သုံးခွမြို့နယ်က ကတုံးပေါ်ရဲစခန်း ဝင်စီးခံရပြီး အသေအပျောက်ရှိတယ်လို့ သိရ

ဇန်နဝါရီ ၈ – ၂၀၂၃
SN (VOM)

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်က ကတုံးပေါ်နယ်မြေရဲစခန်းကို ဒီနေ့ ဇန်နဝါရီ ၈ ရက်နေ့၊ မနက်ပိုင်းက ဝင်ရောက်စီးနင်းခံရတယ်လို့ သိရပါတယ်။

“ဒီနေ့မနက်အစောပိုင်းက လက်နက်ကြီးတွေ ပစ်ခတ်သံကြားရပြီး ဝင်ရောက်စီးနင်းကြတာပါ။ ရဲတွေ အသေအပျောက်ရှိပြီး လက်နက်တွေလည်း ပါသွားတယ်လို့ သိရတယ်။ အပြန်မှာ ရဲစခန်းကိုလည်း မီးရှို့သွားသေးတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

လုံခြုံရေးအဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကတော့ ရဲတပ်သားတဦး သေဆုံးခဲ့ပြီး ရဲတပ်သား (၂)ဦး ဒဏ်ရာတယ်လို့ သိရသလို ဒဏ်ရာရသူတွေကို သုံးခွပြည်သူ့ဆေးရုံ ပိ့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ကြောင့် လတ်တလောမှာ စစ်တပ်က နယ်မြေရဲစခန်း ပတ်ဝန်းကျင်တခုလုံးကို ပိတ်ဆို့ထားပြီး ကျေးရွာတွေက အုပ်ချုပ်ရေးအဖွဲ့တွေကို ခေါ်ယူကာ သံသယရှိသူတွေကို စစ်ဆေးမေးမြန်းနေတဲ့အပြင် ရွာချင်းဆက် လမ်းဆုံလမ်းခွတွေကိုလည်း ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဥ်ကို ရန်ကုန် (ပကဖ) တောင်ပိုင်းခရိုင်ဇုန် (၂) Fire Dragon တပ်ခွဲမှ “နန်းထိုက်အောင်စစ်ဆင်ရေး”အဖြစ် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဲ့ဒီ့ ဖြစ်စဉ်မှာ ရဲ ၃ ဦးသေဆုံးပြီး G3 နှစ်လက်ကိုပါ ရရှိခဲ့တယ်လို့ လူမှုကွန်ယက်မှာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

အဲ့ဒီ ကတုံးပေါ်နယ်မြေရဲစခန်းဟာ ပြီးခဲ့တဲ့ ၂၀ ၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်ကလည်း ခရမ်း PDF ရဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ရဲစခန်းအဆောက်အအုံနဲ့ ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #သုံးခွ #ကတုံးပေါ်ရဲစခန်း #ဝင်စီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW