၂၀၂၂ခုနှစ် အတွင်း နိုင်ငံတဝန်း မီးလောင်မှု (၁၆၀၀)နီးပါးဖြစ်ပွါးခဲ့ပြီး လူ ၉၆ ဦးသေဆုံးခဲ့ရ

ဇန်နဝါရီ ၈ -၂၀၂၃
MM(VOM)

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက် အထိ(၁)နှစ်တာကာလအတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ စုစုပေါင်း မီးလောင်မှု (၁၅၇၀)ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၉၆ ယောက် သေဆုံးကာ ၁၃၉ ယောက်မှာ ထိခိုက် ဒဏ်ရာတွေရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့စရင်းတွေအရ သိရပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ မီးလောင်မှု ၁၅၇၀ အကြိမ် ဖြစ်ပွားခဲ့တဲ့အထဲမှာ ရန်ကုန်တိုင်းက (၂၄၄)ကြိမ်၊ မန္တလေးတိုင်းက (၁၉၄)ကြိမ်၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းက (၁၆၅)ကြိမ်စီ၊ မီးလောင်မှုအနည်းဆုံးအနေနဲ့ နေပြည်တော်က (၃၂)ကြိမ်၊ ချင်းပြည်နယ်က (၁၈)ကြိမ်၊ ကယားပြည်နယ်က (၆)ကြိမ်ဖြစ်ပြီး ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းမှာ မီးလောင်မှု တွေအများဆုံးဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

”ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်း တနိုင်ငံလုံးအနေနဲ့ မီးလောင်မှု ၁၅၇၀ အကြိမ်ဖြစ်ခဲ့တယ် ၊ ရန်ကုန်နဲ့ မန္တလေးမှာ မီးလောင်မှုတွေ အများဆုံးဖြစ်ပွားခဲ့တာ တွေ့ရတယ်၊ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတွေထဲမှာ လျှပ်စစ်မီးကြောင့် (၄၆၂)ကြိမ်နဲ့ အများဆုံးဖြစ်ခဲ့ပါတယ်၊ ဒါ့ကြောင့် လျှပ်စစ်မီးကို အမြဲ သတိနဲ့ အသုံးပြုကြဖို့ ပြောချင်တယ် ၊ မကြာမီ ပွင့်လင်းရာသီရောက်လာတော့မှာဖြစ်လို့ မီးလောင်မှုကြောင့် သေဆုံး ထိခိုက် ပျက်စီးတာ တွေမရှိစေဖို့ ပြည်သူတွေပူးပေါင်း ပါဝင်ဖို့တိုက်တွန်း ချင်တယ်”လို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တယောက်ကပြောပါတယ်။

တနှစ်အတွင်း လျှပ်စစ်မီး (၄၆၂)ကြိမ်ဖြစ်ပွားခဲ့တဲ့အပြင် မီးဖိုမီးကြောင့် (၂၂၉)ကြိမ်၊ ပေါ့ဆမီး (၄၂၈)ကြိမ်၊အလိုအလျောက်မီး (၂၁)ကြိမ်၊ ရှို့မီး (၂၁၉)ကြိမ်၊ တောမီး (၄၄)ကြိမ် နဲ့ မိုးကြိုးပစ် (၇)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် သေဆုံးခဲ့ရသူ ၉၆ ယောက်ထဲမှာ လည်း အမျိုးသားတွေအများဆုံး သေဆုံးခဲ့ရတယ်လို့ သိရပြီး နေအိမ်နဲ့ အခြား အဆောက်အဦ (၃၅၈၀)ခု၊ စက်ရုံ၊ အလုပ်ရုံ (၈)ခုနဲ့ ဂိုဒေါင် (၂၉၆)လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #၂၀၂၂ခုနှစ် #တနိုင်ငံလုံးမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW