အာရှနွယ်ဖွား ဗြိတိန်၀န်ကြီးချုပ်သစ် ရီရှီဆူးနက်ခ်ရဲ့ ဒေါင်းနင်းလမ်းသို့ လျှောက်ရာလမ်း

လန်ဒန်၊ အောက်တိုဘာ-၂၅-၂၀၂၂
မျိုးဆက်(VOM)

ဗြိတိန်၀န်ကြီးချုပ် လစ်ဇ်ထရပ်စ်ဟာ ၀န်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာပြီးနောက်မှာ ၀န်ကြီးချုပ်ရာထူးကို ဆက်ခံဖို့အတွက် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နေရာကို ယှဉ်ပြိုင်ကြရာမှာ ပြိုင်ဘက်ဖြစ်သူ ပန်နီမော်ဒေါင့် နှုတ်ထွက်သွားတာကြောင့် အာရှနွယ်ဖွားဖြစ်သူ ဘဏ္ဍာရေး၀န်ကြီးဟောင်း ရီရှီဆူးနက်ခ်ဟာ ဗြိတိန်၀န်ကြီးချုပ် ဖြစ်လာတော့မှာဖြစ်ပါတယ်။

ဘဏ္ဍာရေးအစီအမံတရပ်ကြောင့် ဗြိတိန်စတော့စျေးကွက်တွေ ကမောက်ကမဖြစ်ခဲ့ရပြီး နိုင်ငံရေးသိက္ခာကျဆင်းခဲ့ရတဲ့ ၀န်ကြီးချုပ်လစ်ဇ်ထရပ်စ်ဟာ ဒီနေ့မှာ အစိုးရအဖွဲ့ အစည်းအဝေးပြု လုပ်ပြီးနောက်မှာ ချားလ်ဘုရင်နဲ့တွေ့ဆုံပြီး ရာထူးကနေ တရား၀င်နှုတ်ထွက်တော့မှာဖြစ်ပါတယ်။

လစ်ဇ်ထရပ်စ်ဟာ ရက် တလခွဲတာ၀န်ယူပြီး နှုတ်ထွက်ခဲ့တာကြောင့် ဗြိတိန်သမိုင်းမှာ သက်တမ်းအတိုဆုံး ၀န်ကြီးချုပ်အဖြစ် မှတ်တမ်း၀င်သွားပါတယ်။

သူရာထူးကနေ တရား၀င်နှုတ်ထွက်ပြီးနောက်မှာ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်ဖြစ်လာတဲ့ ဆူးနက်ခ်ဟာ ချားလ်ဘုရင်နဲ့ တွေ့ဆုံပြီး ဗြိတိန်၀န်ကြီးချုပ်ရာထူးကို တရား၀င်စတင်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။

သူဟာ ၀န်ကြီးချုပ်ဘောရစ်ဂျွန်ဆင် ရာထူးကနေနှုတ်ထွက်ပြီးနောက်မှာ ပါတီခေါင်းဆောင်နေရာကို ပြီးခဲ့တဲ့နှစ်လက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ လစ်ဇ်ထရပ်စ်ကို ရှုံးနိမ့်ခဲ့ပေမယ့် ဒီတခါမှာတော့ ဗြိတိန်၀န်ကြီးချုပ်ရုံးရှိတဲ့ ဒေါင်းနင်းလမ်း အိမ်အမှတ် (၁၀ ) က သူ့ကို ကြိုလင့်နေပြီဖြစ်ပါတယ်။

အာရှနွယ်ဖွား ပထမဆုံး၀န်ကြီးချုပ်ဆူးနက်ခ်ကို အိန္ဒိယနွယ်ဖွားမိဘနှစ်ပါးကနေ ၁၉၈၀ ပြည့်နှစ်အတွင်း ဆောက်သမ်တန်မြို့မှာ မွေးဖွားခဲ့ပြီး သူမိဘတွေဟာ ပန်ချာပီအနွယ်တွေဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်တွေအတွင်း အရှေ့အာဖရိကကနေ ဗြိတိန်ကို ပြောင်းရွှေ့လာသူတွေဖြစ်ပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ်၊ ၀င်ချက်စတာကောလိပ်တို့ကနေ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဒသနိကဗေဒ ဘာသာရပ်တွေနဲ့ ဘွဲံ့ရခဲ့သလို စတန်းဖို့ဒ်တက္ကသိုလ်ကနေ စီးပွားရေးဆိုင်ရာ မဟာဘွဲ့ကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။

သူဟာ ကျောင်းတက်နေရင်း အိန္ဒိယဘီလျှံနာတဦးရဲ့ သမီးဖြစ်သူနဲ့ အိမ်ထောင်ကျခဲ့ပြီး သားသမီးနှစ်ဦး ထွန်းကားခဲ့ပြီး လက်ရှိမှာတော့ စီးပွားရေးအကြပ်ရိုက်နေတဲ့ ဗြိတိန်ကို ဦးဆောင်ရမှာဖြစ်ပြီး ဗြိတိန်သမိုင်းမှာတော့ ပထမဆုံးသော အာရှနွယ်ဖွား ၀န်ကြီးချုပ်အဖြစ် ဆူးနက်ခ်က မှတ်တမ်း ၀င်သွားပြီဖြစ်ပါတယ်။

(နိုင်ငံရေးခရီး နိဒါန်း)
ဝန်ကြီးချုပ်ဖြစ်လာမယ့် ရီရှီဆူးနက်ခ်ဟာ ၂၀၁၅ ခုနှစ်မှာ မြောက်ယော့ခ်ရှိုင်းယားက မဲဆန္ဒနယ်တစ်ခုကနေ လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရပြီးနောက် နိုင်ငံရေးလောကထဲကို စတင်၀င်ရောက်ခဲ့ပါတယ်။

သူရဲ့အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်တွေကြောင့် ၀န်ကြီးချုပ် ထရီဇာမေလက်ထက် ၂၀၁၈ ခုနှစ်ကစပြီး နိုင်ငံရေးခရီးလမ်း ဖြောင့်ဖြူးခဲ့ပြီးနောက် ဗြိတိန်နိုင်ငံရေးရဲ့ အထွတ်အထိပ်ကို တက်လှမ်းနိုင်ခဲ့သူ လည်းဖြစ်ပါတယ်။

သူဟာ လွှတ်တော်အမတ်အဖြစ် ခုနှစ်နှစ်ကြာ တာ၀န်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဘောရစ်ဂျွန်ဆင်လက်ထက်မှာ ဒုတိယဘဏ္ဍာရေး၀န်ကြီးနဲ့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ဘဏ္ဍာရေး၀န်ကြီးအဖြစ် ခန့်အပ်တာ၀န်ပေးခံခဲ့ရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းမှာ လော့ခ်ဒေါင်းချမှုတွေ၊ ခရီးအသွားအလာကန့်သတ်မှုတွေနဲ့ အခြားကပ်ရောဂါဆိုင်ရာအခြေအနေတွေနဲ့ပတ်သက်ပြီး ဗြိတိန်ရဲ့ ဘဏ္ဍာရေးစနစ်ကို နောက်ကွယ်ကနေ စီမံခန့်ခွဲခဲ့သူဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ သူဟာပိုမိုထင်ရှားလူသိများလာခဲ့ပြီး ၀န်ကြီးချုပ်ဘောရစ်ဂျွန်ဆင် ရာထူးကနေ နှုတ်ထွက်ပြီးနောက်မှာ ကွန်ဆာဗေးတစ်ပါတီရဲ့ ခေါင်းဆောင်နေရာ သို့မဟုတ် ၀န်ကြီးချုပ်ရာထူးကိုဆက်ခံဖို့ ဇူလိုင်လမှာ ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့ပေမယ့် ခုတစ်ကြိမ်မှာတော့ ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့ပြီး ဗြိတိန်ကို ဦးဆောင်နိုင်တော့မှာဖြစ်ပါတယ်။

အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆူးနက်ခ်ဟာ ဗြိတိန်သမိုင်းမှာ ပထမဆုံးသော အာရှနွယ်ဖွား ၀န်ကြီးချုပ်ဖြစ်လာသလို နှစ်ပေါင်း ၂၀၀ အတွင်း အသက်အငယ်ဆုံးသော ၀န်ကြီးချုပ်ပြီး ၂၀၁၉ ခုနှစ်ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီအနိုင်ရပြီးနောက်ပိုင်း ၀န်ကြီးချုပ်အပြောင်းအလဲမှာ တတိမြောက် တာ၀န်ထမ်းဆောင်ရမယ့်သူလည်း ဖြစ်ပါတယ်။

(၀န်ကြီးချုပ်သစ်အတွက် စိန်ခေါ်မှု)
၀န်ကြီးချုပ်သစ် ဆူးနက်ခ်ရဲ့ နိုင်ငံရေးခရီးလမ်းဟာ ပုံမှန်ထက် ဖြောင့်ဖြူးခဲ့ပေမယ့် ၀န်ကြီးချုပ်အဖြစ် တာ၀န်ယူရမယ့်အချိန်မှာတော့ ဗြိတိန်မှာဖြစ်နေတဲ့ အထွေထွေသော စိန်ခေါ်မှုတွေက သူ့ကို စောင့်ကြိုလျှက်ရှိနေပါတယ်။

အဓိကကတော့ ဗြိတိန်ရဲ့ ဘဏ္ဍာရေးပြသနာဖြစ်ပြီး ဒါတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဆူးနက်ခ်အနေနဲ့ ဦးစွာအားထုတ်ကြိုးပမ်းရဖို့ရှိနေပါတယ်။

ငွေကြေးဖောင်းပွမှုမြင့်တက်နေတဲ့ အချိန်ကာလအတွင်း ၀န်ကြီးချုပ်လစ်ဇ်ထရပ်ရဲ့ ဘဏ္ဍာရေးအစီအစဉ်ဟာ နိုင်ငံ့စီးပွားရေးကို ကမောက်ကမဖြစ်စေမယ့် အိပ်ယာ၀င်ပုံပ င်ဖြစ်တယ်လို့ ဆူးနက်ခ်က ဝေဖန်ပြောဆိုခဲ့ပါတယ်။

မကြာခင်နာရီပိုင်းအတွင်း ၀န်ကြီးချုပ်အဖြစ် တာ၀န်ထမ်းဆောင်ရတော့မယ့် ဆူးနက်ခ်ကတော့ ဗြိတိန်ရဲ့ ဆိုးရွားနေတဲ့ စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် ဗြိတိန်ပြည်သူအားလုံး စည်းလုံးညီညွတ်ကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။

ဗြိတိန်ဟာ ကြီးမြတ်တဲ့နိုင်ငံဖြစ်ပေမယ့် ဆိုးရွားလှတဲ့စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေကိုရင်ဆိုင်ရမယ်ဆိုတာ သံသယရှိစရာမလိုကြောင်း၊ ဒီအတွက် တည်ငြိမ်ဖို့နဲ့ စည်းလုံးဖို့လိုအပ်မှာဖြစ်ပြီး ပါတီနဲ့ နိုင်ငံကို တသားတည်းဖြစ်အောင် ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ဆူးနက်ခ်က ပြောပါတယ်။

ဆူးနက်ခ်ဟာ ဒီနေ့မှာ ချားလ်ဘုရင်နဲ့ တွေ့ဆုံပြီး ၀န်ကြီးချုပ်ရာထူးကို တရား၀င်လက်ခံရယူ့ပြီးနောက်မှာ ဗြိတိန်၀န်ကြီးချုပ်ရုံးရှိတဲ့ ဒေါင်းနင်းလမ်း အိမ်အမှတ် ၁၀ ကနေ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။

အဲဒီနောက် အစိုးရအဖွဲ့သစ်အတွက် ၀န်ကြီးတွေကို ခန့်အပ်သွားဖို့ရှိနေပြီး သူဦးဆောင်တဲ့ ဗြိတိန်အစိုးရသစ်ရဲ့ ဦးစားပေးဖြေရှင်းရမယ့် ကိစ္စတွေနဲ့ ဖြေရှင်းဖို့ မူဝါဒတွေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ယူကရိန်းစစ်ပွဲကြောင့် ငွေကြေးဖောင်းပွမှုတွေ ၊ စီးပွားရေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ဗြိတိန်အနေနဲ့ ဆူးနက်ခ်ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး၊ မဟာမိတ်ဆက်ဆံရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေ ဘယ်လိုအပြောင်းအလဲဖြစ်ပေါ် လာနိုင်မယ်ဆိုမယ်ဆိုတာနဲ့ အာရှနွယ်ဖွား၀န်ကြီးချုပ်တယောက်ရဲ့ အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှု အရည်အချင်းအပေါ် ဆက်လက်စောင့်ကြည့်ရ မှာဖြစ်ပါတယ်။

Ref: BBC/Wiki
Photo: Getty Images
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW