မြန်မာနဲ့ တရုတ်နိုင်ငံသားတွေပါ၀င်တဲ့ ထိုင်၀မ်ကုန်တင်သင်္ဘောနစ်မြုပ်မှု ၁၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ကိုးဦး ပျောက်ဆုံးနေ

တိုကျို၊ ဇန်နဝါရီ-၂၅-၂၀၂၃
မျိုးဆက်(VOM)

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ ဆိုးရွားတဲ့ရာသီဥတုကြောင့် နစ်မြုပ်သွားတဲ့ ကုန်တင်သင်္ဘောက အမှုထမ်း ၁၃ ဦးကို ရဟတ်ယာဉ်တွေ သင်္ဘောတွေနဲ့ ကယ်တင်နိုင်ခဲ့ပြီး ကျန် ကိုးဦးကို ရှာဖွေနေဆဲဖြစ်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

တန်ချိန် ၆၆၅၁ အလေးချိန်ရှိတဲ့ ဟောင်ကောင်မှတ်ပုံတင်ထားတဲ့ Jintian အမည်ရကုန်တင်သင်္ဘောဟာ အင်္ဂါနေ့နှောင်းပိုင်းမှာ အရေးပေါ်ဆက်သွယ်မှုပြုခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

သစ်ခွဲသားတွေ တင်ဆောင်ထားတဲ့ အဲဒီသင်္ဘောနစ်မြုပ်ရတဲ့အကြောင်းရင်းကို ချက်ချင်းထုတ်ပြန်ခြင်း မရှိသေးပေမယ့် သင်္ဘောကနေ အကူအညီတောင်းခံတဲ့အချိန် ည ၁၁ နာရီ ၁၅ မိနစ်၀န်ကျင်းမှာ လေးပြင်းတွေ တိုက်ခတ်နေခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

သင်္ဘောဟာ နောက်နေ့မနက် ၂ နာရီ ၄၆ မိနစ်မှာ နစ်မြုပ်သွားခဲ့တယ်လို့ အနီးအနားမှာရှိတဲ့ သင်္ဘောကအမှုထမ်းတွေကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြထားပါတယ်။

နစ်မြုပ်သွားတဲ့ ဟောင်ကောင်သင်္ဘောပေါ်က အမှုထမ်းတွေအားလုံးဟာ မြန်မာနဲ့ တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

သင်္ဘောနစ်မြုပ်တဲ့နေရာဟာ ဆိုးရွားတဲ့ရာသီဥတုအခြေအနေကြောင့် လေယာဉ်ခရီးစဉ်ရာပေါင်းများစွာကို ဖျက်သိမ်းခဲ့ရတဲ့ ဂျပန်နိုင်ငံ နာဂါဆာကီနဲ့ တောင်ကိုရီးယား ဂျယ်ဂျူကျွန်း အကြားဒေသမှာဖြစ်ပါတယ်။

Ref: Reuters
Photo:Reuters
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW