မြန်မာ -အိန္ဒိယ နယ်စပ်က CNA ဌာနချုပ် ဗုံးကျဲတိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

ဇန်နဝါရီ ၁၁ -၂၀၂၃
SP (VOM)

ချင်းပြည်နယ် ၊ ထန်တလန်မြို့နယ်၊မြန်မာ – အိန္ဒိယ ၂ နိုင်ငံနယ်စပ်ရှိ Chin National Army ( CNA ) ဌာနချုပ်ကို မနေ့ ဇန်နဝါရီ ၁၀ ရက်နေ့ ညနေပိုင်းက ဗုံးကျဲတိုက်ခိုက်ခံရတာကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရတယ်လို့ ထန်တလန်အခြေစိုက် လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ညနေ ၄ နာရီခွဲ ဝန်းကျင်မှာ Camp Victoria ကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တယ် ၊ သုံးလေးကြိမ်ထက်မနည်း ဗုံးကျဲခံရတယ် ၊ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းကစလို့ Camp Victoria မှာ အခြေပြုတာ မရှိတော့ဘူး ၊ အစောင့်တပ်ခွဲပဲရှိတာ၊ အဲ့ဒီအထဲက ၅ ဦးသေဆုံးပြီး ၂၀ လောက်ဒဏ်ရာရတယ် ၊ သေဆုံးသူတွေကတော့ ဆလိုင်းဗန်ရိုပြန်၊ မိုင်ငွန်လှေပါရ်၊ မိုင်ရွှေလဲန်ပါရ်၊ ဆလိုင်းဒုသင်နဲ့ ဆလိုင်ကီလ်မန် ဖြစ်တယ် ၊ ဒဏ်ရာရသူတွေကို CNA က ထန်တလန်မြို့၊သီးကီရ်းရွာရှိ ဆေးရုံမှာ ဆေးဝါးကုသနေတယ် ၊ တချို့လည်း ဒဏ်ရာပြင်းထန်သူတွေကို အိန္ဒိယနိုင်ငံ၊မိဇိုရ်မ်ပြည်နယ်၊ဆိုင်းဟားမြို့မှာ ကုသမယ် ” လို့ ထန်တလန်မြို့ခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဗုံးကျဲပစ်ခတ်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်တွေပေါ်မှာ ဟန့်တားနှောက်ယှက်တာတွေရှိတယ် ၊ အဲ့ဒါကြောင့် ထန်တလန်နယ်ထဲမှာ နယ်မြေရှင်းလင်းနေတာဖြစ်တယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာကစလို့ ထန်တလန်မြို့ပေါ်က လူနေရပ်ကွက်တွေထဲက ဘာသာရေး အဆောက်အဦတွေ နဲ့ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး အဆောက်အဦပေါင်း တစ်ထောင်ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထန်တလန် #CNAဌာနချုပ်ဗုံးကျဲခံရ #လူငါးဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW