၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် CMP လုပ်ငန်းတွေကနေ ပြည်ပတင်ပို့မှု ရရှိငွေ ဒေါ်လာ သန်း ၄၀၀၀ကျော် ကျဆင်းသွား

ဇန်နဝါရီ ၁၇ – ၂၀၂၃
GG(VOM)

CMP လက်ခစားစနစ် လုပ်ငန်းတွေကနေ လက်ရှိဘဏ္ဍာနှစ်အတွက် ပြည်ပတင်ပို့မှုရငွေဟာ အမေရိကန်ဒေါ်လာ သန်း ၄၀၀၀ ကျော်ကျသာ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက သိရပါတယ်။

လက်ရှိ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်နေ့ကနေ ဒီဇင်ဘာအထိ ၉ လတာ ကာလအတွင်း CMP လုပ်ငန်းတွေကနေ ပြည်ပတင်ပို့မှုမှ ရရှိငွေဖြစ်ပြီး အရင်နှစ်နဲ့ နှိုင်းယှဥ်ပါက သန်း၄၀၀၀ ကျော်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်တုန်းက CMP လုပ်ငန်းတွေကနေ ပြည်ပတင်ပို့မှုမှ ရရှိငွေဟာ အမေရိကန်ဒေါ်လာ သန်း ၈၂၅၃ ရရှိခဲ့တာဖြစ်ပါတယ်။

” အခုဘဏ္ဍာနှစ်မှာက အမေရိကန်ဒေါ်လာ ၄၀၆၇ သန်း လောက်ပဲဝင်တယ်။အရင်နှစ်နဲ့ယှဥ်ရင် ထက်ဝက်တောင်ကျသွားတာပေါ့။ ကျတာလည်းမပြောနဲ့လေ လုပ်ငန်းမလည်ပတ်နိုင်လို့ စက်ရုံတွေရပ်လိုက်တာတွေတောင်ရှိခဲ့တာ၊နောက်ပြီး လုပ်ငန်းမလည်ပတ်နိုင်လို့ အလုပ်သမားလျှော့တာတွေ အခက်အခဲတွေအများကြီးနဲ့ရပ်တည်နေရတာပါ”လို့ CMP မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဝင် အထည်ချုပ်လုပ်ငန်း​ရှင်တဦးကပြောပါတယ်။

နိုင်ငံရေးအခြေအနေတွေ ၊ ကိုဗစ် ကန့်သတ်ချက်တွေ ၊ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ၊ပစ္စည်းအော်ဒါရရှိမှု နည်းလာတာ စတဲ့အခက်အခဲတွေကြောင့် CMP လုပ်ငန်းတွေ ရပ်တည် လည်ပတ်ဖို့ခက်ခဲလာတာကြောင့် ပြည်ပတင်ပို့မှုလည်းလျော့ကျကာ ဝင်ငွေလည်းလျော့ကျသွားတာဖြစ်တယ်လို့ သိရပါတယ်။

” အရင်ကလို ကုန်သွယ်မှုလည်းကောင်းမယ်၊ လျှပ်စစ်မီးလည်းမှန်မယ်၊ ပြည်ပနိုင်ငံတွေကလည်း အရင်လို အော်ဒါတွေပြန်မှာမယ်၊ ကုန်ကြမ်းတွေလည်း အဆင်ပြေပြေ သွင်းလို့ရမယ်ဆိုရင် ခက်ခဲနေတာတွေနည်းနည်တော့ ပြေလည်မယ်ထင်ပါတယ်။ဒါဆိုရင်တော့ ပြည်ပတင်ပို့မှုလည်းပြန်တက်လာမှာပါ”လို့ နောက်ထပ် အထည်ချုပ်စက်ရုံလုပ်ငန်းရှင်ကပြောပါတယ်။

နိုင်ငံရေး နဲ့ကိုဗစ် အ​ခြေအနေတွေအကြားမှာ CMP စနစ်အထည်ချုပ်လုပ်ငန်း စက်ရုံအချို့ ပိတ်သိမ်းတာရှိခဲ့သလို လုပ်သားအင်အားလျှော့ချလို့ အလုပ်သမားအလုပ်ရှင် ပြဿနာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

လက်ရှိမှာ အထည်ချုပ်စက်ရုံ ၅၀၅ ခု ၊ ဖိနပ်ချုပ်လုပ်ငန်းစက်ရုံ ၄၈ ခု ၊ ဆံပင်တု စက်ရုံ ၈ခု၊ အခြား အိတ်ချုပ်လုပ်ငန်းစက်ရုံဉ အားကစား ဝတ်စုံ၊ ဖိနပ်၊ ခြေအိတ် ချုပ်လုပ်တဲ့ စက်ရုံလုပ်ငန်းတွေပါဝင်တဲ့ စက်ရုံ၊အလုပ်ရုံပေါင်းက ၁၇၇ ရုံ လုပ်ငန်းလည်ပတ်နေတယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းအရပါတယ်။

ပြည်တွင်းက CMP လုပ်ငန်းတွေမှာ ပြည်ပရင်းနှီး မြှုပ်နှံမှုအနေနဲ့ တရုတ် ၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်နိုင်ငံ အပါအဝင် တရုတ်(တိုင်ပေ)ကလည်း လာရောက် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

လက်ခစား CMP စနစ် လုပ်ငန်းဆိုတာဟာ ကုန်ကြမ်းကို ပြည်ပကနေ တင်သွင်းပြီး ကုန်ချောအဖြစ် ပြည်တွင်းမှာ ထုတ်လုပ်ကာ ပြည်ပကို ပြန်လည် တင်ပို့တဲ့စနစ် ဖြစ်ပါတယ်။

#voiceofmyanmar #VOM #CMPလုပ်ငန်း #ပြည်ပတင်ပို့မှုရရှိငွေ #ဒေါ်လာ၄၀၀၀သာရရှိ

Related posts

Leave a Comment

VOM News

FREE
VIEW