ကန့်ဘလူမြို့နယ်မှာ လူနေအိမ် တစ်ရာကျော် မီးရှို့ဖျက်ဆီးခံရ

နိုဝင်ဘာ ၊ ၁၆ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ် အကြားမှာရှိတဲ့ ကျေးရွာတချို့မှာ အခုလ ၁၂ ရက်ကနေ ဒီကနေ့အထိ ၅ ရက်အတွင်း လူနေအိမ် တစ်ရာကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

“ပင့်သာ (တည်ပင်)ရွာမှာက လူနေအိမ် ၃၄ လုံးနဲ့ စပါးကျည် အဆောက်အဦ၂ လုံး ၊ ရှမ်းကုန်းရွာမှာ လူနေအိမ် ၅ လုံးနဲ့ အင်းမရွာမှာက လူနေအိမ် ၇၉ လုံး မီးလောင်ပျက်စီးခဲ့တာဖြစ်တယ် ၊ အဲ့ဒီရွာတွေက ဒေသခံရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတာဆိုတော့ မီးဘယ်သူရှို့တယ်ဆိုတာ မသိကြဘူး “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၁၅ ရက်ကလည်း လိတ္ထူရွာရဲ့ အ​ရှေ့ဘက် ၂ မိုင်ခန့်အကွာမှာရှိတဲ့ အင်ကြင်းစု ၊ မြိုင်သာယာ နဲ့ အင်ကြင်းမြိုင်​ စတဲ့ကျေးရွာ​တွေဘက်မှာ စစ်​ကြောင်းဝင်​ရောက်​နေပြီး အင်ကြင်းမြိုင်ရွာက လူနေအိမ်တချို့ မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ အင်ကြင်းမြိုင်ရွာက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် အိမ်ခြေ ဘယ်လောက် မီးလောင်ပျက်စီးသွားတယ်ဆိုတာ ဒီမနက်အထိ မသိရသေးဘူးလို့ ပြောပါတယ်။

အခုလ ၁၂ ရက်ကစလို့ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့ အကြားက အင်ငုတ္တို၊ပင့်သာ၊မကျီးကုန်း၊ဟင်းဖြူ​တော၊ပင့်သာကြီး၊နဂါး​ပေါ်၊အုတ်ခင်း၊ပိ​တောက်ပင်၊အင်းမ၊ရှမ်းကုန်း၊ပင်းတည်း​၊ကြာတကန်၊ထန်းပင်ကုန်း၊အင်းကြင်းစု၊မြိုင်သာယာနဲ့ အင်ကြင်းမြိုင် ​စတဲ့ကျေးရွာတွေက ဒေသခံတွေဟာ တောင်သူလုပ်ငန်းခွင်ကို စွန့်လွတ်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ် ၊ ရွှေတချောင်း ၊ နနွန်းကိုင်း ၊ မြစ်သာ ၊ ပရိမ္မ စတဲ့ ကျေးရွာတွေဘက်မှာလည်း လူနေအိမ် တစ်ရာကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ ထန်းကြီးကျေးရွာဘက်မှာလည်း အလားတူ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာ ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒါကြောင့် အခုလ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ ၁၅ ရက်တာ ကာလအတွင်း စစ်ကိုင်းတိုင်းမှာ လူနေအိမ် သုံးရာထက်မနည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီ မီးလောင်မှုဖြစ်စဥ်တွေဟာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီးနောက် လောင်ကျွမ်းတာဖြစ်တဲ့အတွက် ဘယ်အဖွဲ့အစည်းက ရှို့တယ်ဆိုတာ ဒေသခံ ရွာသားတွေက မသိရဘူးလို့ ပြောပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW