မန္တလေးမြို့မှာ ပေါက်ကွဲမှုဖြစ်ပွါးပြီး အသက် ၆၀အရွယ် အမျိုးသားတဦး သေဆုံး

နိုဝင်ဘာ ၁၈-၂၀၂၂
Voice Of Myanmar(VOM)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၅လမ်း ၈၅နဲ့၈၆လမ်းကြား၊ မြတောင်ကျောင်းတိုက် တောင်ဘက်အနီးမှာ ဒီကနေ့ မနက်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး အနီးနားမှာ ထိုင်နေသူ ၁ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရဲနဲ့နီးစပ်သူတဦးက ” ဒေသန္တရ လက်လုပ်ဗုံးပေါက်တာလို့ ကြားတယ်၊ ဘယ်သူ့ကို လာဖောက်တာလဲတော့ သေချာမသိဘူး အဲ့ဒီနားမှာ တပ်တွေစောင့်တဲ့ လျှပ်စစ်ရုံးတော့ရှိတယ်၊ ဖြစ်တဲ့နားက ကား တစီးထိတယ် အမျိုးသားကြီး တဦးကတော့ သေသွားတယ်၊ ကျန်တာတော့ ဆက်စစ်နေတုန်းလို့ကြားတယ်”လို့ ပြောပါတယ်။

သေဆုံးသွားသူဟာ အသက် ၆၀အရွယ် မဟာအောင်မြေမြို့နယ်မှာနေတဲ့ အမျိုးသားဖြစ်ပြီး ကျောက်အရောင်းအဝယ်လုပ်ကိုင်သူလည်း ဖြစ်တယ်လို့ သိရပါတယ်။

“သူက ကျောက်သမား ဗုံးပေါက်တဲ့နားက သူအမျိုးအိမ် လာချိန် လက်ဖက်ရည်သောက်နေတုန်း မိုင်းကွဲသံကြားတာနဲ့ မတ်တပ်ရပ်လိုက်တာလို့တော့ ပြောတယ်၊ အဲ့ဒီမှာ မိုင်းစက ခေါင်းထိပြီး ဆုံးသွားတာလို့ ကြားတယ်၊ လုပ်ချင်တာက တခြား ကြားထဲက ခံရသူကတော့ သေပြီ”လို့ မန္တလေးမြို့ခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်စဥ်ကို ဘယ်အဖွဲ့အစည်းက ဘာကြောင့်လုပ်သလဲဆိုတာကိုတော့ VOM အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

မိုင်းပေါက်ကွဲပြီး နောက်ပိုင်း ဗုံးပေါက်သွားတဲ့နေရာနဲ့ ၃၅လမ်းပေါ်က နေရာအချို့မှာ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးရှေ့ ပေါက်ကွဲမှုဖြစ်စဥ်မှာလည်း လမ်းသွားလမ်းလာ ကားတစီး မိုင်းထိမှန်ပြီး ကားမောင်းသူနဲ့ ကားပေါ်ပါလာသူတချို့ မိုင်းစထိမှန်ဒဏ်ရာတွေ ရရှိတာ ဖြစ်ပွါးခဲ့ပါသေးတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #မန္တလေး #ပေါက်ကွဲမှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW