တန်ဆောင်တိုင်အတွက် ဧရာဝတီတိုင်းက ကမ်းခြေတွေမှာ ဟိုတယ် ကြိုတင်မှာယူတဲ့သူ များပြားနေ

အောက်တိုဘာ ၊ ၂၅-၂၀၂၂
မင်းမြတ်(VOM)

တန်ဆောင်တိုင် အားလပ်ရက်ကာလအတွက် ဧရာဝတီတိုင်းမှာရှိတဲ့ ချောင်းသာ ၊ ငွေဆောင်နဲ့ ရွှေသောင်ယံ ကမ်းခြေတွေမှာ ဟိုတယ်အခန်းကြိုတင် မှာယူတာတွေ များပြားနေတယ်လို့ သိရပါတယ်။

ချောင်းသာ ၊ ငွေဆောင်နဲ့ ရွှေသောင်ယံ ကမ်းခြေတွေက ဟိုတယ်တွေ အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းလောက် ဟိုတယ်အခန်း ကြိုတင်မှာယူတာတွေရှိနေတယ်လို့ သိရပါတယ်။

“ကမ်းခြေတွေကိုတော့ ဒီနှစ်မှာ မနှစ်ကထက်
ပုံမှန်ရက်တွေမှာလည်း ခရီးသွားဧည့်သည်တွေများနေတယ် ၊ သီတင်းကျွတ်ရက်ကလည်း ပြည်တွင်းခရီးသွားတွေ အရမ်းများခဲ့တယ် ၊ အခုလည်းတန်ဆောင်တိုင်ကာလအတွက် ဟိုတယ်အခန်းကြိုတင် မှာယူတာတွေ များပြားနေတယ် ၊ ကမ်းခြေတွေကိုလည်း ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ အညီ ပြင်ဆင်ပြန်ဖွင့်ထားတာပါ”လို့ ဧရာဝတီတိုင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။

ငွေဆောင်ကမ်းခြေ ဟိုတယ်တစ်ခုရဲ့ ပိုင်ရှင်တဦး က”ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေကို ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များနဲ့အညီ ဖွင့်လှစ်ဝန်ဆောင်မှုပေးနေတယ် ၊ လက်ရှိလည်း လာရောက်လည်ပတ်အပန်းဖြေတဲ့သူတွေ ရှိနေတယ်၊ တန်ဆောင်တိုင်ကာလအတွက်လည်း ဟိုတယ် အမှာက များလာတယ် ၊ တန်ဆောင်တိုင် နီးကပ်လာဒါနဲ့အမျှ ဟိုတယ်အခန်းဘိုကင်တွေက များများလာတာ ၊ပိတ်ရက် အားလပ်ရက်တွေရောက်ရင် ဟိုတယ်အခန်းတွေအားလုံး ပြည့်သွားမယ်လို့ ခန့်မှန်းထားတယ်”လို့ ပြောပါတယ်။

ကမ်းခြေတွေကိုလာမယ့် ခရီးသွားဧည့်သည်တွေ လုံခြုံစေဖို့ နဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို ကမ်းခြေစောင့်ရဲတပ်ဖွဲ့၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဟိုတယ် လုပ်ငန်းရှင်တွေ ၊ ဟိုတယ်ဝန်ထမ်းတွေ ၊ကမ်းခြေ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေ၊ ခရီးသွားလုပ်ငန်းအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“ကမ်းခြေတွေကို လာတဲ့ဧည့်သည်တွေ လုံခြုံစေဖို့နဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးထားတယ် ၊ ဟိုတယ်တွေကတော့
သိရသလောက် အားလုံးလိုလိုပြည့်သွားပြီ ၊ အခန်း ကြိုတင်မှာယူထားကြတာပေါ့ ၊ လုံခြုံရေးအရ လာရောက်သူတွေ မှတ်ပုံတင်၊ တည်းခိုရေး အဲ့ဒါတွေကို ကြီးကြပ်ပါတယ်”လို့ ငွေဆောင် ၊ ချောင်သာ ခရီးသွားလုပ်ငန်းအဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

ဧရာဝတီတိုင်းက ငွေဆောင်ကမ်းခြေ၊ ရွှေသောင်ယံ ကမ်းခြေ၊ ချောင်းသာကမ်းခြေ ခရီးစဉ်တွေနဲ့ ဆက်စပ်ပြီး ခရီးသွားလည်ပတ်နိုင်ဖို့အတွက် သက်ဆိုင်ရာ သစ်တော ဦးစီးဌာနတွေက ဆင်စခန်းတွေနဲ့ မြွေကျွန်း ၊ သမီးလှကျွန်း ၊ လိပ်ကျွန်း စတဲ့ စိတ်ဝင်စားစရာ နေရာတွေကိုလည်း စီစဉ်ထားလို့ သိရပါတယ်။

”ဧရာဝတီတိုင်းမှာရှိတဲ့ ရွှေသောင်သံ ၊ ငွေဆောင် ၊ ချောင်သာ ကမ်းခြေတွေက ပြည်တွင်းနဲ့ ပြည်ပခရီးသွား ဧည့်သည်တွေ အများဆုံး လာရောက်လည်ပတ်ကြတဲ့ ကမ်းခြေတွေ ဖြစ်တယ် ၊ ခရီးသွားဧည့်သည်တွေ အဆင်ပြေပြေ လည်ပတ်နိုင်ဖို့ အတတ်နိုင်ဆုံးစီစဉ်ထားတယ် ၊ဒါ့အပြင် သစ်တောဦးစီးဌာနက စီစဉ်ထားတဲ့ ကျွန်းတွေကိုလည်း သွားလို့ရမှာဖြစ်တယ်။”လို့ ဧရာဝတီတိုင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

ကမ်းခြေတွေမှာ လုပ်ငန်းလိုင်စင် ထုတ်ပေးထားတဲ့ ဟိုတယ်နဲ့ တည်းခိုရိပ်သာ အလုံးရေ ၁၂၀အထိ ရှိပြီး ပုသိမ်မြို့နဲ့ တခြားဒေသများမှာ ၄၆ လုံး၊ ငွေဆောင်ကမ်း ခြေမှာ ၃၅ လုံး၊ ချောင်းသာနဲ့ ရွှေသောင်ယံကမ်းခြေမှာ ၃၉ လုံးရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကမ်းခြေတွေမှာ ကမ်းခြေရှိဒေသခံတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ပင်လယ်စာအမျိုးအမျိုးနဲ့ လက်ဆောင်ပစ္စည်း အမျိုးအမျိုးကို ဆိုင်ခန်းတွေဖွင့်လှစ် ရောင်းချပေးနေပြီး မြင်းစီးအပန်းဖြေချင်သူတွေ ၊ မော်တော်ဘုတ်စီး အပန်းဖြေတာတွေ ၊ ဘောကွင်းစီး အပန်းဖြေချင်သူတွေအတွက် စီစဥ်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ခရီးသွားကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW