ပခုက္ကူမြို့ပေါ်က ကုန်သည်ပွဲစားတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ မကြာခဏ ပျောက်ဆုံးနေ

ဇန်နဝါရီ ၊ ၁၈ ၊ ၂၀၂၃
SP(VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့ပေါ်က စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ခရိုင်မြို့နယ်ထဲက စီးပွားရေး လုပ်ငန်းရှင်တွေဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ မြို့တွေပေါ်မှာ သွားလာတာမတွေ့ရတော့ဘဲ ပျောက်ဆုံးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

” မြို့ပေါ်က ပွဲရုံလုပ်ငန်းရှင်တွေ ၊ စတိုးဆိုင် လုပ်ငန်းရှင်တွေ ၊ ကုန်သည်ပွဲစားတွေနဲ့ စက်မှုဇုန်ဘက်က လုပ်ငန်းရှင်တွေဟာ မြို့ပေါ်မှာ သွားတာ လာတာ မတွေ့ရတော့ဘူး ၊ ကြားရတာက အဲ့ဒီ လုပ်ငန်းရှင်တွေဟာ သူတို့ဆီကို ဖုန်းကနေတဆင့် SMS ပို့ပြီး ခြိမ်းခြောက်ခံရတာ ၊ အသင်းအဖွဲ့ စည်းတံဆိပ် မပါတဲ့ စာတွေပို့ပြီး ငွေတောင်းခံရတာ ၊ မြို့ပေါ်မှာ လုပ်ငန်းရှင်တချို့ ပြန်ပေးဆွဲ အဖမ်းခံရတာတွေကြောင့် နေရပ်စွန့်ခွာပြီး ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်နဲ့ ပြင်ဦးလွင်လို မြို့ကြီးတွေဆီ ထွက်ပြေးတိမ်းရှောင်ကုန်ကြတာ ၊ အဲ့ဒါကြောင့် သူဌေးအများစု စီးပွားရေးလုပ်ငန်းရှင်တွေကို မြို့ပေါ်မှာ သွားတာ လာတာ မတွေ့ရတော့တာဖြစ်တယ်”လို့ ပခုက္ကူ သီးနှံကုန်စည်ဒိုင်အသင်းဝင် လုပ်ငန်းရှင် တယောက်က ပြောပါတယ်။

ပခုက္ကူမြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်တွေ ထွက်ပြေးတိမ်းရှောင်ကုန်တာနဲ့ ပတ်သက်ပြီး မြို့ခံ ကုန်သည်ပွဲစား တယောက်က ” ပြီးခဲ့တဲ့ရက်ပိုင်း အခုလ ၁၅ ရက်နေ့က ပခုက္ကူ အမှတ် ၉ ရပ်ကွက်နဲ့ ၁၀ ကြားက ဆီစက်နဲ့ ပွဲရုံလုပ်ငန်းရှင် တယောက် ပျောက်ဆုံးနေတယ် ၊ အဲ့ဒီလို မဖြစ်ခင် လပိုင်းအလိုက သူ့ဆီကို ဖုန်း SMS တွေပို့ပြီး အကြိမ်ကြိမ် ခြိမ်းခြောက်ခံရတယ် ၊ စာတွေပို့ပြီး ပိိုက်ဆံတောင်းတယ် ၊ အဲ့ဒါကြောင့် သူတို့မိသားစုဟာ အိမ်မှာ မနေရဲတော့ဘဲ ၊ အိမ်ပေါက်ပိတ်ပြီး နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ သွားပုန်နေတယ် ၊ အဲ့ဒီကနေ ပျောက်သွားတာ ၊ မျက်မြင်တချို့က ပြောတာက ရဲဝတ်စုံနဲ့ သူ့ကိုလာဖမ်းသွားတယ် ၊ ရဲက အတုလား အစစ်လားဆိုတာတော့ မသိဘူး”လို့ ပြောပါတယ်။

အဲ့ဒီလို ပခုက္ကူမြို့ခံ ကုန်သည် ပွဲစားတွေ နေရပ်စွန့်ခွာတာနဲ့ ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ၂၀၂၂ တုန်းက ပခုက္ကူနယ်မှာ ဗိုလ်မှူးဟောင်း ဦးအောင်ထွန်းဆိုသူဟာ လားရှိုးကနေ ပခုက္ကူနေအိမ်ကို ပြန်အလာ လမ်းမှာ ပြန်ပေးဆွဲ အဖမ်းခံရတယ် ၊ သိန်း တစ်ထောင်နဲ့ ပြန်ရွေးရမယ်ဆိုတော့ သူ့မိသားစုက သွားပြန်ရွေးတယ် ၊ အဲ့ဒီအချိန်မှာ ဦးအောင်ထွန်း ဆိုသူကို သတ်ဖြတ်လိုက်တယ် ၊ နောက်ပြီး ပခုက္ကူမြို့ပေါ်က လက်ဖက်နဲ့ အကြော်စုံရောင်းတဲ့ လုပ်ငန်းရှင် အမျိုးသမီး ၁ ဦး ပြန်ပေးဆွဲခံရတယ် ၊ သူ့ကိုတော့ အချိန်မီကယ်တင်နိုင်ခဲ့တယ် ၊အဲ့ဒါတွေကြောင့် ကုန်သည်ပွဲစားတွေက ပခုက္ကူကို စွန့်ခွာတာဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

ပခုက္ကူခရိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၂ တုန်းက ဓားပြမှုဖြစ်စဥ် ၂၀ ကျော် ၊ လူပြန်ပေးဆွဲမှုဖြစ်စဥ် ၅ ကြိမ် ၊ အကြမ်းဖက် သတ်ဖြတ်ခံရမှု ဖြစ်စဥ် ၈၀ ကျော်မှာ သေဆုံးရသူ ၁၄၀ ကျော်အထိ ရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #ကုန်သည်ပွဲစား #စီးပွါးရေးလုပ်ငန်းရှင် #မကြာခဏပျောက်ဆုံးနေ

Related posts

Leave a Comment

VOM News

FREE
VIEW