ဖောင်းပြင်မြို့နယ်မှာ မိသားစုလိုက် အသတ်ခံရပြီး ၊ ရွှေထည်ပစ္စည်းတွေ ပျောက်ဆုံးနေ

နိုဝင်ဘာ ၊ ၁၆ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ မော်လိုက်ခရိုင် ၊ ဖောင်းပြင်မြို့နယ် ၊ သရောင်းကျေးရွာအုပ်စု ၊ တောမကျေးရွာမှာ မနေ့ နိုဝင်ဘာ ၁၅ ရက်က မိသားစုလိုက် လူ ၃ ဦး ပစ်သတ်ခံရပြီး နေအိမ်ထဲက အတွင်းပစ္စည်းဖြစ်တဲ့ ရွှေထည်ပစ္စည်းတွေနဲ့ ပိုက်ဆံတွေပျောက်ဆုံးနေတယ်လို့ ဖောင်းပြင်နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

“တောမကျေးရွာမှာနေတဲ့ ဦးဝင်းနိုင် ၊ သူ့မိန်းမ ဒေါ်လဲ့လဲ့ဝင်း ၊ သူ့သမီး မသက်သက်မာ တို့ ၃ ဦးဟာ ၁၄ ရက် ည ၉ နာရီဝန်းကျင်က ပစ်သတ်ခံရတာပါ ၊ အလောင်းတွေကိုတော့ မနေ့ နိုဝင်ဘာ ၁၅ ရက်က ကောက်ရတယ် “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ဖောင်းပြင်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” တောမရွာက ဦးဝင်းနိုင်တို့ မိသားစု ၃ ယောက်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့ လူ ၁၀ ယောက်ကျော်က လာရောက်ပစ်သတ်သွားတာပါ ၊ နောက်ပြီး အိမ်တွင်းပစ္စည်းတွေဖြစ်တဲ့ ရွှေထည်နဲ့ ပိုက်ဆံတွေ (စိစစ်နေဆဲ) ပျောက်ဆုံးနေတယ် ၊ အသတ်ခံရတဲ့ မိသားစုက နိုင်ငံရေး အရောင်အသွေးနဲ့ ပတ်သက်လို့ တမိသားစုလုံး NLD ပါတီဝင်ဖြစ်တယ်လို့ ကနဦး သိရတယ် ၊ စိစစ်ဆဲ သတင်းအရကတော့ သူ့သမီး သက်သက်မာကို ကျောင်းထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အခုလို အသတ်ခံရတာဖြစ်တယ်လို့ သိရတယ် ၊ အမှုဖွင့် စစ်ဆေးနေပါတယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော် ကာလအတွင်းမှာ စစ်ကိုင်းတိုင်းထဲက ၊ ရွှေဘို ၊ ခင်ဦး ၊ တန့်ဆည် ၊ ကလေး ၊ ဖောင်းပြင် ၊ ကနီ ၊ မင်းကင်း ၊ ဒီပဲယင်း ၊ မြောင် ၊ စစ်ကိုင်း ၊ မြင်းမူ ၊ ကောလင်း စတဲ့ မြို့နယ်တွေက ကျေးရွာတချို့မှာ မိသားစုလိုက် အသတ်ခံရတဲ့ ဖြစ်စဥ် ဖြစ်ပွားမှုပေါင်း ၃၀ ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ဖောင်းပြင်

Related posts

Leave a Comment

VOM News

FREE
VIEW