ရန်ကုန်အခြေစိုက် ဆန်လုပ်ငန်းကုမ္ပဏီတခုက ငွေကျပ်သိန်းပေါင်း ၁ သိန်းကျော် မပေးဘဲ ထွက်ပြေးတိမ်းရှောင်နေ

နိုဝင်ဘာ ၁၄ – ၂၀၂၂
SN (VOM)

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ထဲရှိ ဆန်လုပ်ငန်းကုမ္ပဏီတခုက ဆန်ကုန်သည်တွေနဲ့ ရှယ်ယာရှင်တွေကိုပေးရမယ့် ငွေကျပ်သိန်းပေါင်း ၁ သိန်းကျော်ကို မပေးဘဲ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆန်ကုန်သည်အသိုင်းအဝိုင်းက သိရပါတယ်။

အဲ့ဒီ့ကုမ္ပဏီဟာ ငွေကြေးအရှုပ်အရှင်းဖြစ်နေခဲ့တာ ကြာပြီဖြစ်တာကြောင့် ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်က ကုန်ကြမ်းရောင်းချပေးခြင်းမရှိတော့သည်မှာ တစ်နှစ် နီးပါးရှိပြီဖြစ်တယ်လို့ သိရပါတယ်။

“လိမ်သွားတဲ့ကုမ္ပဏီက Export,Import လုပ်တဲ့ကုမ္ပဏီ။ သာဓုကန်စက်မှုဇုန်မှာ သူက ဆန်စက် ငှားထားတာရှိတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်မှာလည်း ကုန်ကြမ်းတွေလာဝယ်တယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ရောင်းတဲ့သူတွေကို ဆန်ဖိုးတွေမပေးနိုင်လို့ ဒီကလူတွေက မရောင်းတော့ဘူး။ အခုက ကုမ္ပဏီ မလည်ပတ်နိုင်လို့ ဒေဝါလီခံသွားတာ။ ဘုရင့်နောင်ကလူတွေ ပါမသွားဘူး။ မန္တလေးကလူတွေ ရှယ်ယာရှင်တွေပဲ ဆုံးရှုံးကြတာ”လို့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်က ဆန်ကုန်သည်တဦးက ပြောပါတယ်။

အခုလို ကုမ္ပဏီဒေဝါလီခံတာမှာ ဆုံးရှုံးမှုအများဆုံးက မန္တလေး၊ မူဆယ်က လုပ်ငန်းရှင် အများအပြားနဲ့ ရှယ်ယာရှင်အများစု ပါဝင်နေတယ်လို့ သူက ပြောပါတယ်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCo) ရဲ့ အချက်အလက်တွေအရ အဲ့ဒီ့ကုမ္ပဏီဟာ လှိုင်မြို့နယ်အခြေစိုက် ကုမ္ပဏီတခုဖြစ်ပြီး ဒါရိုက်တာစာရင်းမှာ မြန်မာအမျိုးသမီးတဦးနဲ့ တရုတ်အမျိုးသားတဦးကို စာရင်းသွင်းထားတာ တွေ့ရပါတယ်။

ကုမ္ပဏီကို ၂၀၀၃ ခုနှစ် အောက်တိုဘာ ၂၀ ရက်မှာ စတင်တည်ထောင်ခဲ့ပြီး ဆန်စပါး ကြိတ်ခွဲရောင်းဝယ်ရေးလုပ်ငန်းကို ၂၀၁၈ ခုနှစ်မှာ မူဆယ်အခြေစိုက်အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီးနောက် မန္တလေးသို့‌ ပြောင်းရွှေ့လာကာ ထိုမှတဆင့် ရန်ကုန်မှာ ဆန်စက်နဲ့ ဆန်စပါးကြိတ်ခွဲ ရောင်းဝယ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတာဖြစ်တယ်လို့ သိရပါတယ်။

“နိုင်ငံခြားနဲ့ဖက်စပ်လုပ်ကြတယ်။ ပြဿနာတက်ပြီဆို ပြည်တွင်းကလူတွေက ရှောင်သွားကြတာ။ အစိုးရပိုင်းအနေနဲ့လည်း လိုင်စင်ထုတ်ပေးတဲ့အခါမှာ စိစစ်ပြီး ထုတ်ပေးပေမယ့် လက်ရှိ နိုင်ငံအခြေနေနဲ့ စီးပွားရေးအခြေအနေအရ အကျိုးအမြတ်မရှိတဲ့အခါကျတော့ ဒီလိုဖြစ်မှာပဲ။ အခုလို လိမ်လည်ခံရပြီဆို ဘယ်သူမှလည်း အကူညီမပေးနိုင်ဘူး။ ဆန်စပါးကုန်သည်များအသင်းတို့ ဆန်စပါးအသင်းချုပ်တို့ ဆိုတာကလည်း NGO တွေ။ သူတို့က အာဏာလည်းမရှိဘူး။ ဘာမှ လုပ်ပိုင်ခွင့်လည်း မရှိပါဘူး။ လိမ်သွားတဲ့သူကို အသင်းထဲကထုတ်ပယ်လိုက်တာ၊ Black List သွင်းတာလောက်ပဲ လုပ်လို့ရတာ။ ဒါထက်ပိုပြီး ဘာမှလုပ်မပေးနိုင်ဘူး”လို့ နောက်ထပ် ဆန်ကုန်သည်တဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်း ဘုရင့်နောင် ကုန်စည်ဒိုင်မှာ သိန်းပေါင်း ၆၈,၀၀၀ နီးပါး လိမ်လည်ခံရမှုရှိခဲ့ပြီး တရားစွဲဆိုမှု တွေရှိခဲ့ပေမယ့် တရားခံ ထွက်ပြေးတိမ်ရှောင်သွားတာကြောင့် သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို တရားရုံးကသိမ်းဆည်းခဲ့ကာ လိမ်လည်ခံရသူတွေကတော့ အမှုကိစ္စမပြီးပြတ်ဘဲ ငွေကြေးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

“၂၀၁၇ တုန်းက အမှုကိစ္စကတော့ လိမ်တဲ့သူက နိုင်ငံခြားကို ထွက်ပြေးပြီး ပြန်မလာတော့တာ။ ရုံးမှာအမှုရင်ဆိုင်ဖို့ လူမရှိတော့ အမှုကတန်းလန်းကြီး မပြီးဘူးဖြစ်နေတာ။ အခုလိုတွေ လိမ်လည်ခံရလည်း မြန်မာနိုင်ငံမှာက သူ့ဥပဒေတွေအတိုင်းပဲ သွားနေရတာ။ လိမ်လည်မှုနဲ့ တရားစွဲလည်း တရားမမှုတို့ဆိုတာကလည်း ပေးတဲ့ကမ်းတဲ့သူက နိုင်သွားတာပါပဲ။ အခုက စွန့်စားပြီး လုပ်နေရတာ။ ပြည်တွင်းထဲမှာက ဆန်အရောင်းအဝယ်ကို အကြွေးစနစ်နဲ့လုပ်နေရတာလေ။ ဘယ်ကုမ္မဏီမှ လက်ငင်းငွေချေပြီး မဝယ်နိုင်ဘူး”လို့ ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဒါ့အပြင်၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလဆန်းပိုင်းကလည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ဖူးပြီး အဲ့ဒီအချိန်က တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေး မူဆယ်ဆန်ဈေးကွက်မှာ တရုတ်နိုင်ငံသား ဆန်ကုန်သည်တဦးက မြန်မာဆန်ကုန်သည်တွေနဲ့ တရုတ်နိုင်ငံ၊ ရွှေလီအခြေစိုက် ဆန်ကုန်သည်တွေကို ပေးချေရမယ့် ဆန်နဲ့ဆန်ကွဲဖိုးငွေ ကျပ်သိန်းပေါင်း ၁ သိန်းကျော်ကို မပေးဘဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ သိရပါတယ်။

မြန်မာဆန်ကုန်သည်တွေကို ကျပ်ငွေ သိန်း ၂၆,၀၀၀ ၊ ရွှေလီအခြေစိုက် ဆန်ကုန်တွေကို ကျပ်သိန်း ၈၀,၀၀၀ ကျော်၊ စုစုပေါင်း ကျပ်သိန်းပေါင်း ၁၀၆,၀၀၀ ကို ပေးချေရမှာဖြစ်ပြီး လက်ရှိအချိန်အထိတော့ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Photo -KT
#voiceofmyanmar #VOM #ရန်ကုန် #ဆန်လုပ်ငန်းရှင်ကုမ္ပဏီ #သိန်းတသိန်းကျော်လိမ်လည်ထွက်ပြေးမှု

Related posts

Leave a Comment

VOM News

FREE
VIEW