ဆူးငှက်
သတင်းဦး သတင်းထူး
———————–
အပြင်မထွက်ဖြစ်ဘဲ အိမ်တွင်းအောင်းနေသော ကာလများတွင် ညနေစောင်းရော၊ နံနက်ခင်းရော တဂွီးဂွီး၊ တဂျီးဂျီးနဲ့ အသံကြောင်တွေ ကြားမှာ မီတာ ၆၀ ရေဒီယိုလိုင်းကို နားထောင်ဖြစ်တာ၊ ညရှစ်နာရီ ဆယ့်ငါးမိနစ်မှာ လွှင့်သည့် ဘီဘီစီ သတင်းဌာနရေဒီယိုလိုင်း နားထောင်တာ၊ စိုင်ပြွန်ဝင်းပေါက်ရှေ့ ညကြီး အချိန်မတော် ကားသံကြားတိုင်း အဘ နှင့် အမေက ခေါင်းထောင် ကြည့်ပြီး စိုးရိမ် ကြောင့်ကြခဲ့ကြတာ က ထို ကာလများ၏ အမှတ်တရ နေ့များဖြစ်ခဲ့သည်။ မီတာ ၆၀ ကို နံနက်ရော၊ ညပါ ရေဒီယိုဘေး နားကပ်ပြီး တဂျီးဂျီး အသံကြား စွဲစွဲမြဲမြဲ နားထောင် နေတာကိုလည်း အဘက မျက်စောင်း တထိုးထိုး ဖြစ်ခဲ့သည်။
မီတာ ၆၀ အဖွင့်မှာ “ထလော့ ကမ္ဘာတစ်ဝန်းက ကျေးကျွန်တွေ” ဟူသော အင်တာနေရှင်နယ် သီချင်း တီးလုံးသံကိုလည်း သတိရတိုင်း လေချွန်နေမိသည်။ မှိုင်းရာပြည့်အပြီး မှတ်မှတ်ရရ ၁၉၇၆ ခုနှစ်၊ သြဂုတ် ၁၀ရက်နေ့ ရောက်တော့ မီတာ ၆၀ က မထင်မှတ်သည့် သတင်းကို ရုတ်ခြည်း နားထောင်လိုက်ရသည်။ သတင်းမှာ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကိုယ်တိုင် လက်နက်ကိုင် တော်လှန်ရေး ဆင်နွဲှဖို့ လွတ်မြောက်နယ်မြေသို့ ရောက်သွားပြီး တိုင်းပြည်ထံ တင်ပြချက်ကို မီတာ ၆၀ က သူကိုယ်တိုင် အသံလွှင့်လိုက်ခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော သည် ရဲဘော်သုံးကျိပ်ဝင် ဖြစ်သလို မြန်မာ့တပ်မတော်သမိုင်းတွင် စိတ်ဓာတ် အရရော၊ စွမ်းရည်အရရော အလွန်နာမည်ကျော်ခဲ့သည့် တပ်မှူးကြီး တစ်ယောက် ဖြစ်သည်။ ဗိုလ်ချုပ်ကြီးနေဝင်းက သူ ၁၉၆၂ ခုနှစ် အာဏာမသိမ်းခင် ကတည်းက အရည်အချင်းရှိပြီး တိုင်းပြည်ကရော၊ တပ်မတော်ကပါ လေးစားချစ်ခင်သော ဗိုလ်မှူးကျော်ဇောကို ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်သည်ဟု ဆိုကာ ရာထူးက ထုတ်ပယ်ခဲ့သည်။ တစ်လျှောက်လုံး တိုင်းပြည်အတွက်၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက်၊ အဖိနှိပ်ခံ ပြည်သူလူထုအတွက် ကိုယ်ကျိုးမဖက် ဆောင်ရွက်ခဲ့သည့် တပ်မှူးကြီးက ရေဒီယို မှ တဆင့် “အဘယ်ကြောင့် ကျွန်တော်ဟာ လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ ထွက်လာရသလဲ ဆိုတာ ကျွန်တော့်အနေနဲ့ တိုင်းပြည်က်ု ရှင်းပြဖို့ တာဝန် ရှိပါတယ်” ဟု အစချီ၍ အာဏာရှင်နစ်ကို အကုန် ဖွင့်ချလိုက်သည်။ ထိုသတင်းကို မီတာ ၆၀ ကြောင့် (ယခုခေတ်စကားနှင့် ဆိုရလျှင်) အချိန်နှင့် တပြေးညီ သိလိုက်ရပါသည်။
ကျွန်တော် သစ္စာဖောက်လေလား
———————————-
၁၉၇၅-၇၆ စာသင်နှစ် အတွက် ၁၉၇၅ ခုနှစ်အတွင်း တက္ကသိုလ်နှင့်ကောလိပ်များကို ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ပေ။ ၁၉၇၆ ခုနှစ် ဇန်နဝါရီလတွင်မှ ၁၉၇၅-၇၆ ပညာသင်နှစ်အတွက် တက္ကသိုလ်နှင့် ကောလိပ်များကို ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ထိုနှစ် မတ်လတွင် သခင်ကိုယ်တော်မှိုင်း ရာပြည့် အထိမ်းအမှတ် “မှိုင်း ရာပြည့်” အရေးအခင်းကြောင့် တက္ကသိုလ်နှင့်ကောလိပ်များကို ရက် အကန့်အသတ်မရှိ ထပ်မံ ပိတ်လိုက်ပါသည်။ ၁၉၇၆ ခုနှစ် အောက်တိုဘာလ တွင် မှ တက္ကသိုလ်နှင့် ကောလိပ်များ၏ အတန်းများ အားလုံးကို ဖွင့်လှစ်ပါသည်။
ထိုသို့ မဖွင့်လှစ်မီ တက္ကသိုလ် အတန်းများသို့ ပြန်လည် တက်ရောက်ရာတွင် မိဘနှင့် အတူ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း ရှေ့မှောက်တွင် ငြိမ်းချမ်းစွာ ပညာသင်ကြားရေးအတွက် ခံဝန်ကတိ လက်မှတ်ထိုးမှ တက်ရောက်ခွင့် ရရှိမည့် ကျောင်းသားစာရင်း ထွက်လာပါ၏။ မန္တလေး အနောက်တောင်မြို့နယ်မှ ခံဝန်ကတိထိုးမှ ကျောင်းတက်ခွင့် ရမည့်သူ စာရင်းတွင် ကျွန်တော့်နာမည် ပါလာသည်။
ထိုကိစ္စကို ရပ်ကွက်လူကြီးကတဆင့် အိမ်သို့ အကြောင်းကြားတော့ စိတ်ပူကြသည်။ ကျွန်တော်ကတော့ တက်ခွင့် မရလျှင်လည်း မတက်ရုံပေါ့ ဟု စိတ်ပိုင်းဖြတ်ထား၏။ သို့သော် မိဘအပါအဝင် ရပ်ဆွေ ရပ်မျိုး လူကြီးတွေက ကိုယ့်အမျိုးထဲ ဘွဲ့ရသူ ပါစေချင်တယ် စသော မိရိုးဖလာ အယူအဆတွေက ထုံစံအတိုင်းရှိသည်။ ထို့ကြောင့် ချိမ်းဆိုထားသော နေ့တွင် ၂၆ဘီလမ်း ဆိုင်းတန်းရုပ်ရှင်ရုံပေါက် အနောက်ဘက်ရှိ အနောက်တောင် မြို့နယ် ပြည်သူ့ကောင်စီ ရုံးသ့ို အဘနှင့် ကျွန်တော် သွားကြသည်။ မနက် ၉နာရီဆိုတော့ ရုံးမှာ လူမစုံသေး။ ကျွန်တော်တို့ အရင် ရောက်နေပုံရသည့် သားအဖနှင့် တူသူ ၂ယောက်လည်း တန်းလျားခုံလေး တစ်လုံးမှာ ထိုင်နေကြသည်။ ကျွန်တော်တို့ သားအဘလည်း သူတို့ဘေး ဝင်ထိုင်ကြ၏။ သြော် ကျွန်တော်တို့ ဝင်းပေါက်ရှေ့ လမ်းတဘက် ဦးကျော်မြင့် အမှုန့်ကြိတ်စက်ကပဲ။ ဦးကျော်မြင့် က အဘ ကို ပြုံးပြသည်။ သူ့သားက ခပ်ငူငူ ထိုင်နေ၏။ သူ့သား ကိုမျိုးခင်က ဘူမိဗေဒ ကျောင်းသား ဖြစ်သည်။ နာရီဝက်လောက်နေမှ ရုံးဝန်ထမ်းတွေ ရောက်လာသည်။
ခဏအကြာ ရုံးရှေ့တွင် မာဇဒါ ကားအပြာလေး တစ်စီး ဆိုက်လာသည်။ ကားကို ကိုယ်တိုင် မောင်းလာသူ တစ်ဦးက သားရေ ဖိုင် အိတ်ကိုင်၍ ဆင်းလာ၏။ ထောင်ထောင်မောင်းမောင်း ဖြူဖြူသန့်သန့် ပါပဲ။ သူက ရုံးခန်းထဲ ဝင်သွားပြီးမကြာမီ ဝန်ထမ်းတစ်ယောက်က “ ခံဝန်လက်မှတ်ထိုးဖို့ ခေါ်ထားတဲ့ ကျောင်းသားတွေ ထင်တယ်။ ဥက္ကဋ္ဌကြီး ရောက်ပါပြီ။ အထဲကြွပါ “ ဟု ခေါ်သည်။ ရုံးခန်းထဲမှာ ဦးနေဝင်း ဓာတ်ပုံ ချိတ်ဆွဲထားသည်။ ဥက္ကဋ္ဌကြီးဆိုသူက ဗိုလ်မှူးလှတင် ဖြစ်ပါသည်။ သူက ရေတပ်က ဖြစ်သည်။ ထိုစဉ်က တိုင်းပြည်သူ့ကောင်စီ ဥက္ကဋ္ဌမှာ ဗိုလ်မှူး (ဦး) တင်လှ ဖြစ်ပြီး အနောက်တောင် မြို့နယ်ပြည်သူ့ ကောင်စီ ဥက္ကဋ္ဌမှာ ဗိုလ်မှူးလှတင် ဖြစ်သည်။
ဗိုလ်မှူးလှတင်က သူ့စာပွဲရှေ့ရောက်နေသော ကျွန်တော်တို့ကို စကားခြွေသည်။ အမိန့်အာဏာ နှင့် ပြောပုံမျိုးမဟုတ်ဘဲ ဦးကြီးဦးလေးက တူတွေနှင့် ပြောသလို အတော် သိမ်မွေ့သည်။ ကျွန်တော်တို့နှင့် ပြောရင်း မိဘကို ပြောတော့လည်း ညီအစ်ကိုချင်း တိုင်ပင်သလိုပြောသည်။ သည်တော့ ကျွန်တော်တို့က သူ့ကို မကြောက်တော့ဘဲ ရင်းနှီးလာသည်။ လက်မှတ်မထိုးလျှင် ဖြစ်နိုင်သည့် အကျိုးအပြစ်၊ လက်မှတ်ထိုးလျှင် ဖြစ်နိုင်သည့် အကျိုးအပြစ် ဖြေကာဖြန့်ကာပြောပြီး မိသားစု တိုင်ပင်သလို ဆုံးဖြတ်ပြသည်။ ထိုသို့ ဆွေးနွေးပြီး ကျွန်တော်တို့က လက်မှတ်ရေးထိုးဖို့ သဘောတူသောအခါ မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်၂ ဦးရှေ့မှောက်တွင် ခံဝန်ကတိ လက်မှတ်ထိုးခဲ့ ကြသည်။
မြို့နယ်ရုံးက ဗိုလ်မှူးလှတင်လက်မှတ်နှင့် ကတိ စာရွက်ကိုယူပြီး ကျောင်းက ဌာနတွင် ပြန်တင်ကာ ကျောင်းပြန်တက် ရသည်က အမှတ်တရဖြစ်ပါသည်။ ဘာပဲပြောပြော မန္တလေး အနောက်တောင် တစ်မြို့နယ်လုံးတွင် ပြည်ကြီးပျော်ဘွယ် အရှေ့ရပ် အကွက်နံပတ် ၂၅၂ က ဘူမိဗေဒ ကျောင်းသား မောင်မျိုးခင် နှင့် သီရိဟေမာအရှေ့ ရပ်ကွက် အကွက်နံပတ် ၂၄၇ က သင်္ချာ ပထမနှစ်ကျောင်းသား မောင်ကျော်ဆန်းတို့ ၂ယောက်က သူရဲကောင်းဟု ဂုဏ်ယူနိုင်သလို သစ္စာဖောက်ဟုလည်း ရှံ့ချနိုင်ပါ၏။
နှစ်ပတ်လည် မဂ္ဂဇင်းနှင့် အဓိပ္ပာယ်အသွယ်သွယ်
—————————————————–
၁၉၇၇ခုနှစ် ဇန်နဝါရီလ ကျောင်းပြန်ဖွင့်သောအခါ ထပ်မံ၍ လှုပ်လှုပ်ခတ်ခတ် အခြေအနေတစ်ခု ဖြစ်ပွားပြန်သည်။ ထို အကြောင်းအရာက ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၁၉၇၅-၇၆ ကို ၁၉၇၇ ခုနှစ် ဇန်နဝါရီလ ကျောင်းပြန်အဖွင့်မှာ ထုတ်ဝေသောအခါ မဂ္ဂဇင်း၏ မျက်နှာဖုံး ပန်းချီကို အဓိပ္ပာယ် အသွယ်သွယ် ဖွင့်ဆိုလိုက်သောကြောင့် မဂ္ဂဇင်းတွေ ပြန်လည်သိမ်းဆည်းတာ၊ လက်ဝယ်တွေ့ရှိပါက အရေးယူခံရနိုင်တာ၊ လျှို့ဝှက်စွာ သိမ်းဆည်းထားသော မဂ္ဂဇင်းစာအုပ်ကို သိုသိပ်ခက်ခဲစွာ လက်ဆင့်ကမ်း ကြည့်ရှုကြရသည်။ ၁၉၇၅-၇၆ ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း အဖုံးက ရုတ်ချည်းကြည့်လျှင် ဘွဲ့နှင်းသဘင်အဆောက်အအုံရှေ့ရှိ သစ်ပုပ်ပင်က လက်သီးဆုတ်ပုံ ဖြစ်သည်။
သို့သော် အဓိပ္ပာယ်ဖွင့်ကြသည့်အနက် ပထမဆုံးက ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ဟူသော စာလုံးတွင် “ကုန်” ဆိုသည့် နေရာမှာ – ု နဲ့ နငယ်ရဲ့ ခြေထောက်ကို ထိစပ်ခမန်း ရေးထားသည့် အတွက် ရန်ကုန် မဟုတ်ဘဲ ရန်ကျန် ဆိုသလိုမျိုး ဖြစ်နေသည်။ သစ်ပုပ်ပင်၏ အကိုင်းအခက်တွေက ကဒေါင်းက နေတဲ့ပုံ၊ ထု အကိုင်းအခက်များကြားတွင် အရောင် အမှိန်အဖျော့များနှင့် သစ်ခက်လိုင်းတွေ စပ်ဟပ်လို့ ပုံဖော်ထားသည်က ဗိုလ်ချုပ်အောင်ဆန်း နဲ့ သခင်ကိုယ်တော်မှိုင်း ဦးခေါင်းပုံ တဲ့။ သစ်ပုပ်ပင် ပင်စည်ကြီးက လက်သီးလက်မောင်း တန်းလို့ ဟစ်ကြွေးနေပုံတဲ့။ လက်မှာ သွေးတွေ စီးကျနေတယ် . . . ဘွဲ့နှင်းသဘင် အဆောက်အဦးခေါင်မိုးပေါ်မှာ ဘုန်းကြီးတစ်ပါးရဲ့ ရုပ်ကလာပ်ကို ပြင်ထားတယ် . .စသည့် ပြောဆိုမှုများလည်း ရှိသည်။ ထို့ပြင် ဘွဲ့နှင်းသဘင်ရှေ့က ခြင်္သေ့ရုပ်က ခွေးပုံဖြစ်နေသတဲ့၊ ပုံ၏ ညာဘက် ထောင့်ကို ဗဟိုထားပြီး အစိမ်းရောင် အစက်အပြောက်များက စက်ဝန်းတစ်ခု၏ လေးပုံတစ်ပုံလောက် ရှိနေ၍ သည်လိုပုံ လေးခု ထောင့်ချင်းဆိုင် ဆက်လိုက်လျှင် လွမ်းသူ့ပန်းခွေတစ်ခု ရတယ် ဟု ဆိုပြန်သည်။ ထိုပန်းခွေထဲမှာလည်း ခုံတန်းလျား အဖြူရောင်လေး တစ်ခုက ခြေထောက်တစ်ဖက်ပဲ ရှိသဖြင့် 7 ဆိုသော သင်္ကေတကို ထင်ထင်ရှားရှားကြီး မြင်နေရသည်ဟုလည်း ဆိုကြသည်။
ဘွဲ့နှင်းသဘင်အဆောက်အဦးကြီး၏ အနောက်က အပြာရောင်ပုံတွေက အုတ်ဂူတွေကို တဲ့။ ညာဖက်က ကန့်ကော်တော နေရာမှာ အစိမ်းရောင်များနှင့် သစ်ပင်သစ်ရွက်ပုံတွေက အသေအချာကြည့်ရင် ကျောင်းသားများ၊ သံဃာတော်များပုံ၊ လဲကျနေတဲ့ပုံတေတဲ့။ သစ်ပုပ်ပင်ပေါ်မှာလည်း ကျောင်းသားများ၊ သံဃာတော်များပုံ ပါရှိသေးသတဲ့။ ထို နှစ်လည်မဂ္ဂဇင်း ကို ထုတ်ဝေချိနတွင် လမ်းစဉ်ပါတီ ဗဟိုကော်မတီ နှင့် ပညာရေးဝန်ကြီးဌာန တို့မှ ချမှတ်ပေးသည့် “ငြိမ်းချမ်းစွာ ပညာသင်ကြားရေး” မူဝါဒလမ်းစဉ်ကြောင့် မျက်နှာဖုံးကို ဆင်ဆာလွတ်ငြိမ်းခွင့် ပေးလိုက်သည်ဟုလည်း ဆိုကြသည်။
ဆူးငှက်
