ကောလင်းမြို့မှာ ဆိုင်ကယ် ၁ စီး ပေါက်ကွဲမှုဖြစ်ပြီး လူ ၂ ဦး သေဆုံး

ဇန်နဝါရီ ၈ ၊၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ကောလင်းမြို့၊ မင်းတဲကြီးကုန်းရပ်ကွက်ထဲမှာ မနေ့ ဇန်နဝါရီ ၇ ရက် မနက်ပိုင်းက ဆိုင်ကယ် ၁ စီး ပေါက်ကွဲမှုဖြစ်ပြီး အဲ့ဒီဆိုင်ကယ်ပေါ်မှာ လိုက်ပါလာတဲ့ လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

“မနက် ၉ နာရီဝန်းကျင်က ဖြစ်တာပါ ၊ ပေါက်ကွဲမှုဖြစ်ပြီး အမည်မသိ အမျိုးသား ၂ ဦးသေတယ် ၊ အဲ့ဒီရုပ်အလောင်းတွေကို ပြည်သူ့ဆေးရုံ ပို့ဆောင်ပေးထားတယ်”လို့ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ကောလင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က “မင်းတဲကြီးရပ်ကွက်ထဲကို မိုင်းလာထောင်နေတယ်လို့ သတင်းရတော့ လုံခြုံရေးအဖွဲ့က အချိန်မီ အရောက်သွားတယ် ၊ အဲ့ဒီမှာ လူ ၂ ဦးက လုံခြုံရေးအဖွဲ့ လာတာကိုမြင်တော့ ဆိုင်ကယ်နဲ့ ထွက်ပြေးတယ် ၊ အဲ့ဒီအချိန် ဆိုင်ကယ်ပေါ်မှာ မိုင်းက ပေါက်ကွဲသွားပြီး ဆိုင်ကယ်ပေါ်က အမည်မသိ လူ ၂ ဦးသေဆုံးသွားတာ”လို့ ပြောပါတယ်။

အဲ့ဒီ လူ ၂ ဦး စီးလာတဲ့ ဆိုင်ကယ်ပေါက်ကွဲမှုဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ကောလင်းမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ၂၀၂၂ နှစ်က ကောလင်းမြို့ပေါ်မှာ ပေါက်ကွဲမှုဖြစ်စဥ် ၄၀ ကျော်ဖြစ်ပွားခဲ့ပြီး ၊ အဲ့ဒီ ပေါက်ကွဲမှုတွေကြောင့် ကောလင်းမြို့နယ် ဒုတိယတွဲဘက်တရားသူကြီး တဦး အပါအဝင် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကောလင်း #ဆိုင်ကယ်ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW