ပခုက္ကူ မတုတ်မ လက်ဖက်ဆိုင် ပိုင်ရှင်ကို ပြန်လည်ကယ်နိုင်

နိုဝင်ဘာ ၊ ၁၀ ၊ ၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၁ ရပ်ကွက် ၊ ဝိပဿနာလမ်းမှာရှိတဲ့ မတုတ်မ လက်ဖက်ဆိုင်ပိုင်ရှင် အမျိုးသမီးဖြစ်သူဟာ ဒီမနက်ပိုင်း က အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ထောက်ကာ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ဒီကနေ့ ၊ မွန်းလွဲပိုင်းက အသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်ခဲ့တယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

” ဒီမနက် ၆ နာရီခွဲ ၇ ဝန်းကျင်မှာ ဆိုင်ရှေ့တင် ဆွမ်းထွက်လောင်းနေတဲ့ အောင်ဆင်မင်း ၊ မတုတ်မ လက်ဖက်ဆိုင်ပိုင်ရှင် မဟန်နွေဦး ကို အမည်မသိ လက်နက်ကိုင် အမျိုးသား ၂ ယောက် ၊ အမျိုးသမီး ၁ ယောက်က ဆိုင်ကယ် ၂ စီးနဲ့လာပြီး သေနတ်နဲ့ထောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ် ၊ အဲ့ဒီနောက် ဒီကနေ့ ၊ နေ့ခင်းပိုင်းမှာ အထူးကွန်မန်ဒိုအဖွဲ့က အသက်ရှင်လျက် ပြန်လည် ကယ်ဆယ်ပေးတာဖြစ်တယ် ” လို့ ပခုက္ကူမြို့ခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က

” လက်ဖက်ဆိုင် ပိုင်ရှင် အမျိုးသမီးက တပ်အရာရှိတစ်ဦးရဲ့ မိန်းမဖြစ်တယ် ၊ အကြမ်းဖက်သမား ၃ ဦးက လက်နက်နဲ့ ခြိမ်းခြောက်ပြီး ဖမ်းဆီးခေါ်သွားပြီး နေအိမ်ထဲကနေ ရွှေဆွဲကြိုး ၁ ကုံး ၊ နားကပ် ၁ ရံ ၊ ဖုန်း ၈ လုံးယူသွားတယ် ၊ မဟန်နွေဦး အဲ့ဒီလို ဖမ်းခေါ်ခံရတာနဲ့ ပတ်သက်ပြီး ပခုက္ကူမြို့ လုံခြုံရေးအဖွဲ့က ပိတ်ဆို့ရှာဖွေ စစ်ဆေးနေတဲ့အချိန် ညနေ ၂ နာရီဝန်းကျင်မှာ တာဝန်သိ ပြည်သူ တစ်ဦးရဲ့ သတင်းပေးပို့ချက်အရ မြိုင်မြို့နယ် တောင်ရွာဆည် ရှင်းလင်းဆောင်ထဲမှာ ချုပ်နှောင်ထားတယ်လို့ သတင်းရတာနဲ့ အထူး ကွန်မန်ဒို အဖွဲ့က ရဟတ်ယာဥ် ၂ စီးနဲ့ သွားရောက်ရှာဖွေ ကယ်ဆယ်ခဲ့တာဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီနောက် အထူးကွန်မန်ဒိုအဖွဲ့နဲ့ အမည်မသိ အဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်တာတွေဖြစ်ပွားပြီး ဓားစာခံ အမျိုးသမီးကို အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့တာဖြစ်တယ်လို့ ဆက်ပြီး ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်ကလည်း စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊ ဖလန်ပင်ကျေးရွာနားက မြောက်ယမားဆည်က ရှင်းလင်းဆောင်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အရပ်သား ပြည်သူ ၂၆ ယောက်ကို အထူး ကွန်မန်ဒို အဖွဲ့က ရဟတ်ယာဥ် ၅ စီးနဲ့ အသက်ရှင်လျက် ရှာဖွေ ကယ်ဆယ်ပေးတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #မတုတ်မလက်ဖက်ဆိုင်ပိုင်ရှင်ပြန်လည်လွတ်မြောက်

Related posts

Leave a Comment

VOM News

FREE
VIEW