မိုးမောက်မှာ၂ ရက် အတွင်း လက်နက်ကြီးကျည်ကျလို့ လူ ၅ ဦးနဲ့ အထက် ထိခိုက်ဒဏ်ရာရ

အောက်တိုဘာ ၃၀၊ ၂၀၂၂
Shy V(VOM)

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လုံဂျာတောင်မှ တပ်နဲ့ KIA တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ၂ ရက်အတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် အရပ်သား ၅ ဦးနဲ့ အထက် ထိခိုက်ဒဏ်ရာရကာ နေအိမ်တချို့လည်း ထိခိုက် ပျက်စီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မန်ဘုန်ရွာက ရှမ်းလူမျိုး အမျိုးသား ၁ ဦးလည်း ထိခိုက်ဒဏ်ရာရသွားတယ်။ ဗန်းမော် ဆေးရုံကို ပို့လိုက်ပြီ။ ၄၃၇ တပ်နားက ရွာတွေ အကုန်ထွက်ပြေး
တိမ်းရှောင်ရပြီ။ မနေ့ညတော့ တော်တော်ပြင်းတယ်။ အုတ်အိမ်တွေတောင် လှုပ်တယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၃၀ ရက် မနက် ၆ နာရီ ဝန်းကျင်ခန့်ကစ မနက် ၁၀ နာရီခွဲခန့်အထိ တိုက်ပွဲပြင်းထန်နေပြီး လုံဂျာတောင်ဘက်မှာ လေယာဥ်နဲ့ ဆက်တိုက်ဗုံးကျဲနေတယ်လို့ သိရပါတယ်။

မနေ့ အောက်တိုဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းမှာ မိုးမောက်ဆေးရုံအနီးက ဆရာမတယောက်ရဲ့ အိမ်နားမှာ ကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးကျည်ကြောင့် အရပ်သား ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ အမျိုးသားတဦးကိုတော့ ဗန်းမော် ဆေးရုံးကို ပို့ဆောင်ထားပြီး ကျန်တဲ့သူတွေက မိုးမောက်ဆေးရုံမှာပဲ ဆေးကုသမှုခံယူနေတယ် လို့ နောက်ထပ် ဒေသခံတဦးက ရှင်းပြပါတယ်။

“ဆေးရုံနားက ဆရာမတစ်ယောက်ရဲ့ အိမ်နားမှာ အမြှောက်ကျည် ၁ လုံးကျတယ်။ မိုးမောက် ဧဒင် မူကြိုကျောင်းဘက် စစ်ရှောင်တွေနေတဲ့ ဘုရားကျောင်းနားမှာ ၄၃၇ တပ်က ပစ်လိုက်တဲ့ အမြှောက်ကျည်ကြီး ၁ လုံး ကျလာတယ်။ ကျနော်တို့နဲ့ တော်တော် နီးတယ်။ ၄၃၇ တပ် နဲ့ နီးတဲ့သူတွေ အားလုံး ထွက်ပြေးတမ်းရှောင်နေပြီ။ ကျနော်လည်း ရှောင်ရတော့မယ်။ ထွက်လို့ မရတော့လို့ အောက်ထပ်မှာပဲ ပုန်းနေရတယ်။” လို့ သူက ပြောပါတယ်။

မနေ့က ဝါ့ဝမ်ရွာဘက်ရှိ စစ်တပ်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးဟာ မိုးမောက်၊ ခါနန်ရပ်ကွက်မှာ တလုံး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားပြည်သူတွေရဲ့နေအိမ် ထိခိုက်သွားတဲ့အပြင် နောက်ထပ် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာပြင်းထန်တဲ့ အမျိုးသမီး ၁ ဦးကိုတော့ မိုးညှင်းဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဒေသသတင်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။

နှစ်ဘက် တိုက်ပွဲ အရှိန် အဟုန် ပြင်းထန်နေပြီး မနေ့ အောက်တိုဘာ ၂၉ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲခန့် နဲ့ ၄ နာရီ ၁၅ မိနစ် အတွင်း လေယာဉ်နဲ့ ဗုံး ၅ ကြိမ်ခန့် ကျဲသွားပြီး လက်နက်ကြီး ၁ မိနစ်ကို ၂ ကြိမ်နဲ့ အထက် တရစပ် ပစ်ခတ်နေတယ်လို့ သိရပါတယ်။

“ဘွမ်ဆဲန်တောင် ဘက်လည်း သွားကျဲသံ ကြားရတယ်။ လေယာဉ်က ထူးဆန်းတယ်။ ခါတိုင်းက ၃ ကြိမ်ပဲ ဗုံးကျဲတယ်။ ဒီနေ့တော့ ၁၀ ကြိမ်လောက် လာသွားပြီ။” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကလည်း ဗန်းမော် မံခွန်ရွာမှာ လက်နက်ကြီးကျည်ကျလာလို့ ပဲစိုက်နေတဲ့ အမျိုးသမီး ၁ ဦး ထိမှန်သေဆုံးခဲ့တဲ့အပြင် အောက်တိုဘာ၂၄ ရက်နေ့မှာလည်း မိုးမောက်မြို့ ခါနန်ရပ်ကွက်ရှိ အထက်တန်းကျောင်းမှာ လက်နက်ကြီးကျည် ၁ လုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

“နှစ်ဘက်တိုက်ပွဲကြောင့် ဘာမှမသိ ဘာမှမဆိုင်တဲ့
အရပ်သားတွေ ထိခိုက်နေရတယ်” လို့ မကြာသေးမီက လက်နက်ကြီးကြောင့် မိသားစုဝင် ဆုံးရှုံးခဲ့ရသူတဦးက ပြောပါတယ်။

တပ်ဖက်က ပူးပေါင်း စစ်ကြောင်းတွေ နဲ့ KIA ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်တပ်အနေနဲ့ အောက်တိုဘာ ၂၂ ရက်နေ့ကစ လုံဂျာတောင်နဲ့ ဝဝမ် နေရာတွေဘက် စစ်ကြောင်းထိုးလာတာကြောင့် နေ့တိုင်း တိုက်ပွဲ ပြင်းထန်နေတာဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မော်တောင်းရွာအနီး ရေပူစမ်းနားတွင်လည်း မနေ့ ညနေ ၆ နာရီဝန်းကျင်က တပ် နဲ့ KIA ပူးပေါင်း အဖွဲ့တို့ ထိတွေ့တိုက်ပွားခဲ့ပါသေးတယ်။

Photo Crd- CJ
#voiceofmyanmar #VOM #မိုးမောက်

Related posts

Leave a Comment

VOM News

FREE
VIEW