တောင်သူလက်ထဲ စပါးလက်ကျန်မရှိမှ စပါးဈေး မြင့်တက်မှုရှိနေ

နိုဝင်ဘာ ၁၂ – ၂၀၂၂
SN (VOM)

ပြည်တွင်း စပါးဈေးဟာ တောင်သူတွေလက်ထဲ စပါးလက်ကျန် မရှိတော့တဲ့အချိန်မှ တင်း ၁၀၀ ကို ၂၅ သိန်းနဲ့ စံချိန်တင် အမြင့်ဆုံးရောက်ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေအရ တောင်သူတွေအနေနဲ့ လက်ထဲမှာ စပါးလက်ကျန်မထားရဲတော့ဘဲ စပါးပေါ်ချိန်ကတည်းက ထုတ်ရောင်းခဲ့ကြတာကြောင့် စပါးရှားလာပြီး ဈေးတက်လာခြင်းဖြစ်တယ်လို့ ရွှေဘိုမြို့က စပါးကုန်သည်တဦးက ပြောပါတယ်။

“နိုင်ငံရေး အခြေအနေအရ တောင်သူတွေက စပါးပေါ်ကတည်းက ကြောက်လန့်ပြီး စပါးတွေအကုန် ထုတ်ရောင်းပစ်လိုက်ကြတော့ လက်ကျန်က မရှိတော့ဘူး။ လက်ကျန်ရှားလာတော့ ဈေးပိုပေးဝယ်လာကြတယ်။ အဲ့ဒီတော့ ဈေးတွေတက်လာတာပေါ့။ အရင်နှစ်တွေကတော့ တောင်သူတွေက စပါးအကုန် ထုတ်မရောင်းကြဘူး။ ကျန်းမာရေး၊ ပညာရေး လိုအပ်မှပဲ ရောင်းကြတာဆိုတော့ လက်ဝယ်မှာ စပါးတွေရှိတယ်။ ဒီနှစ်မှာတော့ နိုင်ငံရေးအခြေအနေအရ ဘယ်နေ့ဘာဖြစ်မယ်မသိတော့ အကုန် ထုတ်ရောင်းပစ်လိုက်ကြတာ။ အခုက ကြိတ်သစ်တွေ လိုချင်တဲ့အခါကျတော့ ဈေးတွေပေးဝယ်နေကြတာရယ် လက်ကျန်ရှားလာတာရယ်ကြောင့် ၂၅ သိန်းပေါက်နေတယ်”လို့ သူက ပြောပါတယ်။

ဈေးကွက်မှာ ပြည်တွင်းစားဆန်များဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ ကို ကျပ် ၂၅ သိန်းအထိ ပေါက်ဈေးရှိနေပြီး ဧရာဝတီတောင်ပျံ ပေါ်ဆန်းစပါး တင်း ၁၀၀ ကို ကျပ်သိန်း ၂၀ နဲ့ အရောင်းအဝယ်ဖြစ်နေကာ ပြည်ပတင်ပို့နေတဲ့ ဆန်ကြမ်းစပါးဈေးကတော့ ကျပ် ၁၃ သိန်းအထိ စံချိန်တင်ဈေးနှုန်း ဖြစ်ပေါ်နေပါတယ်။

“စပါးဈေးတက်နေပေမယ့် စပါးဝယ်လှောင်တဲ့သူတွေ၊ ပွဲစားတွေသာ တွက်ခြေကိုက်တာ။ သူတို့ကလည်း ချက်ချင်းကြိတ်၊ ချက်ချင်းထုတ်ရောင်းနေတာ။ အကျန်တောင်ရှိမှာ မဟုတ်ဘူး။ တောင်သူတွေကတော့ အတက်ဈေးနဲ့မရတဲ့အပြင် ရိတ်ချွေခပေးရတာနဲ့၊ စက်သုံးဆီဈေး၊ မြေဩဇာဈေးနဲ့ပဲကုန်တာ။ ဒီနှစ်မှာ မိုးကလည်းခေါင်တော့ ကျွန်မတို့တွေဆို ဝမ်းစာလှောင်ဖို့တောင်မှ အနိုင်နိုင်ဖြစ်နေတယ်”လို့ နေပြည်တော်က စပါးစိုက်တောင်သူတဦးက ပြောပါတယ်။

ဒါ့အပြင် လယ်ယာသွင်းကုန်ပစ္စည်းတွေ စျေးနှုန်းမြင့်မားနေလို့ စိုက်ပျိုးရေးအတွက် လိုအပ်သလောက်မသုံးနိုင်ခဲ့တာကြောင့် စပါးအထွက်နှုန်းတွေလည်း လျော့ကျသွားတယ်လို့ သူက ပြောပါတယ်။

“သွင်းအားစုဈေးတွေကလည်း အရမ်းတက်နေတော့ လုံလောက်အောင် ဝယ်မသုံးနိုင်ခဲ့ဘူး။ အဲ့တော့ အထွက်နှုန်းကလည်း ဒီနှစ်မှာ ပျှမ်းမျှ ၃၅ ရာခိုင်နှုန်းလောက် လျော့သွားတယ်။ ခါတိုင်း တင်း ၁၀၀ ထွက်ရင် အခု ၆၅ တင်းလောက်ပဲ ထွက်တော့တယ်” လို့ သူက ပြောပါတယ်။

အသုံးများတဲ့ ပုလဲမြေဩဇာတအိတ်ကို ကျပ်တသိန်းခွဲအထိ ပေးဝယ်နေရပြီး မိုးတွင်းတုန်းက သွင်းအားစုတွေ အလုံအလောက် ဝယ်မထည့်နိုင်တာကြောင့် ဒီနှစ်စပါးအထွက်နှုန်းကျတာလို့လည်း လယ်သမားတွေကပြောပါတယ်။

အဲ့ဒါအပြင် မျိုးစေ့လုံလောက်အောင် မရတာ၊ မီးရှို့ဖျက်စီးခံရလို့ စိုက်ပျိုးမြေ ဆုံးရှုံးတာတွေကြောင့် လာမယ့်နှစ်မှာလည်း စပါးအထွက်နှုန်း လျော့ကျနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က Export ဆန်ကြမ်းစပါး တင်း ၁၀၀ ကို ကျပ် ၁၀ သိန်း ဝန်းကျင်၊ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ ကို ကျပ် သိန်း ၂၀ ဝန်းကျင်၊ ဧရာဝတီတောင်ပျံစပါး တင်း ၁၀၀ ကို ကျပ် ၁၅ သိန်းအထိသာ ရှိခဲ့တယ်လို့ သိရပါတယ်။

Photo – Original Uploader
#voiceofmyanmar #VOM #ဆန်စပါးစျေးနူန်ူကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW