ရွှေစျေး တကျပ်သား သိန်း၂၀အောက် ပြန်ကျမယ့်အခြေအနေမရှိဘူးလို့ ရွှေလုပ်ငန်းရှင်တချို့ သုံးသပ်

ဇန်နဝါရီ ၈ – ၂၀၂၃
VOM (GG)

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ
ပြည်တွင်း ရွှေစျေးနူန်းဟာ တကျပ်သားကို သိန်း ၂၀ အောက် ပြန်လည်ကျဆင်းနိုင်မယ့်အ​အခြေအနေ မရှိ​ဘူးလို့ ရွှေလုပ်ငန်းရှင်အချို့ကသုံးသပ်ပြောဆိုထားပါတယ်။

ဗဟိုဘဏ် ဒေါ်လာငွေလဲလှယ်သတ်မှတ်စျေး တဒေါ်လာ ၂၁၀၀ ကျပ်ဖြစ်နေတာက တကြောင်း၊လက်ရှိမှာ ကမ္ဘာ့ရွှေစျေးကလည်း တက်နေသလို ပြင်ပဒေါ်လာပေါက်စျေးကလည်း ၃၀၀၀ နီးပါး အထိရှိနေတာတွေကြောင့် ပြည်တွင်းရွှေစျေးက အရင်လို စျေးတန်းတခုကို ပြန်ကျနိုင်ဖွယ်မရှိဘူးလို့ ပြောဆိုပါတယ်။

” အရင် တကျပ်သား ၁၈ သိန်း၊၁၉ သိန်း စျေးကတော့ ပြန်မဖြစ်နိုင်သေးဘူး။ဘာလို့ဆို အရင်က တဒေါ်လာ ၁၃၀၀ ၊၁၄၀၀ ရှိတာလေ၊ အခုက ဗဟိုဘဏ် ဒေါ်လာငွေလဲလှယ်သတ်မှတ်စျေးကိုက ၂၁၀၀ ဖြစ်နေတာ”လို့ ရွှေလုပ်ငန်းရှင်တဦးကပြောပါတယ်။

န.စ.က ဘက်ကလည်း ပြည်တွင်းရွှေစျေးကျဆင်းအောင်နဲ့ စျေးကွက်တည်ငြိမ်အောင်ဆိုပြီး ရွှေဒင်္ဂါး
ပြားတွေကို ပြင်ပပေါက်စျေးထက် နှစ်သိန်းခွဲကျပ် လျှော့ချကာ တကျပ်သားပြား ၂၅ သိန်းနူန်းနဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် မနေ့ ဇန်နဝါရီ ၇ ရက် ပြင်ပရွှေစျေးကွက်မှာတော့ အခေါက်ရွှေတကျပ်သားကို ၂၇၅၀၀၀၀ ကျပ်အထိ ပြန်လည်မြင့်တက်သွားတယ်လို့ သိရပါတယ်။

” အခုက ကမ္ဘာ့ရွေစျေးပြန်တက်တယ်လေ။နစကကလည်း စျေးကျအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ထုတ်ရောင်းပေးနေတယ်။ ဒါပေမယ့် စျေးက ဒီထက်ထပ်တက်မလားဆိုတာကတော့ အတိကျပြောဖို့ခက်တယ်။ခန့်မှန်းရခက်တယ်၊ကမ္ဘာ့ရွှေစျေးနဲ့ဒေါ်လာစျေးအတက်ကျအပေါ်မူတည်နေတာကိုး ။” လို့ ရန်ကုနိတိုင်းရွှေလုပ်ငန်းရှင်များအသင်းYGEA အသင်းတာဝန်ရှိသူတဦးက ပြောပါတယ် ။

လက်ရှိမှာ ပြည်တွင်းရွှေစျေးတက်နေတာကြောင့် ရွှေစျေးကွက်အခြေအနေမှာလည်း အရောင်းအဝယ် အေးနေပြီး ရွှေဝယ်သူထက် ရွှေပေါင်နှံသူကပိုများနေတယ်လို့ ရွှေဆိုင်အချို့ဆီက သိရပါတယ်။

” ရွှေဝယ်သူကရှားတယ်။ပေါင်ကြတယ်၊ ရောင်းကြတယ် ဒါတွေကများတယ်”လို့ ရွှေဆိုင်ပိုင်ရှင်တဦးကပြောပါတယ်။

အရင်နှစ်တွေတုန်းကဆိုရင် တောင်သူတွေ သီးနှံပေါ်ချိန်ရာသီရောက်တဲ့အခါ ရွှေဝယ်ယူသူတွေများပြားခဲ့ပေမယ့် အခုနောက်ပိုင်းတော့ သီးနှံထွက်နူန်းလျော့တာတွေ၊ သီးနှံစျေးကောင်းမရတာတွေ၊ အလုပ်အကိုင်အဆင်မပြေတာတွေကြောင့် ရွှေဝယ်ယူသူ နည်းလာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ ၂၀၂၂ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့မှာ ပြည်တွင်းရွှေစျေးနူန်းက အခေါက်ရွှေ တကျပ်သားကို ငွေကျပ် ၃၂ သိန်းနီးပါးအထိ စံချိန်တင် အဆမတန်မြင့်တက်သွားခဲ့ပြီး အမေရိကန်ဒေါ်လာက အမြင့်ဆုံး တဒေါ်လာကို ၃၇၀၀ ကျပ် အထိ မြင့်တက်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ရွှေစျေးနူန်းကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW