ရခိုင်မှာ နှစ်ဖက်တပ်တွေ အပစ်ရပ်နဲ့ လက်ရှိမြေပြင်အခြေအနေ

ဒီဇင်ဘာ ၁ – ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်အတွင်း လက်ရှိမြေပြင်အခြေအနေတွေအပေါ် လူတိုင်းက စိတ်ဝင်တစားစောင့်ကြည့်နေကြပြီး တပ်နဲ့ အေအေတို့ နှစ်ဖက် သဘောတူညီချက်နဲ့ အပစ်ရပ်လိုက်တဲ့အပေါ်လည်း ရခိုင်ပြည်သူတွေကြား အမြင်မတူကြပါဘူး။

လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကနေ တစတစပြင်းထန်လာတဲ့ တိုက်ပွဲတွေဟာ ယခင် NLD အစိုးရလက်ထက်နဲ့ လက်ရှိ နစက ကောင်စီလက်ထက် ဆိုတဲ့ မတူညီတဲ့ နိုင်ငံရေးကာလနှစ်ခုကို ဖြတ်သန်းလာတာဖြစ်ပါတယ်။

၂၀၂၁ တနှစ်လုံးနီးပါး ပြည်သူတွေ စစ်ပွဲရပ်ခြင်းနဲ့အတူ လွတ်လပ်စွာခရီးသွားလာခွင့်ဆိုတဲ့ အခြေခံလူ့အခွင့်အရေးကို ခံစားခဲ့ကြရပြီး ပြည်နယ်တဝန်း ပွဲလမ်းသဘင်တွေနဲ့ စည်စည်ကားကားရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အစောပိုင်းလတွေကစလို့ ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်နေတဲ့အနေအထားကို တပ်နဲ့ အေအေတို့ရဲ့ စစ်ရေး၊ နိုင်ငံရေး အားပြိုင်မှုတွေကြောင့် အခြေအနေတွေ တမျိုးတဖုံပြောင်းသွားပြီး အခုလ နိုဝင်ဘာ ဒုတိယပတ်အထိ အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့အတူ နှစ်ဖက်စစ်ရေးတင်းမာခဲ့ကြတာဖြစ်ပါတယ်။

တပ်နဲ့ အေအေနဲ့ တိုက်ပွဲဖြစ်တိုင်းလည်း ကျေးရွာတွေကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် သေဆုံးတာနဲ့ ဒဏ်ရာရတာတွေ ပေါင်းလိုက်ရင် ရာဂဏန်းအထိ ရှိသွားတာတွေ့ရပါတယ်။

တိုက်ပွဲဖြစ်တိုင်း အရပ်သားတွေ ထိခိုက်သေဆုံး ဒဏ်ရာရမှုတွေအပေါ်လည်း ပြည်သူတွေကြား စိုးထိတ်စရာဖြစ်လာပြီး ကျေးလက်နေပြည်သူတွေရဲ့ အသက်တွေဟာ လက်နက်ကြီး၊ မိုင်းအန္တရာယ်တွေကြားထဲမှာ စိတ်မကောင်းဖွယ်ရာ ဆုံးရှုံးသွားကြတာတွေလည်း ရှိခဲ့ပါတယ်။

အဲ့ဒီလို ကျေးလက်နဲ့ မြို့ပြနေလူထုရဲ့ လုံခြုံရေးဆိုးဝါးလှတဲ့ စစ်ရေးပဋိပက္ခကာလကို ရုတ်တရက်နှစ်ဖက်သဘောတူညီချက်နဲ့ ရပ်လိုက်တာကို အမ်းမြို့နယ်က လူမှုရေးလုပ်ဆောင်နေတဲ့ ကိုမျိုးလွင်က “အပစ်ရပ်ထားတာနဲ့ ပတ်သက်ပြီး ဦးခိုင်သုခတို့ ပြောတာကိုကြည့်ရင် သူ့ပြောဆိုချက်အရဆိုရင် အပစ်အခတ်ရပ်တာက ယေဘုယျရပ်ထားတဲ့သဘောပေါ့။ ဆိုတဲ့အခါ အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့သဘော သက်ရောက်မှုရှိတယ်လို့ ယူဆပါတယ်။ ကတိကဝတ် အချိန်အကန့်အသတ်နဲ့ တိုက်ပွဲရပ်တန့်ထားတဲ့ ပုံစံမျိုးမဟုတ်တဲ့အခါ တိုက်ပွဲတွေအချိန်မရွေးပြန်ဖြစ်လာနိုင်တယ်လို့ မြင်မိတယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်သူတွေကြားမှာလည်း အခုလို တိုက်ပွဲတွေရုတ်တရက်ရပ်စဲလိုက်တဲ့အပေါ်ရခိုင်လူထုရဲ့ထောက်ခံမှုတွေကလည်း အရင်ကလို နွေးထွေးစွာနဲ့ ကြိုဆိုတာကို မတွေ့ရပဲ သတိထားပြီး ကြိုဆိုတာတွေ့ရတယ်လို့ သူကဆက်ပြောပါတယ်။

သူပြောတာက “ တဖက်မှာ ကျနော်တို့ တိုက်ပွဲရပ်လိုက်တာကို ပြန်ကြည့်ဖို့လိုပါတယ်။ ရခိုင်လူထုက တိုက်ပွဲရပ်တန့်မှုကိုလိုလားပေမယ့်လည်း စစ်ပွဲရပ်တန့်လိုက်တဲ့အပေါ်မှာ အားမလိုအားမရဖြစ်နေတဲ့ အပိုင်းကိုလည်း ကြည့်ဖို့လိုပါတယ်။” လို့ ပြောပါတယ်။

လက်ရှိမြေပြင်အခြေအနေတွေကရော ဘယ်လိုရှိသလဲ
———————————————–

အပစ်ရပ်လိုက်ပြီးနောက် လက်ရှိမြေပြင်အခြေအနေမှာတော့ ကုန်းလမ်း၊ ရေလမ်း ခရီးတချို့ ပြန်ဖွင့်ပေးလိုက်တာ တွေ့ရပေမယ့် အကန့်အသတ်ရှိတယ်လို့ ဆိုကြပါတယ်။ ရန်ကုန်- စစ်တွေ ကားလမ်းတလျှောက် ဒေသခံတွေ ပုံမှန်သွားလာနေကြတာရှိပေမယ့် ကုန်တင်ကားတွေသွားလာခွင့်ကိုတော့ ကန့်သတ်ထားဆဲလို့ ကျောက်တော်ဒေသခံတဦးက ပြောပါတယ်။

“လောလောဆယ် ကျောက်တော်အပါအဝင် အဝေးပြေးလမ်းမကြီးမှာ ခရီးသည်အသွားအလာတွေကတော့ ပုံမှန်ထက် ပိုတယ်လို့ ပြောရပါမယ်။ ယာဉ်တွေလည်း အသွားအလာများသလို ခရီးသည်တွေလည်း အသွားအလာများပါတယ်။ တရွာနဲ့ တရွာအသွားအလာ အဝင်အထွက်တွေလည်း ရှိကြပါတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး ကုန်တင်ကားအသွားအလာတွေကို ကန့်သတ်ထားတာနဲ့ ပတ်သက်ပြီး သူပြောတာက “ နောက်တခုကတော့ ကျနော်တို့ ကျောက်တော်တပ်မဘက်ကတော့ ကုန်ပစ္စည်းအသွားအလာတွေကို ကန့်သတ်ထားပါသေးတယ်။ အဝေးပြေးလမ်းတလျှောက် ကုန်ကားတွေ ရပ်ထားတာတွေ၊ ကုန်ကားကနေတဆင့် သုံးဘီး၊ ထော်လာဂျီတွေနဲ့ တဆင့် ပစ္စည်းပြောင်းတာကိုလည်း တွေ့ရပါတယ်။ တခြားထားခြားမှုတွေကတော့ သိပ်မရှိပါဘူး။ ပုံမှန်အတိုင်းလို့ပဲ ပြောရပါမယ်။”လို့ ပြောပါတယ်။

ရန်ကုန်၊ မန္တလေးဘက်ကနေလာတဲ့ ကုန်ကားတွေကို ကျောက်တော်မြို့ကို ဖြတ်သန်းခွင့်မရသေးသလို စစ်တွေမြို့ဘက်ကနေ ရန်ကုန်ဘက်ကိုသွားမယ့် ကုန်ကားတွေကို ဖြတ်သန်းခွင့်မပေးသေးဘူးလို့ ထင်မြင်မိကြောင်း ပြောပါတယ်။

မြောက်ဦးမြို့နယ်ဘက်မှာတော့ ကျေးလက်ဒေသခံနဲ့ မြောက်ဦးမြို့ပေါ်ကြား ကူးလူးသွားလာမှုတွေရှိပေမယ့် တပ်ဘက်က စခန်းတွေရှိတဲ့နေရာတွေကို ဖြတ်သန်းသွားလာတဲ့အခါ သတိထားသွားနေရကြောင်း ဒေသခံတဦးက ပြောပါတယ်။

မြောက်ဦးဒေသခံ ဦးသိန်းကျော်မြက “ ဒေသခံတွေကတော့ စားဝတ်နေရေးအတွက် အခြေအနေကြည့်ပြီး သွားလာနေကြရတာပါပဲ။ အဓိကအခြေနေကြည့်ရတာက တိန်ညိုကို သွားတဲ့အခါ သတိထားရတယ်။ မြောက်ဦးမြို့ကို သွားရင် သတိထားရတယ်။ ပေါက်တောပြင်တို့လို စစ်တပ်ရှိတဲ့နေရာတွေမှာ သတိထားသွားလာရတယ်။ အဲဒီလို စိုးရိတ်စိတ်တွေနဲ့ တိမ်းရှောင်သွားလာနေရတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး အဝေးပြေးလမ်းမတလျှောက် ခရီးသည်တင်ယာဉ်တွေ သွားလာတာမတွေ့ရပေမယ့် ကျောက်၊ သဲ တင်တဲ့ကားတွေသွားလာတာတွေရှိကြောင်းနဲ့ ပစ်ခတ်သံတွေမကြားတာက လွဲပြီး အခြေအနေအားလုံးဟာ ထူးထူးခြားခြား မပြောင်းလဲသေးကြောင်း သူကဆက်ပြောပါတယ်။

“နှစ်ဖက်တပ်တွေ စစ်ရေးလှုပ်ရှားမှုတွေကတော့ ပုံမှန်အတိုင်းပါပဲ။ ဦးလေးတို့ရွာပတ်ဝန်းကျင်မှာဆိုရင် အုတ်ဖိုကန်က တပ်အဖွဲ့တွေ၊ သင်းကျိပ်တောင်က အဖွဲ့တွေကတော့ ရွာဘက်ကို ဈေးဝယ်ဖို့ဆင်းတာတွေ၊ ကင်းလှည့်ဖို့ဆင်းတာတွေရှိတယ်”လို့ သူက ပြောပါတယ်။

စစ်တွေခရိုင်အတွင်း မြေပြင်အခြေအနေမှာတော့ စစ်တွေ- ရသေ့တောင် – ဘူးသီးတောင်(မောင်တောခရိုင်) ဘက်သို့ ရွှေပြည်တန် အမြန်ရေယာဉ်လိုင်းတွေ ပြန်လည် ပြေးဆွဲခွင့်ရနေပြီဖြစ်ပေမယ့် ရေချမ်းပြင်- အငူမော်- မောင်တော ကားလမ်းကတော့ အကန့်အသတ်ရှိတာကြောင့် မောင်တောမြို့နယ်ဘက်ကို သွားလာခွင့်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရသေ့တောင်မြို့နယ် မယူကမ်းဒေသ လူမှုကူညီရေးဆောင်ရွက်နေသူတဦးပြောတာက “အပစ်အခတ်တွေကတော့ ရပ်နေပါတယ်။ ကျနော်တို့ ဒီဘက်မှာတော့ ဒေသခံတွေက သွားနေကြတာရှိတယ်။ ဒါပေမယ့် ငါးဖမ်းသမားတွေသွားရင်တော့ ဓာတ်ပုံမှတ်တမ်းယူပြီး ခွင့်ပြုပေးတာရှိတယ်လို့ ပြောတယ်။ မောင်တောဘက်ကိုလည်း ကားဆရာတွေကို မေးကြည့်တော့ သွားလို့မရသေးဘူးလို့ပြောတယ်”လို့ ပြောပါတယ်။

စစ်တွေမြို့နယ်အတွင်းမှာဆိုရင်လည်း စစ်တွေမြို့အထွက် တပ်နယ်ဂိတ်ကို ဖွင့်ပေးတာမရှိသေးကြောင်းနဲ့ ပြန်ဖွင့်ပေးဖို့ မျှော်လင့်နေရတယ်လို့ စစ်တွေ ဒေသခံတဦးက ပြောပါတယ်။

“အဲဒီ ဂိတ်ကတော့မဖွင့်သေးဘူး။ လူတွေသွားလာတာလည်း မတွေ့ရသေးဘူး။ ဒါပေမယ့် နောက်တရက်၊ နှစ်ရက်လောက်ဆိုရင် ပြန်ဖွင့်မယ်လို့ ထင်ပါတယ်”လို့ စစ်တွေ ဒေသခံတဦးက ပြောပါတယ်။

အမ်းမြို့နယ်ဘက်မှာလည်း မြို့အဝင်အထွက်ကို စစ်ဆေးတာရှိနေဆဲဖြစ်ပြီး ယခုရက်ပိုင်းမှာဆိုရင် အရင် စစ်ရေးပဋိပက္ခကာလက စစ်ဆေးမှုလိုမျိုး တင်းကျပ်တဲ့စစ်ဆေးမှုတွေမရှိတော့ပေမယ့် ပြည်သူတွေကတော့ သူတို့(တပ်စစ်ဆေးရေးဂိတ်)ကို အယုံအကြည်မရှိဖြစ်နေကြောင်း ကိုမျိုးလွင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်နဲ့အေအေကြား နှစ်ဖက်သဘောတူညီချက်နဲ့ လူသားချင်းစာနာမှုဆိုင်ရာအပစ်ရပ်ထားတယ်ဆိုတဲ့ စကားရပ်ဟာ အပစ်ရပ်ကာလ ၁ ပတ်ကျော်လောက်ရှိလာပေမယ့် လူသားချင်းစာနာတဲ့ ရုပ်လုံးမပေါ်သေးတာကိုလည်း တွေ့ရကြောင်း ပြည်သူတွေက ထင်မြင်နေကြတယ်လို့ သိရပါတယ်။

ဒေသခံတွေအနေနဲ့ ခရီးသွားလာခွင့်၊ ကုန်စည်လည်ပတ်စီးဆင်းမှုတွေ ပုံမှန်ပြန်ဖြစ်ဖို့ မျှော်လင့်နေကြပေမယ့် အဲဒီလို ပြည်သူတွေရဲ့လွတ်လပ်စွာခရီးသွားလာခွင့်နဲ့ စိုးရိမ်ပူပန်မှုမရှိဘဲ မိမိတို့ရဲ့ရပ်ရွာတွေမှာ နေထိုင်နိုင်ဖို့ကတော့ လက်နက်ကိုင် နှစ်ဖွဲ့လုံးနဲ့ သက်ဆိုင်နေတာတွေ့ရတယ်လို့ ပြောဆိုနေကြတာကိုလည်း တွေ့ရပါတယ်။

#voiceofmyanmar #VOM #ရခိုင်

Related posts

Leave a Comment

VOM News

FREE
VIEW