဟူသော ရုပ်ရှင် ဇာတ်ကားကိုလည်း ‘အပျော်တမ်း’ ရိုက်ကူး ခဲ့သေးသည်။ ထို့အတူ ရုပ်ရှင်ကုမ္ပဏီရှယ်ယာဝင် သူဌေးကလည်း စမ်းကြည့်သေးတာပေါ့ဟု ဆိုကာ ‘ကျောက်ဘီလူးနှင့်ပပဝင်း’ ဟူသည့် ရုပ်ရှင်ကားကိုလည်းအပျော်တမ်း ရိုက်ကူးခဲ့သည်။ ဤသို့ဖြင့် ပေါ်ဦးသက်သည်လည်း အပျော်တမ်း ပန်းချီဆရာ ဖြစ်ခဲ့သည်။ ဝင်းဖေသည်လည်းအပျော်တမ်း ပန်းချီဆရာ၊ အပျော်တမ်း ဒါရိုက်တာ၊ အပျော်တမ်း ဝတ္ထုတိုဆရာ ဖြစ်ခဲ့သည် မဟုတ်ပါလော။

 

 

‘အပျော်တမ်း’ဟူသော စကားလုံးကို ‘amateur’ဟု သဘောပေါက် နားလည်ထားသောအခါ ထိုamateurက အဘိဓာန်တွင် “မကျွမ်းကျင်သေးသူ၊ အတွေ့အကြုံ နုသေးသူ၊ လက်သင်”ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။ ဤသို့ဆိုလျှင်ဖြင့် ၁၉၂၅ ခုနှစ်က စတင်ဖွဲ့စည်းပြီး ၁၉၂၈ခုနှစ်တွင် “မြို့မ ဗုဒ္ဓဝေယျာဝစ္စ အပျော်တမ်း တူရိယာအသင်း”အဖြစ် ခြေခြေမြစ်မြစ် ဖြစ်တည်သော ဂီတအသင်းကြီး ကိုလည်း “မကျွမ်းကျင်သေးသော ဂီတအသင်းကြီး”၊ “လက်သင် တူရိယာအသင်းကြီး”ဟု ပြောဆိုရချိမ့်မည်။ ထိုအသင်းကြီးက ဓားတန်းဦးသန့် လို၊ မြို့မငြိမ်းလို ပုဂ္ဂိုလ်မျိုးကိုလည်း မကျွမ်းကျင်သေးသော ဂီတသမား၊ လက်သင် သီချင်းရေးဆရာဟု ဆိုရမလို ဖြစ်နေသည်။

 

 

တကယ်တော့ သေချာပေါက်ဆိုရသော် မန္တလေး အနှစ်၁၀၀ သက်တမ်းအတွင်း “အပျော်တမ်း”ဟု မိမိကိုယ်တိုင်လည်း ခံယူ၊အများကလည်း သမုတ်ခဲ့ကြသည့် မန္တလေးသား ပညာရှင် အသီးသီးသည် Professional ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်အစိတ်အပိုင်း တစ်ခုသာ ဖြစ်သော ‘ကြေးစား’မဟုတ်ခြင်း တစ်ခုကြောင့်သာ ‘အပျော်တမ်း’ ဖြစ်ခဲ့ကြပြီး၊ ‘အပျော်တမ်း’ ၏အဓိပ္ပာယ် ဖွင့်ဆိုချက် ‘amateur’ မဟုတ်ခဲ့ကြသည်ကလည်း သမိုင်းက သက်သေပြခဲ့ပြီ။ မန္တလေး ‘အပျော်တမ်း’ကProfessional စစ်စစ်များ ဖြစ်ပါ၏။ အတတ်ပညာ ဆိုင်ရာ၊ ပညာရှင် ပီသသော၊ ကျွမ်းကျင် အတတ်ပညာရှင်၊ ပညာရှင် ပီသသူဟူသည့် Professional ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ကိုက်ညီသည့် သူများ၊ ကိုက်ညီသည့် လုပ်ရပ်များ ဖြစ်နေတာ ထူးခြားသည်။

 

 

ပြန်လှန် စဉ်းစားကြည့်လိုက်တော့ ထိုသို့သော ‘အပျော်တမ်း’ အမည်ခံသည့် ပုဂ္ဂိုလ်အသီးသီး၊ အသင်းအဖွဲ့ အသီးသီးက သာမာန်မျှတော့ မဟုတ်၊ စာတတ် ပေတတ်တွေ အများစု ဖြစ်၏။ ‘အပျော်တမ်း’ဟူသော စကားလုံးကို ‘amateur’ဟု ရဲရဲဝံ့ဝံ့ သုံးနှုန်းလိုက်ခြင်းကား သူတို့၏ အလွန် ရိုးသားသော၊ မြန်မာဆန်သော၊ နှိမ့်ချသည့် စိတ်ဓာတ်၊ သူတို့ ပညာ မပြည့်ဝသေးပါ သမုဒ္ဒရာကဲ့သို့ အလွန် နက်နဲ ခက်ခဲလှသော ပညာရပ်ကြီးအတွက် မပြည့်အိုးမျှသာ ရှိပါသေးသည်။ လေ့လာ သင်ယူစရာတွေ များပြားလှပါသည်။ အသက်ရှင်သရွှေ့ ‘တစ်ချောင်းတည်း စိတ်’ဖြင့် လေ့လာ သင်ယူ ပါဦးမည် ဟူသည့် မြင့်မြတ် ကြီးကျယ်သော စိတ်ဓာတ်ကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့်လည်း သားပစ် မယားပစ်၊ အိုးပစ် အိမ်ပစ်နှင့် ပြောစမှတ်ပြုလောက်အောင် ပညာအပေါ် စူးစိုက်ခဲ့သူများ အဖြစ် ထင်ရှားခဲ့ကြခြင်း ဖြစ်သည်။

 

 

အစဉ်အဆက် မန္တလေးတွင် မည်သည့် ဘာသာရပ်ကို မဆို ၉၀%သိရှိ တတ်ကျွမ်းသူ ကပင်လျှင် ‘amateur’ အမည်ခံကာ မိမိကိုယ် မိမိ လွန်ရော ကျွံရော ၄၀%မျှသာ တတ်ကျွမ်းသူပါဟု ဖွင့်လှစ်ပြ၏။ ၆၀%ခန့်မျှ သိရှိသူက ၂၀%ခန့်သာ တီးမိခေါက်မိ ရုံပါဟုပြောဆိုခဲ့ကြခြင်းကလည်း မန္တလေးသားတို့၏ ရိုးသား ရောင့်ရဲမှု ဂုဏ်ပုဒ် ဖြစ်ခဲ့သည်။

 

 

ဤသို့ဖြင့် ကုန်လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ခန့်က ‘မန္တလေးမှာ ဘာမှသုံးမရလို့ မြစ်ထဲ ကန်ချလိုက်တာ ရန်ကုန်ရောက်တော့ ရုပ်ရှင်ဒါရိုက်တာတော့ ဖြစ်ပါသေးတယ်’ဟု အပြောင်အပျက် စကားသည် ထိုစရိုက်၊ ထိုသရုပ်ကို ဖော်ပြခြင်း ဖြစ်ပါ၏။

 

 

 

ကျွန်တော် ဤစာစုကို ရေးသားသည့် အထဲ၌ ‘သေချာပေါက် ဆိုရသော် မန္တလေးအနှစ်၁၀၀ သက်တမ်းအတွင်း’ ဟု တခုတ်တရရေးသားခဲ့ပါ၏။ ထိုမန္တလေး အနှစ်၁၀၀ သက်တမ်းအတွင်း မွေးဖွားခဲ့သူများတွင် ကျွန်တော် မပါဝင်ခဲ့ပါ။ ထို့အတူ ယနေ့ လက်ရှိအနုပညာလောကအတွင်း အားကောင်းမောင်းသန် လှုပ်ရှားနေကြသည့် အသက်၅၀အောက် လူလတ်၊ လူငယ်များ မပါဝင်ပါ။ယနေ့အသက်၇၀ကျော်၊ ၈၀ကျော်၊ ၉၀ကျော်ရှိ ပုဂ္ဂိုလ်ကြီးများပဲ ထို ‘အပျော်တမ်း’ စံချိန်နှင့်ကိုက်ညီခဲ့ကြသူများ ဖြစ်ပါကြောင်းလည်း ထပ်ဆင့် ပြောဆိုအပ်ပါကြောင်း။

 

 

ဆူးငှက်

#voiceofmyanmar #VOM #ဆူးငှက် #မန္တလေးမှာဘာမှသုံးမရ

 

Related posts

Leave a Comment

VOM News

FREE
VIEW