ဖမ်းဆီးမိထားတဲ့ အထောက်အထားမဲ့သူ ၃၅ဦးကို ထောင် ၅နှစ်ချပြီး အသက်မပြည့်သေးတဲ့ ၁၃ ဦးကို ထိန်းသိမ်းရေးစခန်းမှာ နေဖို့ အမိန့်ချ

နိုဝင်ဘာ၊ ၁၆-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင် ၊ဘိုကလေးမြို့နယ် တရားရုံးက အထောက်အထားမဲ့ ဝင်လာသူ ၃၅ ယောက်ကို မနေ့ နိုဝင်ဘာ ၁၅ ရက်က ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူ အထောက်အထားမဲ့ ၃၅ ယောက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်က အမာမြို့နယ်ခွဲ၊ ကတုံးလေးကျွန်းအနီးမှာ စက်လှေပျက်ပြီးမျောပါလာတဲ့အတွက် အဖမ်းခံခဲ့ရတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

”မနေ့က ထောင်ဒဏ်ချမှတ်ခံရတာ ၊ ၃၅ ယောက်ကို ထောင်ဒဏ် ၅ နှစ်စီအမိန့်ချမှတ်ခဲ့တာ ၊ တရားရုံးက အဲ့ဒီလို ဆုံးဖြတ်တာပဲသိရတယ် ၊ ဖျာပုံထောင်ကို ပို့လိမ့်မယ်။”လို့ တရားရုံးနဲ့ နီးစပ်သူကပြောပါတယ်။

ဖမ်းမိတဲ့ အထောက်အထားမဲ့သူတွေထဲမှာ
အသက် ၁၈ နှစ်မပြည့်သေးတဲ့ အထောက်အထားမဲ့သူ ၁၃ ယောက်ပါတာကြောင့် သူတို့ကိုလည်း ရန်ကုန်တိုင်း၊ တွံ့တေးမြို့က ငှက်အော်စမ်းလူငယ်ထိန်းသိမ်းရေးစခန်းမှာ အသက် ၂၀ ပြည့်ချိန်အထိ ထိန်းသိမ်းထားဖို့ အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

”မနေ့က အမိန့်ချတဲ့အထဲမှာ အသက် ၁၈ နှစ်မ ပြည့်သေးတဲ့ သူ ၁၃ ယောက်ပါတယ်၊ သူတို့ကိုတော့ တွံ့တေးမြို့က ငှက်အော်စမ်း လူငယ်ထိန်းသိမ်းရေးစခန်းမှာထားဖို့ အမိန့်ချလိုက်တယ် ၊ သူတို့ကို ဘယ်အချိန်စစ်စစ် မလေးရှားသွားမယ်ဆိုတာပဲ ပြောတယ် ၊ မြန်မာစကားလည်း ကောင်းကောင်း မပြောတတ်သူတွေများတယ်”လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အထောက်အထားမဲ့သူအများစုကို တရားရုံးအသီးသီးက ထောင်ဒဏ် ၆ လကနေ ၂နှစ် အထိသာ ချမှတ်လေ့ရှိပေမယ့် လက်ရှိ အထောက် အထားမဲ့သူ ၃၅ ယောက်ကိုတော့ ထောင်ဒဏ် ၅နှစ်စီ ချမှတ်တာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်ကလည်း ငါသိုင်းချောင်း-ဂွ ကားလမ်း၊ ရေနံသာစစ်ဆေးရေးဂိတ်မှာ ဖမ်းမိခဲ့တဲ့ အထောက်အထားမဲ့သူ ၁ဝ၄ ယောက်ထဲကမှ ၅၃ ယောက်ကို ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ဝါးခယ်မမြို့နယ် ၊ သရက်မြိုက်တံတား အနီးမှာ ဖမ်းခံခဲ့ရတဲ့ အသက်မပြည့်သေးတဲ့ ကလေး ၃ ယောက် အပါအဝင် အထောက်အထားမဲ့သူ ၅၆ ယောက်ကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်က ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #အထောက်အထားမဲ့သူတွေကိုထောင်ချ

Related posts

Leave a Comment

VOM News

FREE
VIEW