ဆူးငှက်
ကုန်လွန်ခဲ့သည့်နှစ် ကိုဗစ်ကပ်ရောဂါဘေးကြီး အရှိန်ကောင်းဆဲ ကျွန်တော်တို့ ဒုက္ခက လက်ဖက်ရည်ဆိုင် ငတ်ခြင်းက မဖုံးနိုင် မဖိနိုင်ဖြစ်နေသည်။ ဆိုင်တွေမှာ ပါဆယ်ရောင်းနေတာပဲ။ ပါဆယ်ကို delivery နှင့် မှာသောက်ပေါ့ဟု စာဖတ်သူက အပြစ်တင်လျှင်လည်း ခံရရုံပါပဲ။ ကျွန်တော်တို့က လက်ဖက်ရည် ငတ်တာမဟုတ်။ လက်ဖက်ရည်ဆိုင် ငတ်ခြင်းဖြစ်သည်။ လက်ဖက်ရည် တစ်ခွက်ထက် ဆိုင်မှာထိုင်ပြီး မိတ်ဆွေတွေနှင့် စကားပြောလိုခြင်းဖြစ်သည်။ ထမင်းမေ့ ဟင်းမေ့ ဆိုပါစို့။ ထို့ကြောင့် ကိုဗစ်ကာလ stay at home မှာဘယ်လိုမှ ဟန်မဆောင်နိုင်တော့။ အရင်ကတစ်ပတ်လျှင် ၃ကြိမ်လောက်တွ့ဖြစ်နေကြတဲ့ လက်ဖက်ရည်ဆိုင် ထိုင်ဖော်ထိုင်ဖက်တို့ မအောင့်နိုင်ကြတော့။ သည်ကြားထဲ ကုန်လွန်ခဲ့သော ဆယ်စုနှစ်၃စုလောက် ကတည်းက လက်ဖက်ရည်လေး တစ်ခွက်စီ အလယ်ချပြီး စကားဖောင်ဖွဲ့ဖက်ဖြစ်သူ ချစ်မိတ်ဆွေ ခွဲစိပ်ဆရာဝန်ကြီးလည်း တစ်နယ်တစ်ကြေးမှ မန်းမြေမှာ ကိုဗစ်လာရှောင်တာမို့ မတွေ့ရမနေနိုင် စကားမပြောရ မနေနိုင်ဖြစ်ကာလက်ဖက်ရည်သောက်ရန် ချိမ်းဆိုဖြစ်တော့သည်။
သည်တော့ စံတော်ချိန်သတင်းစာ မန္တလေးတာဝန်ခံ ဦးမျိုးဝင်း(မဟာနန္ဒာ)၊ ဆရာဝန်ကြီး ကိုလင်း(ဆေး-မန်း)နှင့် ကျွန်တော်တို့ ၃ဦးသား မြောက်ပြင် ၁၁လမ်းရှိ နာမည်ကျော် ဗိုလ်ကဖေးက လက်ဖက်ရည် ၃ခွက် ပါဆယ်ဆွဲကာမြောက်ကျုံးထောင့်အနီး ကျုံးဘေးထနောင်းပင်ရိပ်က ပလက်ဖောင်းပေါ် ၆ပေကွာ သုံးပွင့်ဆိုင်ထိုင်ကာ ရင်ဖွင့်ကြရတာ့သည်။ ကောင်းလှောင့်တေး။
သည် အနေအထား သည် အရသာသိသွားတော့ ၃ရက်ခြား တစ်ကြိမ်လောက် ထနောင်းပင်အောက် ရောက်ကြတော့သည်။
သည်နေရာလေးမှာ မထင်မှတ်ဘဲ လက်ဖက်ရည်သောက်ရတော့ လွန်ခဲ့သော ၃၅နှစ်ဝန်းကျင်က သည်နေရာနှင့် မလှမ်းမကမ်း နေရာမှာပဲ လက်ဖက်ရည်မက်သော မိတ်ဆွေတစ်ဦးနှင့် အခုလို အရသာတူ
လက်ဖက်ရည် တစ်ခွက်စီ သောက်ရင်း စကားတွေ ရေပက်မဝင်ပြောခဲ့ဖူးသော အတိတ်ကို လွမ်းဆွတ်
သတိရနေတော့သည်။
××××× ×××××
ကျွန်တော်သည် အနောက်မြောက် ကျုံးထောင့်ကို သတိရနေတာက ထနောင်းပင်ကြီးများ၊ ကုက္ကိုပင်ကြီးများကြာင့်ဖြစ်၏။မြောက်ပြင်က ပန်းထိမ်ဖိုလေးတွေဆီ။ သို့မဟုတ် ထားဝယ်ရပ်ထဲက မိတ်ဆွေတစ်ဦး၏ စာအုပ်ဆိုင် ကလေးဆီ သွားတိုင်းဟာ ဒီ အနောက်ကျုံးထောင့်ရောက်လျှင် မနားဘဲ မနေနိုင်။ အပင်ကြီးတွေ ဆီးမိုးထားသဖြင့် နေပြောက်မထိုးသည့် အရပ်အောက်က ကျုံးသံဆန်ခါ အုတ်ခုံလေးပေါ် ထိုင်ရတာ
အေးချမ်းလှသည်။ အနားမှာလည်း မန်းကျည်းဖျော်ရည်သည်တွေ ပြည့်လို့။ မိုးကုတ်ကား၊ သပိတ်ကျင်းကား၊ မတ္တရာကား၊ စကျင် ကားအမှတ်(၅)၊ အမှတ်(၇) ဘတ်စ်ကားတွေလည်း သည်နေရာမှာ ခဏခေတ္တ နားကြ၏။ ဘီအမ်ကား၊ ဟီးနိုးကား၊ ဒိုင်နာကား၊ ချက်ပလက်ခေါင်းတို၊ ခေါင်းရှည် စသော ကားအမျိုးမျိုးမှ လူအမျိုးမျိုး၊ စရိုက်အမျိုးမျိုး၊ အသံအမျိုးမျိုးကို သည်နေရာလေးမှာ ထိုင်ရင်း တွေ့ထိနေရ၏။
ပန်းထိမ်ဆရာ၊ ပန်းရံသံလက်ကိုင်၊ ဝပ်ရှော့သမားလေး၊ ထီသည်၊အေးချောင်းရောင်းသူ၊ ကြက်စာဝယ်ပြန်သူ၊ ဘူတာကြီး ကုန်ထမ်းသမား၊ ကားပွဲစား၊ ပင်စင်စားကျောင်းဆရာ၊ ရုံးစာရေးလေး စသူတို့လည်း သည်နေရာက ခုံတန်းလေးပေါ် နားရင်း ဆေးလိပ်မီး တို့၏။ ကွမ်းတစ်ယာ ကမ်း၏။
“ဒီလိုပါပဲဗျာ”ဟူသော အပ်ကြောင်းထပ် စကားလုံးဖြင့် ကိုယ့်ခရီး ကိုယ်ဆက်ကြ၏။
နောက်တော့ လမ်း၈ဝနှင့်၁၂လမ်းထောင့် ကျွန်တော်တို့ ထိုင်နေကျ နေရာလေးမှာ အလှူခံမဏ္ဍပ် တစ်လုံး
ရောက်လာသည်။ မန္တလေးတောင် ဘက်စုံပြုပြင်ရေးတဲ့။ မီးသတ် ရဲဘော်တွေ၊ ကြက်ခြေနီတွေနဲ့ အသံချဲ့စက် တကျော်ကျာ်ဖွင့်ကာ အလှူခံသည်။ ကျွန်တော်တို့ နေရာလေး ပျောက်သွားပေါ့။ မန်ကျည်းဖျော်ရည်သည်လေးတွေ တောင်ဘက်၊ အရှေ့ဘက် ရွှေ့ကြပေါ့။ နောက်တော့ အလှူခံမဏ္ဍပ်က မပြောင်း၊ ဆိုင်းဘုတ်ကတော့ ပြောင်းပြောင်းသွားသည်။ ဤသို့ ရက်ရှည်လများ နေရာယူခဲ့သော အလှူခံမဏ္ဍပ်သည် ကျုံးဘေးလမ်း လမ်းတိုးချဲ့ရေးစီမံကိန်း စတင်သောအခါ ပြောင်းရွှေ့သွားရလေတော့သည်။
ထိုအခါ အလှူခံ မဏ္ဍပ်သာမဟုတ်။ ထနောင်းပင်ကြီးများလည်း ပါ၏။ ကုက္ကိုပင်ကြီးများလည်း ပါ၏။ သံဆန်ခါ အုတ်ခုံတန်းလေးပင် မကျန်တော့။ ကျုံးရေစပ် ကပ်ပေါက်နေသော ရေသဖန်းပင်လေးတော့ လွတ်သေးသည်။ (နောက်တော့ ကျုံးပြုပြင် တည်ဆောက်ရေးတွင် ထိုရေသဖန်းပင်လေးလည်း ပါသွားပြန်၏)
ကျွန်တော်သည် ကျုံးထောင့်က “အေးရိပ်သာယာ”လေးကို လွမ်းဆွတ်နေပါသည်။ ထို့အတူ သတိတရ ရှိလှသော နေရာကလေးလည်း လမ်း၈ဝပေါ်က တောင်ဘက်နားမှာပဲရှိပါသည်။ လမ်း၈ဝနှင့် ၁၃လမ်းထိပ်ပေါ့။ ထိုနေရာမှာ လက်ရွေးစင် လက်ဖက်ရည်ဆိုင် ရှိခဲ့ဖူးသည်။တောင်ဘက် ကျုံးလမ်းနှင့် မလှမ်းမကမ်း၌ နေသော ကျွန်တော်သည် မြောက်ဘက်ကျုံးလမ်းနှင့် မလှမ်းမကမ်းမှာ နေသော ကျွန်တော့်မိတ်ဆွေအား ဟောသည် လက်ရွေးစင် ဆိုင်မှာ တစ်ပတ်တစ်ခါ ချိန်းဆို ဆုံဖြစ်ကြသည်။ သူသည် ရုံးတစ်ရုံးက စာရေးကလေးဖြစ်၏။ အိမ်မှာ စာအုပ်အငှား ဆိုင်ကလေး ဖွင့်ထား၏။သို့သော် လက်ဖက်ရည်ဆိုင်မှ လူများက သူ့ကို “ပန်းထိမ်ဆရာ” ဟု ခေါ်ကြသည်။ ကျွန်တော် စော၍ရောက်သွားလျှင် လက်ဖက်ရည်ဆိုင်က ဆီးကာ “ခင်ဗျားမိတ်ဆွေ ပန်းထိမ်ဆရာ မလာသေးဘူးဗျ၊ စောင့်ဦး”ဟု ပြောတတ်သည်။ ကျွန်တော်တို့ ထိုဆိုင်လေးမှာ ထိုင်ရင်း ဆိတ်စွပ်ပြုတ် သောက်ချင်သောက်၏။ သို့မဟုတ် အာလူး နံပြား စားချင်စားသည်။သေချာတာကတော့ လက်မှန်လှသော ပေါ့ကျ လက်ဖက်ရည် တစ်ခွက်တော့ သောက်ကြသည်။ ထို့နောက် ရေနွေးကြမ်း တစ်ပန်းကန် နှစ်ပန်းကန်မော့ကာ နှစ်ယောက်သား လမ်း၈ဝကို ဖြတ်ပြီး ကျုံးဘေးက ထနောင်းပင်အောက် ရောက်ကြသည်။ ထိုနေရာမှာ ထိုင်ပြီးဆာင်းဝင်းလတ် ဝတ္ထုတွေအကြောင်း ပြောကြသည်။ စီးပွားရေး မဂ္ဂဇင်းတွေ အကြောင်းပြောကြသည်။ “ဘာထူးသေးသလဲ” ဟု မေးကြသည်။ တစ်ခါတစ်ရံ တောင်ဘက်နားဆီက ရောက်လာတတ်သော
အဘိုးအိုတစ်ဦးက “သဘင်သည် မဝင်ရ” ပြဇာတ်၏ ဇစ်မြစ်တွေကို တူးဆွပြတတ်သေး၏။
လမ်း၈ဝနှင့် ၁၅လမ်းအနားရောက်လျှင်ဖြင့် လက်ဟောင်း မန္တလေးသားများအဖို့ သတိတရ ရှိမိတာက ဇာတ်မင်းသားကြီး မြို့တော်ဦးသိန်းအောင် ဖြစ်ပါသည်။ ထိုနေရာတွင် မြို့တော်အင်အားစု၊ မြို့တော် အင်အားသစ် အဝန်းအဝိုင်း နေထိုင်ကြပါသည်။ ထီးရိုးဝင်းသည် “မြို့တော်”၏ ဘူမိနက်သန် နေရာမှန်။ မန္တလေးမှာ ယခင်က အိမ်တော်ရာ ပိတ်ထီးများ ခေတ်စားခဲ့ဖူးသည်။ ဘာသာရေးမြို့ဖြစ်သည့်အလျောက် ရဟန်းတော်ဆောင်း ထီးလုပ်ငန်းလည်း ထွန်းကားခဲ့သည်။ ထိုထိုထီးများအတွက် ထီးရိုးများကို ပွတ်ထိုး ထုတ်လုပ်ပေးရာ နေရာမို့ ထီးရိုးဝင်း အမည်တွင်ပါသည်။ ထီးရိုးဝင်း အနီးအနားက အနုပညာနှင့် နီးစပ်ကြ၏။ ဆိုတတ်၊ တီးတတ်၊ မှုတ်တတ်၊ ကတတ်သူမရှား။ တကယ်တော့ မန္တလေးသည် တစ်မြို့လုံး အနုပညာဓာတ် စိမ့်ဝင်နေ၏။ ထိုအထဲတွင် ဇာတ်အဖွဲ့သော် လည်းကောင်း၊ တီးဝိုင်းအဖွဲ့သော်လည်းကောင်း ထူထူထောင် ရှိလာပါက တစ်ရပ်ကွက်လုံး၊ တစ်ဝင်းလုံး ထိုဇာတ်၊ ထိုတီးဝိုင်းနှင့် ဆက်စပ် သွားကြသည်။ ထို့ကြောင့် ထီးရိုးဝင်း တစ်ဝိုက်မှာ မြို့တော်အင်အားစု၊ မြို့တော် အင်အားသစ် ဖြစ်သွားတာ မဆန်း။
ထိုနည်းတူလမ်း ၈ဝ(၁၅လမ်း၊ ၁၆လမ်း) တစ်ဝိုက်မှာ တစ်ချိန်က နာမည်ကျာ် တူရိယာ တီးဝိုင်းတစ်ခု ပေါ်ပေါက်ခဲ့ဖူးတာ မှတ်မိကြပါလိမ့်ဦးမည်။
“နုယဉ် … ဂီတ၊ ထံတျာတျေရှင် ဂီတနယ်ထဲစ၍ဝင် …၊
ပါရမီရင့်သန်စေဖို့ … ပင်” ဟုအစချီကာ …၊
“တစ်ထောင့်သုံးရာ နှစ်ဆယ့်တစ်မှာ ယဉ် ဖွားမြင်၊
အနုသုခုမ၊ ဂီတနယ်တွင်” ဟူသော တေးသွားဖြင့် ဘာသာရေးပွဲ၊ လူမှုရေး ပွဲလမ်းများတွင် မြိုင်မြိုင်ဆိုင်ဆိုင် သီဆို တီးမှုတ်ခဲ့ကြသည်မှာ မြို့မ၊ သင်္ဂဟ၊ သီရိမွန် အဖွဲ့များနှင့် အပြိုင်ဖြစ်၏။
ဤသို့ဖြင့် လမ်း၈ဝပေါ်မှာ တူရိယာအသင်းကြီးများပါ်ထွန်းခဲ့သည်မှာလည်း ဆရာကျော်တို့၊ ဆရာ ဦးထွန်းအောင်တို့ ပျိုးထောင်ခဲ့၍ဖြစ်သည်။
ဆရာကျော်သည် ရပ်ကွက်ထဲက လူငယ်လေးတွေကို စုကာ ကလယ်ရီနက်၊ ထရန်ပက်၊ ဆိုက်ဆိုဖုန်းများ သင်ပေး၏။ စည်းချက်၊ သံစဉ်များကို ပဲတီပင်ပေါက် ပတ်ကားနုတ်များနှင့် အဆင့်မီသင်ပေးသည်။ ထီးရိုးဝင်းတစ်ဝိုက်တွင် “ထွဋ်မြတ်တဲ့ စံဌာနီ၊
လွတ်လပ်တဲ့ မြန်မာပြည်”ဟူသော တေးသွားကို ကလယ်ရီနက်ဖြင့် စမ်းသပ်မှုတ်နေသံကို တစ်နေရာမဟုတ်၊ တစ်နေရာမှ ကြားနေရမည်။
ဤအသင်းကြီးမှ “အိပ်မက်စေတမန်”လို သီချင်းမျိုး ရေးစပ်ခဲ့သည့် နာမည်ကျော် ဂီတမှူး ဦးသန်းကြွယ်…။ “တောင်ပေါ်လမ်းမှာ တချိမ့်ချိမ့်”စသည့် သီချင်းများ၊
“ပန်းသလားမေပျိုပြဇာတ်” ၊ “၉ဝ ဝန်းကျင် ဝတ္ထုတိုများ”ဖြင့် ထင်ရှားခဲ့သည့် ဝင်းစည်သူစသည့်
ပုဂ္ဂိုလ်များလည်း မွေးထုတ်ပေးခဲ့သည်။ နောက်တော့ “နုယဉ်”သည် မြို့တော်ဇာတ်အဖွဲ့၏ အနောက်တိုင်း တူရိယာအဖွဲ့ အဖြစ် ပြောင်းလဲကာ ပါးလျား ပျောက်ကွယ်သွားတော့သည်။
××××× ×××××
ကိုဗစ် ကနဦးကာလ မြောက်ကျုံးလမ်း ထနောင်းရိပ် ပလက်ဖောင်းပေါ်က တိတ်တိတ်ပုန်း လက်ဖက်ရည်ဝိုင်းမှာတော့ ကျွန်တော်တို့ သုံးဦးသား၏ စကားတွေက အနုပညာနှင့် မန္တလေးအလွမ်းတွေ မဟုတ်တော့။ ဝူဟန်၊ တောင်ကိုရီးယား၊ စင်္ကာပူမှသည် အီရန် အမေရိကန်အထိလို့၊ ရေနွေးကြမ်းပင်မလို။ မြိန်သား။ ဒါပေမယ့်လေ ကာလက ဘာမှ မကြာလိုက်၊ သည်ထနောင်းပင်ရိပ်မှာ မှောင်ခိုလက်ဖက်ရည် ၃ခွက်ထဲက တစ်ခွက်လျော့သွားပေါ့။ ခက်ခဲစွာ ရှောင်တိမ်းခဲ့ရသည့် ကိုဗစ် တတိယလှိုင်းက မိတ်ဆွေကြီး ဦးမျိုးဝင်း(မဟာနန္ဒာ) ကို ရုတ်ချည်း ဆွဲခေါ် တိမ်းပါးစေ ခဲ့ပြီလေ။
ဘာမှမကြာလိုက်၊ တကယ့်ကို ဘာမှ မကြာလိုက်။
#VOM #voiceofmyanmar #ဆူးငှက် #ဆောင်းပါး